စေတီတော်ဆိုင်ရာ







ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်သမိုင်း

သာသနာတော်နှစ် (၂၁၅) ခုနှစ်တွင် ပါဒနိုင်ငံတော်ကြီးကို စတင်တည်ထောင်နန်းတည်စိုးစံခဲ့သော ဘောဂသေနမင်းသည် ဆရာရသေ့ပေးအပ်လာသော ဘုရားရှင်၏ ဆံတော်နှင့်ဓါတ်တော်များကို ဌာပနာ၍ သာသနာတော်နှစ်(၂၃၈)၌ ဆရာရသေ့ညွှန်ပြရွေးချယ်ပေးသော ကျောက်ခုံပေါ်၌ ဥာဏ်တော် အမြင့်(၇)တောင်ရှိသော ကျိုက်မျှော်ကဋော့စေတီတော်ကို စတင်တည်ခဲ့ပါသည်။ ဘောဂသေနမင်းမှ (၁၀)ဆက်မြောက်ဖြစ်သော တွတ္တနာဂမင်းကြီးလက်ထက်တွင် သီဟိုဠ်ဘုရင်ထံမှ လက်ဆောင်ပဏ္ဏာအဖြစ်ရရှိခဲ့သော ဆံတော်(၁)ဆူ၊ ဓါတ်တော်(၂၇)ဆူကို ရွှေကြုတ်၊ ငွေကြုတ်တွင် ထည့်ပြီး သီရိလင်္ကာမှကြွရောက်လာသည့် ရဟန္တာအရှင်သူမြတ်(၈)ပါး မိန့်ကြားချက်နှင့်အညီ မူလကျိုက်မျှော်ကဋော့စေတီတော်တွင် ဌာပနာ၍ အဓိဋ္ဌာန်(၃)ချက်ပြုကာ ပြုပြင်တည်ဆောက်ခဲ့ပါသည်။
အဓိဋ္ဌာန်(၃)ချက်မှာ-
၁။ ဤစေတီတော် ရင်ပြင်တော်ကို ရေမလွှမ်းနိုင်စေသတည်း။
၂။ လာသမျှရဟန်းရှင်လူအပေါင်း ရင်ပြင်တော်၌နေလောက်စေသတည်း။
၃။ ဤစေတီကို ပြုပြင်လှူဒါန်းသူသည် ပစ္စုပ္ပန်၌ပင်လျှင် လောကီစီးပွားတိုးတက်ပါစေသတည်းဟု အဓိဌာန်(၃)ချက်ပြုကာ ပြုပြင်တည်ဆောက်ခဲ့ပါသည်။
ရှေးဟောင်းသမိုင်းဝင်ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကို ဒုတိယမြောက်တည်ထားကိုးကွယ်သည့် ဘောဂသေနမင်းမှ(၁၀)ဆက်မြောက်ဖြစ်သော တွတ္တနာဂမင်းကြီး၏ အဓိဋ္ဌာန်(၃)ချက်အနက် ပထမအဓိဋ္ဌာန်မှာ “ဤစေတီတော်၏ရင်ပြင်တော်ကို ရေမလွှမ်းစေနိုင်သတည်း”ဟူ၍ဖြစ်ရာ ပင်လယ်နှင့်နီးစပ်ပြီး နေ့စဥ်ဒီရေအတက်အကျနှစ်ကြိမ်ရှိသည့် မှော်ဝန်းချောင်းအတွင်း၌ တည်ထားကိုးကွယ်သော ကျိုက်မှော်ဝန်းစေတီတော်တွင် မည်သည့်အခါမျှ ပင်လယ်ဒီရေတက်ရောက်ကျော်လွန်ခြင်းမရှိခဲ့ပါ။




