တန်ဆောင်းများ

တန်ဆောင်းများ

ဒေါ်ဦးဇရပ်တန်ဆောင်း

ယခင်ဒေါ်ဦးဇရပ်နေရာတွင် ဇရပ်အသစ်တစ်ဆောင်ကို ဆောက်လုပ်ခဲ့ရာ မြန်မာမှုသစ်သားပန်း များဖြင့် မွမ်းမံခြင်းအတွက် စုစုပေါင်းတန်ဖိုးငွေကျပ်(၇၇၄၁၂၆၉ိ/.) ခုနှစ်ဆယ့်ခုနှစ်သိန်းလေးသောင်း တစ်ထောင့်နှစ်ရာခြောက်ဆယ့်ကိုးတိတိ ကုန်ကျပါသည်။ (၁၃၆၁)ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၄)ရက်   (၂-၄-၂၀၀၀)နေ့တွင် ပြီးစီးပါသည်။ ဘုရားဖူးများခေတ္တနားနေ၍ လွတ်လပ်စွာနေနိုင်ရန်ရည်ရွယ်ပြီး ဇရပ်အတွင်းရုပ်ပွားတော်များ ပူဇော်ထားခြင်းမပြုဘဲ အနောက်ဘက်၊ တောင်ဘက်နှင့်မြောက်ဘက်နံရံများ၏ အပေါ်ဘက်တွင် အောင်ခြင်းရှစ်ပါးသရုပ်ဖော် ဆီဆေးပန်းချီကားချပ်ကြီးများ ချိတ်ဆွဲပြသထားပါသည်။

ကြေးဆင်းတုတန်ဆောင်း(ဒေါ်စောရှင်တန်ဆောင်း)

စေတီတော်၏တောင်ဘက်ရှိ သိန်းဆုရှင်ဒေါ်စောရှင်တန်ဆောင်းနှင့် ဦးဘကြွယ်+ဒေါ်ဒေါ်သိန်း တို့၏ ဓမ္မာရုံဟောင်းတို့မှာ မူလအလှူရှင်များမှ ပြန်လည်ပြုပြင်တည်ဆောက်ခြင်း မပြုကြတော့သည့် အတွက် တန်ဆောင်းအသစ်ကိုဆောက်လုပ်ခဲ့ရာ (၁၃၅၉)ခုနှစ်၊ တပေါင်းလဆန်း(၆)ရက် (၃-၃-၁၉၉၇) နေ့တွင် ပြီးစီး ပါသည်။ ယင်းတန်ဆောင်းအတွင်း၌ တရားဦးဓမ္မစကြာဟောကြားတော်မူဟန် ကြေးဆင်းတုရုပ်ပွားတော် တစ်ဆူကို ပူဇော်ထားသဖြင့် ကြေးဆင်းတုတန်ဆောင်းဟု ခေါ်တွင်ကြပါသည်။ ကြေးဆင်းတုတော်တွင် ပလ္လင်တံကဲတော်တို့ကို ဂန္ဓကုဋိတိုက်အဖြစ် မှန်ကာရံပြီး မြန်မာမှုကျွန်းပန်းတို့ကို မင်္ဂလာဒုံမြို့နယ် ဆလအ(၉၆၀) မှ ဗိုလ်မှူးခင်မောင်ဇော်+ဒေါ်တင်အေးခိုင်မိသားစုတို့က တပ်ဆင်လှူဒါန်းပူဇော်ပါသည်။ ရန်ကုန်မြို့နေ ကာတွန်းဆရာကြီးဦးအောင်ရှိန်+ဒေါ်ကျင်ယုံမိသားစုတို့က လှူဒါန်းသည့်လက်ယာ လက်တော်မှ ဘေးအန္တရာယ်အသွယ်သွယ်တို့ကို ကာကွယ်ပေးမည့်ဟန် “အဘယမုဒြာ”မတ်ရပ်ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူနှင့်လက်ဝဲတော်မှ ကြင်နာသနားကရုဏာထားဟန် ”မဟာကရုဏာမုဒြာ” မတ်ရပ် ဗုဒ္ဓရုပ်ပွားတစ်ဆူတို့ကိုလည်း ဂန္ဓကုဋိတိုက်အတွင်းဝယ် ကြည်ညိုဖွယ်ရာဖူးတွေ့နိုင်ပြီး ငါးစပ်ဘုရား ရုပ်ပွားတော်မြတ်တွင် တင်လှူပူဇော်ခဲ့သည်။ မူလမကိုဋ်တော်နှင့်စလွယ်တော်တို့ကို ဂန္ဓကုဋိတိုက် အတွင်း ထားရှိအပူဇော်ခံထားလျက် ရှိပါသည်။ တန်ဆောင်းအတွင်းနံရံထက်တို့တွင် (၂၉-၅-၁၉၉၂) ခုနှစ် ကရေးဆွဲထားသည့် ကောသလမင်းအိမ်မက်(၁၆)ချက် သရုပ်ဖော်ဟန်ပန်းချီကား ချိတ်ဆွဲထားသည်ကို တွေ့မြင်နိုင်ပါသည်။

