ဘုရားစေတီများ

ဘုရားစေတီများ

ပရိဝုဏ်အတွင်းဖူးမြော်လေ့လာရမည့်နေရာများ

ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်သို့ ဖူးမြော်ရန်ရောက်ရှိလာသည်နှင့် ကျောက်တန်းမြို့ မှော်ဝန်းချောင်းမြို့ဘက်ကမ်းရှိ စေတီတော်ဝတ္တကမြေအတွင်းရှိ မုခ်ဦးအတွင်း ဆယ်သိန်းတန်ဘုရားတန်ဆောင်းအတွင်း ကိန်းဝပ်စံပယ်လျှက်ရှိသော ကျွန်းသစ်သားဖြင့် ထုလုပ်ပူဇော် ထားသော နဂါး(၇)ကောင်နဂါးရုံရုပ်ပွားတော်ကို ဦးစွာဖူး‌မြော်၍ ရေဆင်းတံတားစက်လှေဆိပ် ရောက် သည်နှင့်တစ်ပြိုင်နက် သန့်ရှင်းလတ်ဆတ်သောလေရှုရှိုက်ခံစားရပြီး စက်လှေစက်သမ္ဗာန်များစီး၍ စေတီတော်ကုန်းပေါ်သို့ ရောက်ရှိပြီး ရွှေရောင်ဝင်းဝါတင့်တယ်လှသည့် ဥာဏ်တော်အမြင့်(၅၁)ပေရှိ နှစ်သက်တမ်း‌(၂၃၃၁) ရှိပြီဖြစ်သည့် ရှေးဟောင်းသမိုင်းဝင်ကျိုက်မှော်ဝန်းစေတီတော်ကို မြောက်ဘက် ရေဆင်းတံတားမှ တက်ရောက်၍ လက်ယာရစ်ဖူးမြော်မည်ဆိုပါက-

  • စေတီတော်မြောက်ဘက်ဒေဝယက္ခညီနောင်မုခ်ဦး၊
  • စေတီတော်အနောက်ဘက် လိုဏ်ပေါက် မြတ်ဗုဒ္ဓကျောက်ဆင်းတုဘုရား၊
  • စေတီတော်မြောက်ဘက် လိုဏ်ပေါက် မြတ်ဗုဒ္ဓကျောက်ဆင်းတုဘုရား(၃)ဆူ၊
  • စေတီတော်အရှေ့ဘက် လိုဏ်ပေါက် မြတ်ဗုဒ္ဓကျောက်ဆင်းတုဘုရား၊
  • စေတီတော်တောင်ဘက်လိုဏ်ပေါက် မြတ်ဗုဒ္ဓကျောက်ဆင်းတုဘုရား(၃)ဆူ၊
  • ငါးစပ်ဘုရားတန်ဆောင်းနှင့်ဆုတောင်းပြည့်ငါးစပ်ဘုရား၊ ရွှေစင်ရွှေသားဗုဒ္ဓဆင်းတုတစ်ဆူ၊ ပဥ္စလောဟာရုပ်ပွားတော်နှင့် ဆုတောင်းပြည့်ရွှေသိမ်တော်ဘုရား၊ ပျူခေတ်နှောင်းဘုရားများ၊
  • (၄-၁-၂၀၁၂)က မြိုင်ကြီးငူဆရာတော်(မေတ္တာလင်းမြိုင်၊ မြဝတီ)လှူုဒါန်းထားသော ကြေးပိဿာချိန်(၂၀)၊ အချင်း‌(၆ပေ၈လက်မ) တန်ဖိုးငွေကျပ်သိန်း(၂၀) ဆုတောင်းပြည့် အောင်မောင်း၊
  • အရှေ့ဘက်မုခ်ဦးရေဆင်းတံတား၊
  • ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်စံကျောင်းတော်၊
  • ကြေးဆင်းတုတန်ဆောင်းနှင့် ကြေးသွန်းရုပ်ပွားတော်ဘုရား၊ နှစ်တစ်ရာကျော်ဗုဒ္ဓမတ်ရပ် ရုပ်ပွားတော်မြတ်(၂)ဆူ
  • ဗုဒ္ဓသန္တကရက္ခိတတန်ဆောင်း(ဘဏ္ဍာတော်ထိန်းဂေါပကရုံး)၊
  • လာဘမုနိအာရုံခံတန်ဆောင်း၊ ဆုတောင်းပြည့်လာဘမုနိကျောက်ဆင်းတုဘုရား၊ ရှင်သီဝလိ ရဟန္တာမထေရ်နှင့် ရှင်ဗာကုလရဟန္တာမထေရ်၊
  • မြန်မာမှုများနှင့် ဒေါ်ဦးဇရပ်၊
  • တိုးချဲ့ပတ်လမ်းနှင့် ရာပြည့်ဆင်းတုတော်ဂန္ဓကုဋိတိုက်၊
  • ဆုတောင်းပြည့်နဂါးရုံဘုရားနှင့်လျှောက်လမ်း၊
  • လိုရာဆုတောင်းဘိုးတော်မယ်တော်တန်ဆောင်း၊
  • အဓိဌာန်အောင်ဆုတောင်းပြည့်အောင်မြေ၊
  • နှစ်တစ်ရာကျော်ရွှေခြင်္သေ့နှင့်တံခွန်တိုင်၊
  • ဆုတောင်းပြည့်အောင်မောင်း၊ ထိုးစည်နှင့်ကြေးစည်၊
  • (၁၃၁၈)ခုနှစ်ကလှူဒါန်းသည့် ကြေးပိဿာချိန်(၁၀၁)ပိဿာနှင့် (၁၃၆၁)ခုနှစ်က လှူဒါန်းထား သည့် ကြေးပိဿာချိန်(၁၂၅)ပိဿာရှိ ဆုတောင်းပြည့်ခေါင်းလောင်းတော်များ
  • လိုရာဆန္ဒပြုဖူးမြော်အောင်မြေတော်