လွန်ခဲ့သောနှစ်ပေါင်း(၅၀)ကျော်ကာလ၊ ပင်လယ်ဒီရေအမြင့်ဆုံးတက်ရောက်ချိန်၊ (ကျောက်တန်း မြို့ဘက်ကမ်း၊ ကမ်းနားလမ်းတစ်လျှောက် လမ်းမပေါ်သို့ ပင်လယ်ရေကျော်လွန် ဖုံးလွှမ်းချိန်)က အချို့ နေအိမ်များကြမ်းခင်းကို ရေကျော်နစ်မြှပ်ခဲ့သော်လည်း မြစ်လယ်မှ ကျိုက်မှော်ဝန်းရေလယ်စေတီတော် ၏ရင်ပြင်ထက်တွင် ရေလွှမ်းမိုးခြင်းမရှိဘဲ၊ ဝဲကတော့ထိုး၍ ချိုင့်ခွက်ကဲ့သို့ ဖြစ်နေသည်ကို မြို့နေလူအများ နှင့် ထိုစဥ်က ဘုရားဖူးရောက်ရှိနေသူများ ထူးခြားဆန်းကြယ် အံ့သြဘနန်းဖူးမြင်ခဲ့ကြရသည်မှာ ပထမ အဓိဋ္ဌာန် မပျက်မယွင်း အောင်မြင်ခြင်းပင်ဖြစ်ပါသည်။
ဒုတိယအဓိဋ္ဌာန်မှာ“လာသမျှရဟန်းရှင် လူအပေါင်း ရင်ပြင်တော်ပေါ်၌ နေလောက်စေသတည်း” ဟူ၍ဖြစ်ပါသည်။ နှစ်စဥ် နှစ်ဆန်း(၁)ရက်နေ့၊ ကဆုန်လပြည့်၊ ဝါဆိုလပြည့်၊ သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့်အစရှိသည့် နေ့ကြီးများနှင့် ရုံးပိတ်ရက်များတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူး များနှင့် ကမ္ဘာလှည့်ခရီးသည်များ မည်မျှပင်များပြားစည်ကားစွာ ရောက်ရှိလာစေကာမူ စေတီတော်ရှိ တန်ဆောင်း၊ ဇရပ်များနှင့် ကုန်းတော်ပေါ်တွင် လောက်ငစွာ နေထိုင်နိုင်ကြသည်ကို တွေ့ရပါသည်။
တတိယအဓိဋ္ဌာန်မှာ “ဤစေတီကိုပြုပြင်လှူဒါန်းသူသည် ပစ္စုပ္ပန်၌ပင်လျှင် လောကီစီးပွားဥစ္စာ တိုးတက်ပါစေသည်း” ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်အား ပြုပြင်မွမ်းမံလှူဒါန်းကြသူများအနေဖြင့် မိမိတို့၏ ဆုတောင်းအဓိဋ္ဌာန်ပြုချက် အောင်မြင်ပြီး၊ စီးပွားဥစ္စာရတနာများတိုးတက်လာကာ ပစ္စုပ္ပန်၌ပင်လျှင် လက်တွေ့အကျိုးကျေးဇူးမှာ ခံစားရသောကြောင့် ရွှေသင်္ကန်းကပ်လှူခြင်း၊ တန်ဆောင်း၊ ဇရပ်၊ မုခ်ဦးများ မွမ်းမံရန်လှူဒါန်းခြင်း၊ ရင်ပြင်တော်တည်ငြိမ်ရန် ကျောက်များချထားနိုင်ရန် အလှူငွေများ လာရောက်လှူဒါန်းကြပါသည်။
ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်အား ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရယဥ်ကျေးမှု ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၅-၁၁-၂၀၀၉) ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်(၄/၂၀၀၉) “ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကျိုက်မှော်ဝန်းစေတီတော်တည်ရှိရာနေရာကို ရှေးဟောင်းအထိမ်းအမှတ်အဆောက်အဦးတည်ရှိရာ ဇုန်အဖြစ်သတ်မှတ်” ပြဋ္ဌာန်းခဲ့ပြီး၊ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ (၁၁-၉-၂၀၁၈)ရက်စွဲပါအမှတ်၊ ၀၁/၀၁/သသန (ဦးသာ) ထွေ-၂(၁၁၇၆)ဖြင့် ထင်ရှားကျော်ကြားသည့် ဘုရားစေတီများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီငါးဆူဖြစ်သော (၁)ရွှေတိဂုံစေတီတော်၊ (၂)ဗိုလ်တစ်ထောင်ဘုရား၊ (၃)ဆူးလေစေတီ၊ (၄)ကမ္ဘာအေးစေတီ၊ (၅)ကျိုက်မှော်ဝန်းရေလယ်စေတီဟူ၍ စေတီဘုရား(၅)ဆူတွင် ပါဝင်သော စေတီတော် ဖြစ်ပါသည်။

ရွှေထီးတော်တင်မဟာမင်္ဂလာ







(၁၃၆၇)ခုနှစ်၊ တန်ခူးလပြည့်နေ့ (၂၃-၄-၂၀၀၅) စနေနေ့တွင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီး၏အထွတ် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်မင်္ဂလာကို စေတီတော်ရင်ပြင် ဆုတောင်းပြည့်ငါးစပ်ဘုရားတန်ဆောင်းအတွင်းကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယအဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ ကျောက်တန်းမြို့မင်းကျောင်းပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဇာဂရအမှူးပြုသော မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်ကြီးများနှင့် စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး၊ ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြင့်ဆွေ၊ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်မှူးချုပ်သူရအောင်ကိုနှင့်တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ စေတီတော်ဂေါပကအဖွဲ့ ဝင်များ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဝတ်အသင်းများ၊ ဒေသခံပြည်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူပုဂ္ဂိုလ်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည်ညိုပူဇော်၍ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်အသစ်ကို နံနက်(၁၀း၃၅)နာရီတွင် အောင်မြင်စွာတင်လှူပူဇော်ခဲ့ကြပါသည်။ကျိုက်မှော်ဝန်းရေလယ်စေတီတော်ြမတ်၏ ရွှေထီးတော်စုစုပေါင်းတန်ဖိုးမှာ (၁၃၆၇)ခုနှစ်က (၃၅၃၆၇၇၆၅ိ/.) သုံးရာ့ငါးဆယ်သုံးသိန်းခြောက်သောင်းခုနှစ်ထောင့်ခုနှစ်ရာခြောက်ဆယ့်ငါးကျပ်တိတိ ဖြစ်ပါသည်။