ဆုတောင်းပြည့်လာဘမုနိအာရုံခံတန်ဆောင်း

ယခင်လက်ရာဖြင့် တည်ဆောက်ခဲ့သည့် မယ်တော်ဆောင်ကိုဖျက်၍ မြန်မာ့ရိုးရာ ယဥ်ကျေးမှုလက်ရာ သစ်ထွင်းကနုတ်ပန်းများဖြင့် အသစ်ပြန်လည်တည်ဆောက်ခဲ့ပါသည်။ ကုန်ကျငွေ ကျပ် (၄၀၂၅၉၂၂/.) သိန်းလေးဆယ်နှင့်နှစ်သောင်းငါးထောင်ကိုးရာ့နှစ်ဆယ့်နှစ်ကျပ်တိတိ ကုန်ကျ ပါသည်။ (၁၃၅၉)ခုနှစ်၊ ကဆုန်လပြည့်ကျော်(၉)ရက်၊ (၃၀-၅-၁၉၉၇) သောကြာနေ့တွင် ပြီးစီးပါသည်။ တန်ဆောင်းအတွင်းတွင် ဆုတောင်းပြည့်လာဘမုနိဘုရားနှင့် ကျောက်တန်းမြို့ဆရာမကြီး ဒေါ်တင်တင်နွယ်လှူဒါန်းသည့် ရှင်သီဝလိမထေရ်ရုပ်ပွားတော်၊ ရှင်ဗာကုလရုပ်ပွားတော်တို့ကို ပူဇော်ထားရှိ ပါသည်။ နှစ်ဖက်မိဘများကို အမှူးထား၍ ဗိုလ်မှူးကြီးစိုးရှိန်+ဒေါ်အေးအေးစန်း၊ သားမောင်ရန်ပိုင်ဟိန်းမိသားစုတို့က ရုပ်ပွားတော်များကိန်းဝပ်ရန် အလူမီနီယံဘောင်ဖြင့် ဂန္ဓကုဋိတိုက် ပြုလုပ်လှူဒါန်းထားပါသည်။