ဆုတောင်းပြည့်ငါးစပ်ဘုရား

ဆုတောင်းပြည့်ငါးစပ်ဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်မှာ လွန်ခဲ့သောနှစ်ပေါင်း(၁၅၀)ကျော်ကာလ မြန်မာသက္ကရာဇ်(၁၂၁၈)ခုနှစ်တွင် ကျောက်တန်းမြို့နယ်၊ မင်္ဂလွန်းကျေးရွာ အရှေ့ဘုန်းတော်ကြီးကျောင်း ၌ ပူဇော်ထားပြီး (၁၃၀၀)ပြည့်နှစ်မှစ၍ ကျိုက်မှော်ဝန်းရေလယ်စေတီတော်သို့ပင့်ဆောင်၍ ပြောင်းရွှေ့ ကိန်းဝပ်စံပယ်တော်မူခဲ့ပါသည်။ ရုပ်ပွားတော်မြတ်၏ ကိုယ်လုံးတော်ကျွန်းသစ်ဖြင့် ထုလုပ်ထားပြီး ဦးခေါင်းတော်၊ လက်ဖဝါးတော်နှစ်ဖက်၊ ခြေဖဝါးတော်နှစ်ဖက်တို့ကို စကျင်ကျောက်သားဖြင့် ထုလုပ် ပူဇော်၍ စကျင်ကျောက်သားငါးခုပေါင်းစပ်ပြီး ငါးမျိုးဆက်စပ်ပူဇော်ထားခြင်းကြောင့် “ငါးစပ်ဘုရား”ဟု ဘွဲ့တော်ကမ္ဗည်းတင်ရခြင်း ဖြစ်ပါသည်။