မြို့ဘက်ကမ်း မုခ်ဦး၊ ရေဆင်းတံတားမုခ်ဦးပြဿဒ်များနှင့် မြို့ဘက်ကမ်းနဂါးရုံဘုရား





မြို့ဘက်ကမ်းရေဆင်းတံတား၊ နားနေဆောင်(ဆယ်သိန်းတန်.တန်ဆောင်း)တို့နှင့်တကွ မုခ်ဦးကို အသစ် ဆောက်လုပ်၍ (၁၁-၁-၂၀၁၈)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဘုရားဖူးလာရဟန်းရှင်လူပြည်သူအပေါင်းတို့မှာလည်း စက်သမ္ဗာန်များဖြင့် မသွားမီခေတ္တနားနေနိုင်ပြီး အသက်အရွယ်အရလည်းကောင်း၊ ကျန်းမာရေးအရလည်းကောင်း စက်လှေဖြင့်ကူး၍ သွားရောက်ရန်အခက်ခဲရှိသူများမှာလည်း မုခ်ဦးနားနေဆောင် အတွင်းမှပင် စိတ်ချမ်းမြေ့အေးချမ်းစွာဖြင့် လှမ်းမျှော်ကြည်ညိုနိုင်ကြပြီး ဖြစ်ပေသည်။(၁၇-၄-၂၀၂၀)ရက်နေ့တွင် ထိုင်းဘုရားဖူးများလှူဒါန်းသည့် ကျွန်းသစ်သားဖြင့်ထုလုပ်ထားသော နဂါးရုံဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်စံပယ်ပူဇော်ထားရှိပါသဖြင့် ဘုရားဖူးလာဧည့်သည်များ ခေတ္တအနားယူကြည်ညိုဖူးမြော်ခွင့်ရရှိနေပြီ ဖြစ်ပါသည်။

အနောက်ဘက်လိုဏ်ပေါက် မြတ်ဗုဒ္ဓကျောက်ဆင်းတုဘုရားနှင့်ရေဆင်းလှေကားများ




စက်သမ္ဗာန်ပဲ့ထောင်စက်လှေစီး၍ စေတီတော်ရေဆင်းလှေကားထစ်မှတစ်ဆင့် မြောက်ဘက်မုခ်ဦးမှတက်ရောက်၍ ရင်ပြင်တော်ရောက်ရှိသည်နှင့်တပြိုင်နက် လိုဏ်မုခ်လေပေါက်ပါတံကဲပန်းများ လှပတင့်တယ်ခန့်ညားစွာ ရွှေရောင်တဝင်းဝင်းဖြင့် ကြည်ညိုသပ္ပါယ်လှသော ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီးကို ဖူးမျှော်၍မဝနိုင်အောင် ဖူးတွေ့ရမှာဖြစ်ပါသည်။ အနောက်ဘက်လိုဏ်ပေါက် ဂန္ဓကုဋိတိုက်အတွင်း နှစ်တစ်ရာကျော်ရှိ ကျောက်ဆင်းတုရုပ်ပွားတော်မြတ်ကို ဖူးတွေ့ရမှာဖြစ်ပါသည်။စက်သမ္ဗာန်ပဲ့ထောင်စက်လှေစီး၍ စေတီတော်ရေဆင်းလှေကားထစ်မှတစ်ဆင့် မြောက်ဘက်မုခ်ဦးမှတက်ရောက်၍ ရင်ပြင်တော်ရောက်ရှိသည်နှင့်တပြိုင်နက် လိုဏ်မုခ်လေပေါက်ပါတံကဲပန်းများ လှပတင့်တယ်ခန့်ညားစွာ ရွှေရောင်တဝင်းဝင်းဖြင့် ကြည်ညိုသပ္ပါယ်လှသော ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီးကို ဖူးမျှော်၍မဝနိုင်အောင် ဖူးတွေ့ရမှာဖြစ်ပါသည်။ အနောက်ဘက်လိုဏ်ပေါက် ဂန္ဓကုဋိတိုက်အတွင်း နှစ်တစ်ရာကျော်ရှိ ကျောက်ဆင်းတုရုပ်ပွားတော်မြတ်ကို ဖူးတွေ့ရမှာဖြစ်ပါသည်။

ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်

ရှေးဟောင်းသမိုင်းဝင်ကျောက်မှော်၀န်းရေလယ်စေတီတော်အား ဘုရားဖူး အများပြည်သူများ လွယ်လင့်တကူ သွားလာ ဖူးမြော်နိုင်ရေးအတွက် ဘုရားဖူးလမ်းညွှန်မြေပုံအား ပြသထားပါသည်။