ဆုတောင်းပြည့်ငါးစပ်ဘုရားအာရုံခံတန်ဆောင်း

သက္ကရာဇ်(၁၃၁၈)ခုနှစ်တွင် ဘုရားဖူးလာပါရမီရှင်များ၏ လှူဒါန်းမှုအစုစုဖြင့် စေတီတော် အရှေ့ဘက်အာရုံခံငါးစပ်ဘုရားတန်ဆောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ပြီးနောက် ကျောက်တန်းမြို့ အရှေ့ပိုင်းကမ်းနားလမ်း မြန်မာ့စည်းရုံးရေးစာပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်ညီမကြီးနှင့်ဒေါ်စိန်တို့က ငါးစပ်ဘုရား  တန်ဆောင်းတစ်ဆောင်နှင့် အပေါ်ထပ်တောင်ဘက်နှင့် မြောက်ဘက်ဘုံဆောင်တို့တွင် ဘုံဆင့် မုခ်ပေါက်များပြုလုပ်၍ မတ်ရပ်ရုပ်ပွားတော်နှစ်ဆူတို့ကို ဆည်ဝန်ထောက်မောင်ကျော်မြင့်က တစ်ဆူ၊ မအေးကြည်၊ မစိုးကြည်၊ မညီမ၊ မစန်းမြင့်တို့က တစ်ဆူ အရှေ့ဘက်မတ်ရပ်ရုပ်ပွားတော်မှာ ဘုရားဒါယကာဦးဘထွန်း+ဒေါ်ဒေါ်သက်တို့က လှူဒါန်းပူဇော်ခဲ့ကြပါသည်။ “ဆုတောင်းပြည့်ငါးစပ်ဘုရားအာရုံခံတန်ဆောင်း”မှာ ပျက်စီးယိုယွင်းလာသည့်အတွက် (၁၃၅၆) ခုနှစ်၊ သီတင်းကျွတ်လဆန်း(၇)ရက်၊ (၁၀-၁၁-၁၉၉၄)နေ့တွင် သြဝါဒါဆရာတော်ကြီးများ၏ သြဝါဒနှင့် အညီ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၁)ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဝန်ကြီး၊ ဒုဝန်ကြီးများ၊ တန်ဆောင်းဒါယကာအလှူရှင်ဦးအောင်ဒင်နှင့် (၇)ရက်သားသမီးများက ရတနာ အုတ်မြစ်ချစတင်ဆောက်လုပ်ခဲ့ပြီး တန်ဆောင်းအဆောက်အဦးနှင့် မြန်မာမှုကျွန်းကနုတ်ပန်း တပ်ဆင် ခြင်းအတွက် ကုန်ကျငွေ (၁၁၁)သိန်းကို  (၁၃၅၈)ခုနှစ်၊ ကဆုန်လပြည့်ကျော်(၃)ရက် (၄-၅-၁၉၉၆)စနေ နေ့တွင် တန်ဆောင်းဒါယကာ ကချင်ပြည်နယ်ဖားကန့်မြို့နေ ဦးအောင်ဒင်+ဒေါ်ကြည်သန်းနှင့် သားသမီး များဖြစ်ကြသော  မစန်းစန်းမြင့်၊ မောင်စိုးဝင်း၊  မောင်ထွန်းထွန်း၊ မသန်းမြ၊ မမြင့်မြင့်ဦး၊ မအေးသန်း၊ မောင်ဝင်းထိန်၊ မမော်မော်လွင်၊ မောင်ကျော်ကိုကို၊ မချောစုတို့မှ ရေစက်သွန်းချလှူဒါန်းခဲ့ပါသည်။