ရွှေစင်ရွှေသားမကိုဋ်တော်၊ သင်းကျစ်တော်၊ စလွယ်တော်

ဆုတောင်းပြည့်ငါးစပ်ဘုရားရုပ်ပွားတော်မြတ်အား ရွှေစင်ရွှေသားနှင့်ကျောက်မျက်ရတနာများ စီခြယ် ထားသော မကိုဋ်တော်၊ သင်းကျစ်တော်၊ နားကပ်နားပန်းတော်၊ လယ်တုန်ဘယက်တော်၊ တဘက်ပုဝါတော်၊ စလွယ်တော်၊ ဒူးထောင်တော်များကို ရွှေချိန်ငါးပိဿာကျော်(၅၁၂-၀၂၁/၂ကျပ်သား)နှင့် ရတနာကျောက် မျိုးစုံတို့ ဖြင့် သတ္ထုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းမှပညာရှင်များက လက်ရာမြောက်စွာပြုလုပ်ပေးခဲ့ပြီး (၁၃၆၃)ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၁)ရက်(၁၀-၃-၂၀၀၂)ရက်နေ့တွင် တန်ဖိုးငွေကျပ် (၅၇၇.၂၃၄၈ိ/.)သိန်းနှင့် နဝရတ်ကိုးပါးရတနာများ အတွက် တန်ဖိုးငွေကျပ်(၅၉၅၁၅၁ိ/.)ကို ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်ဇနီးဒေါက်တာဒေါ်ခင်ဝင်းရွှေ မိသားစုက လှူဒါန်းပူဇော်ခဲ့ကြပြီး အလွန်ကြည်ညိုသပ္ပါယ်စွာဖူးမြော် ပူဇော်နိုင်ပါသည်။

နဂါးရုံဗုဒ္ဓရုပ်ပွားတော်(စေတီတော်အနောက်တောင်ဘက်)

စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် သာသနိကအဆောက်အဦးများဖြင့် ပြည့်လျက်ရှိ နေပြီး နောက်ထပ် စေတီပုထိုးရုပ်ပွားတော်များတည်ထားရန် အခြေအနေမပေးသည့်အတွက် ကုန်းတော် ၏ အနောက်တောင်ဘက်ထောင့်ရေပြင်ထက်တွင် လျှောက်လမ်းဖြင့်တိုးချဲ့၍ နဂါးရုံဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို(၁၃၈၁)ခုနှစ်၊ ဝါခေါင်လဆန်း(၂)ရက်၊ (၂-၈-၂၀၁၉)နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၃၈၂) ခုနှစ်၊ နယုန်လကွယ်(၁၉-၆-၂၀၂၀)ရက်နေ့တွင် နဂါးရုံဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် လျှောက်လမ်းတို့ကို  မတည်အလှူရှင်များနှင့် ပြည်တွင်းပြည်ပဘုရားဖူးများ၊ မြို့နယ်အတွင်းအလှူရှင်များဖြင့်စုပေါင်း၍ လှူ ဒါန်းပူဇော်ခဲ့ကြပါသည်။

စေတီတော်အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်၊ တောင်ဘက် ဂန္ဓကုဋိတိုက်များ

သက္ကရာဇ် (၁၃၃၄)ခုနှစ် – (၁၉၇၂)ခုနှစ်တွင် စေတီတော်ဂန္ဓကုဋိတိုက်၏တောင်ဘက်နှင့် မြောက်ဘက်တို့တွင် အလျား(၄၂)ပေ၊ အနံ(၁၂)ပေရှိ အာရုံခံမုခ်နှစ်ခုတို့ကို ပြုလုပ်သည်။ ပထမပစ္စယာ အထိ (၉)ပေအမြင့်ညီစွာပြုလုပ်ပြီး ထောင့်လေးထောာင့်တို့တွင် အရံစေတီလေးဆူကို တည်ထားသည်။ စေတီတော်မြောက်ဘက် အာရုံခံမုခ်အပေါ်နဖူးစည်းတွင် ကျောက်တန်းမြို့ဘက်ကမ်းမှ လှမ်းမျှော်ဖူးမြင် နိုင်ရန် “ကျိုက်မှော်ဝန်းရေလယ်စေတီတော်” ဟု ကမ္ဗည်းရေးထိုးထားရှိပါသည်။

ရာပြည့်ဂန္ဓကုဋိတိုက်ဗုဒ္ဓရုပ်ပွားကျောက်ဆင်းတုတော်

ကောဇာသက္ကရာဇ်(၁၃၈၄)ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၁)ရက်၊ (၅-၁၀-၂၀၂၂) ဗုဒ္ဓဟူးနေ့တွင် စေတီတော်မြတ်ကြီး၏တောင်ဘက် တိုးချဲ့လျှောက်လမ်းနားနေဆောင် အရှေ့ဘက်ထိပ်တွင် ရန်ကုန်မြို့ မှ ဆရာမကြီးဒေါ်နှင်းဝေဦးဆောင်သော ရာပြည့်ကုသိုလ်ပြုအဖွဲ့မှ ရာပြည့်မှန်ဂန္ဓကုဋိတိုက်နှင့်ဂန္ဓကုဋိ တိုက်အတွင်းတည်ထားကိုးကွယ်ရန် ဥာဏ်တော်“၃ပေ”ရှိသော ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်မြတ်တို့ ကို အလှူငွေကျပ် (၅၀၉၇၀၀၀၀ိ/.) ငါးရာ့ကိုးသိန်းခုနှစ်သောင်းကျပ်တိတိဖြင့် လှူဒါန်းပူဇော်ခဲ့ပါသည်။ စေတီတော်မြတ်ကြီးတွင်ယခင်တင်လှူပူဇော်ခဲ့သည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကိုလည်း ရာပြည့်ဂန္ဓကုဋိတိုက်အတွင်းတွင် ထားရှိအပူဇော်ခံထားလျက်ရှိပါသည်။

ရွှေစင်ရွှေသား ဗုဒ္ဓဆင်းတုရုပ်ပွားတော်

ရွှေစင်ရွှေသားဗုဒ္ဓရုပ်ပွားတော်ကို ပြည်တွင်းပြည်ပဘုရားဖူးများ လှူဒါန်းထားသည့် ရွှေထည် လက်ဝတ်ရတနာများကို အလှူရှင်များ ကြည်ညိုသဒ္ဒါပွားများနိုင်ရန် ဆုတောင်းပြည့်ငါးစပ်ဗုဒ္ဓရုပ်ပွား တော်တွင် ပူဇော်ထားရှိရာမှ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများ၏ သြဝါဒခံယူ၍ ကမ္ဘာသူ ကမ္ဘာသား၊ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများနှင့် ကျောက်တန်းမြို့သူမြို့သား ဘုရားဖူးဧည့်သည်များ ဘေးဘရာဝေးကွာအန္တရာယ်ကင်းပျောက်၊ အေးချမ်းသောကျန်းမာချမ်းသာယာရေးအတွက် ပြည်တွင်းပြည်ပဘုရားဖူး ဧည့်သည်များနှင့် ကျောက်တန်းမြို့အလှူရှင်များလှူဒါန်းထားသော ရွှေထည်လက်ဝတ်ရတနာများဖြင့် “အဘယမုဒြာ” ရွှေစင်ရွှေသားဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို အောင်သမာဓိရွှေဆိုင်တွင် အပ်နှံ၍ (၂-၂-၂၀၂၃) ရက်နေ့တွင် စတင်သွန်းလောင်းခဲ့ပြီး (၁၇-၆-၂၀၂၄)ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။ ဉာဏ်တော်၁၂” စမတ်ခံ၅”၊ ရွှေစင်ရွှေသားအလေးချိန် (၁၅၆ကျပ်သား၊ ၆ပဲ၊ ၂.၇၅ရွေး၊ စုစုပေါင်း တန်ဖိုး ကျပ်(၆၉၁၁၇၄၆၂၄) ခြောက်ထောင့်ကိုးရာ တစ်ဆယ် တစ်သိန်း ခုနှစ်သောင်း လေးထောင့်ခြောက်ရာ နှစ်ဆယ့်လေး တိတိ ဖြစ်ပါသည်။