ဗုဒ္ဓသန္တကရက္ခိတတန်ဆောင်းတော်

ယခင်က ဦးကျင်ခဲ+ဒေါ်ယုံဇရပ်မှာ ပျက်စီးယိုယွင်းလာသည့်အတွက် အသစ်ပြန်လည်တည် ဆောက်ခဲ့ရာ (၁၃၅၉)ခုနှစ်၊ တပေါင်းလဆန်း(၆)ရက် (၃-၃-၁၉၉၈)နေ့တွင် ပြီးစီးပါသည်။ ကုန်ကျငွေ (၁၁၀၃၆၀၂/.) တစ်ဆယ့်တစ်သိန်းသုံးထောင့်ခြောက်ရာ့နှစ်ကျပ်တိတိကို နှစ်ဖက်မိဘများအမှူးထား၍ ရန်ကုန်မြို့ ကျောက်မြောင်းနေ ဦးသန်းမြင့်+ဒေါ်ကြူကြူ၊ သမီးမဖူးပြည့်စုံ၊ ဦးတိုးနိုင်+ဒေါ်အုန်းကြည်၊ သမီး-မသန့်သဇင်နိုင်မိသားစုတို့က လှူဒါန်းခဲ့ပါသည်။ အဆိုပါဇရပ်တွင် ဂေါပကရုံးခန်းဖွင့်လှစ်အသုံးပြု ခဲ့ပြီး (၁၃၈၄)ခုနှစ်၊ တော်သလင်းလဆန်း(၅)ရက်၊ (၃၀-၈-၂၀၂၂)နေ့တွင် အသစ်တစ်ဖန် ပြန်လည်တည် ဆောက်ခဲ့ရာ တန်ဖိုးငွေကျပ်သိန်း(၆၅၀)ခြောက်ရာ့ငါးဆယ်ကျပ်တိတိ ကုန်ကျခဲ့ပါသည်။ သြဝါဒါစရိယ ဆရာတော်ကြီးများမှ ဗုဒ္ဓသန္တကရက္ခိတတန်ဆောင်းတော်ဟု အမည်ပေးခဲ့၍ ကျောက်တန်းမြို့ အလယ်ပိုင်းရပ်ကွက်၊ မင်းလမ်းနေ မိဘများဖြစ်သော ဦးပါ+ဒေါ်သောင်းမေ တို့အားရည်စူး၍ ဆရာမကြီး ဒေါ်တင်တင်နွယ်မှ တစ်ဦးတည်းတန်ဆောင်းဒါယိကာမအဖြစ် လှူဒါန်းခဲ့ပါသည်။

ဆုတောင်းပြည့် အောင်မောင်း

(၄-၁-၂၀၁၂)က မြိုင်ကြီးငူဆရာတော်(မေတ္တာလင်းမြိုင်၊ မြဝတီ)မှလှူဒါန်းထားသော ကြေးပိဿာချိန်(၂၀)၊ အချင်း‌(၆ပေ၈လက်မ) တန်ဖိုးငွေကျပ်သိန်း(၂၀) ဆုတောင်းပြည့် အောင်မောင်း ဖြစ်ပါသည်။

ရင်ပြင်တော်ပေါ်ရှိ တစ်ကောင်တည်းသောရွှေခြင်္သေ့

မြန်မာနိုင်ငံရှိ စေတီမုခ်ဦးလှေကြားထိပ် သို့မဟုတ် စောင်းတန်းထပ်တို့တွင် ခြင်္သေ့ဖိုမရုပ်ထုများ ထုလုပ်လေ့ရှိကြသော်လည်း ကျိုက်မှော်ဝန်းရေလယ်စေတီတော် ဘုရားဒါယကာဦးဘထွန်းနှင့် ဇနီးဒေါ်ဒေါ်သက်တို့ စေတီတော်ကို ပြန်လည်တည်ထားကိုးကွယ်စဥ်က အနောက်ဘက်ဦးစွန်ရေခွဲ သင်္ဘောဦးချွန်းထိပ်သဏ္ဍာန်ပြုလုပ်၍ (ရေလမ်းပြအထိမ်းအမှတ်အဖြစ်) ခြင်္သေ့ရုပ်ထု ထုလုပ်ထားရှိခဲ့ရာ ဂေါပကအဖွဲ့အဆက်ဆက်ကုန်းတော်တည်ငြိမ်ရန် ကျောက်များချပြီး တဖြည်းဖြည်းတိုးချဲ့လာသည့်အခါ အဆိုပါခြင်္သေ့ရုပ်ထုမှာ ယခုမြင်တွေ့ရသည့် ရင်ပြင်တော်အလယ်တွင် တစ်ကောင်တည်းတည်ရှိနေခြင်း မူလခြင်္သေ့ရုပ်ထုကိုငုံပြီး မျက်မြင်အရွယ်အစားအနေအထားသို့ ပြုလုပ်မွမ်းမံခဲ့ပါသည်။ နှစ်တစ်ရာကျော် တစ်ကောင်တည်းရွှေခြင်္သေ့မှာ ထူးခြားသော ပြရုပ်တစ်ခုဖြစ်ပါသည်။