ဆုတောင်းပြည့်ရွှေသိမ်တော် ဗုဒ္ဓရုပ်ပွားတော်

ဆုတောင်းပြည့်ရွှေသိမ်တော်ဗုဒ္ဓရုပ်ပွားတော်ကို ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ် စေတီတော်သြဝါဒါစရိယ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဇောတိကတဇ၊ သန်လျင်မင်းကျောင်း ပထမပြန် စာသင်တိုက် ဦးစီးပဓာန၊ မဟာနာယကဆရာတော်ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ မထေရ်မြတ်ကြီးအား လှူဒါန်းပူဇော်သည့် ဆုတောင်းပြည့်ရွှေသိမ်တော်စေတီတော်မြတ်ကို ဆရာတော်ဘုရားကြီးမှ ကျိုက်မှော်ဝန်းရေလယ်စေတီ တော် ဆုတောင်းပြည့်ငါးစပ်ဘုရား ဂန္ဓကုဋီတိုက်အတွင်း (၁-၁ -၂၀၂၅) ရက်နေ့တွင် လှူဒါန်းပူဇော်ထားရှိ ပါသည်။

လာဘမုနိဘုရား

ယခင်တည်ဆောက်ခဲ့သည့် မယ်တော်ဆောင်ကိုဖျက်၍ မြန်မာ့ရိုးရာ ယဥ်ကျေးမှုလက်ရာ သစ်ထွင်းကနုတ်ပန်းများဖြင့် အသစ်ပြန်လည်တည်ဆောက်ခဲ့ပါသည်။ ကုန်ကျငွေ ကျပ် (၄၀၂၅၉၂၂/.) သိန်းလေးဆယ်နှင့်နှစ်သောင်းငါးထောင်ကိုးရာ့နှစ်ဆယ့်နှစ်ကျပ်တိတိ ကုန်ကျ ပါသည်။ (၁၃၅၉)ခုနှစ်၊ ကဆုန်လပြည့်ကျော်(၉)ရက်၊ (၃၀-၅-၁၉၉၇) သောကြာနေ့တွင် ပြီးစီးပါသည်။ တန်ဆောင်းအတွင်းတွင် ဆုတောင်းပြည့်လာဘမုနိဘုရားနှင့် ကျောက်တန်းမြို့ဆရာမကြီး ဒေါ်တင်တင်နွယ်လှူဒါန်းသည့် ရှင်သီဝလိမထေရ်ရုပ်ပွားတော်၊ ရှင်ဗာကုလရုပ်ပွားတော်တို့ကို ပူဇော်ထားရှိ ပါသည်။ နှစ်ဖက်မိဘများကို အမှူးထား၍ ဗိုလ်မှူးကြီးစိုးရှိန်+ဒေါ်အေးအေးစန်း၊ သားမောင်ရန်ပိုင်ဟိန်းမိသားစုတို့က ရုပ်ပွားတော်များကိန်းဝပ်ရန် အလူမီနီယံဘောင်ဖြင့် ဂန္ဓကုဋိတိုက် ပြုလုပ်လှူဒါန်းထားပါသည်။

ပဥ္စလောဟာဘုရား

(ဦးဘညွန့်)+ဒေါ်စိန်ရှင် သားသမီးမြေးတစ်စုကောင်းမှု ကမ္ဗည်းတင်ထားသည့် ပလ္လင်ထက်မှ ရုပ်ပွားတော်မှာ ရွှေ၊ ငွေ၊ ကြေး၊ ခဲ၊ သံ ဓါတ်သားငါးမျိုး ပေါင်းစပ်သွန်းလုပ်ထားသည့် ပဥ္စလောဟာဗုဒ္ဒရုပ်ပွားတော်ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ် ဇွန် (၂၈)ရက်နေ့ (ဦးဘညွန့်)+ဒေါ်စိန်ရှင်တို့၏သား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁)ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်က ပင့်ဆောင်လှူဒါန်းပူဇော်ထားခြင်း ဖြစ်ပါသည်။

ရှေးဟောင်းပျူခေတ်နှောင်းဗုဒ္ဓရုပ်ပွားတော်များ

ရှေးဟောင်းပျူခေတ်နှောင်းကာလ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များကို (၁၄-၁၁-၂၀၁၁) ခုနှစ်တွင် ကျောက်တန်းမြို့ ဆက်သွယ်ရေးစာတိုက်ဝန်းအတွင်း မြေတူးရာတွင် ပေါ်ထွန်းလာသည့် ရုပ်ပွားတော်များ ဖြစ်ပါသည်။