ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်

ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်မှာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၏

တောင်ဘက် မှော်ဝန်းချောင်းရေလယ်၌ သဘာဝအလျောက် ပေါ်ထွန်းနေ သော ကျောက်ခုံပေါ်တွင် တည်ရှိပါသည်။

ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းစေတီတော်ဘုရားသမိုင်း

သာသနာတော်နှစ် (၂၁၅) ခုနှစ်တွင် ပါဒနိုင်ငံတော်ကြီးကို စတင်တည်ထောင်နန်းတည်စိုးစံခဲ့သော ဘောဂသေနမင်းသည် ဆရာရသေ့ပေးအပ်လာသော ဘုရားရှင်၏ ဆံတော်နှင့်ဓါတ်တော်များကို ဌာပနာ၍ သာသနာတော်နှစ်(၂၃၈)၌ ဆရာရသေ့ညွှန်ပြရွေးချယ်ပေးသော ကျောက်ခုံပေါ်၌ ဥာဏ်တော်အမြင့်(၇)တောင်ရှိသော ကျိုက်မျှော်ကဋော့စေတီတော်ကို စတင်တည်ခဲ့ပါသည်။ ဘောဂသေနမင်းမှ (၁၀)ဆက်မြောက်ဖြစ်သော တွတ္တနာဂမင်းကြီးလက်ထက်တွင် သီဟိုဠ်ဘုရင်ထံမှ လက်ဆောင်ပဏ္ဏာအဖြစ်ရရှိခဲ့သော ဆံတော်(၁)ဆူ၊ ဓါတ်တော်(၂၇)ဆူကို ရွှေကြုတ်၊ ငွေကြုတ်တွင်ထည့်ပြီး သီရိလင်္ကာမှကြွရောက်လာသည့် ရဟန္တာအရှင်သူမြတ်(၈)ပါး မိန့်ကြားချက်နှင့်အညီ မူလ ကျိုက်မျှော်ကဋော့စေတီတော်တွင် ဌာပနာ၍ အဓိဋ္ဌာန်(၃)ချက်ပြုကာ ပြုပြင်တည်ဆောက်ခဲ့ပါသည်။

အဓိဋ္ဌာန်(၃)ချက်မှာ-

  • ဤစေတီတော် ရင်ပြင်တော်ကို ရေမလွှမ်းနိုင်စေသတည်း။
  • လာသမျှရဟန်းရှင်လူအပေါင်း ရင်ပြင်တော်၌နေလောက်စေသတည်း။
  • ဤစေတီကို ပြုပြင်လှူဒါန်းသူသည် ပစ္စုပ္ပန်၌ပင်လျှင် လောကီစီးပွားတိုးတက်ပါစေသတည်းဟု အဓိဌာန်(၃)ချက်ပြုကာ ပြုပြင်တည်ဆောက်ခဲ့ပါသည်။

ကောဇာသက္ကရာဇ် ၁၂၇၁(၁၉၁၀) ခုနှစ်တွင် ရှေ့နေဦးဘထွန်း၏ဇနီး ဒေါ်ဒေါ်သက်၏ အိပ်မက်အရ ကျိုက်မှော်ဝန်းချောင်းရေလယ်တွင်ရှိသော ကုန်းတော်ပေါ်သို့ရောက်ရှိပြီး ဉာဏ်တော်(၇)တောင်ရှိ စေတီပျက်ကိုတွေ့ရှိ၍ ဉာဏ်တော် (၃၄)တောင်၊ မုဋ်(၄)ဆင့်ပါသောစေတီကို မူလစေတီကိုငုံ၍ ပြန်လည်တည်ဆောက်ခဲ့ပါသည်။ စေတီဘွဲ့ကိုလည်း ကျိုက်မျှော်ကဋော့မှ ကျိုက်မှော်ဝန်းရေလယ်စေတီတော်ဟု ဘွဲ့တော်ပေးခဲ့ပါသည်။

ဦးခိုက်ဖူးမြော် ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်

ကျောက်တန်းမြို့သမိုင်း

ကျောက်တန်းမြို့သည် ရှေ့နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော် သာသနာတော်နှစ်(၂၁၅)ခုကျော်ကပင် သီဟဒီပကျွန်း၊ ပါဒနေပြည်တော်ကို တည်ထောင်ခဲ့သည် ဘောဂသေနမင်းလက်ထက်ကပင် “ဂွမ်းမြို့”ဟု ခေါ်တွင်ခဲ့သည့် မြို့တစ်မြို့ဖြစ်ခဲ့သည်။ (၁၈၆၀)ပြည့်နှစ်မှသာ မှော်ဝန်းချောင်းအတွင်းရှိ သဘာဝဂဝံကျောက်တန်းကြီးများကို အစွဲပြု၍ ကျောက်တန်းမြို့ဟု ခေါ်တွင်လာခဲ့ခြင်းဖြစ်ပါသည်။

(၁၈၆၀) ပြည့်နှစ်တွင် ပဲခူးတိုင်း ဟံသာဝတီ(B)ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ခဲ့ပြီး ကျောက်တန်း၊ သန်လျင်၊ သုံးခွ၊ ခရမ်းမြို့နယ်များ၏ နယ်ပိုင်ရုံးထိုင်ရာမြို့ဖြစ်သည်။ မှော်ဝန်း‌ချောင်းအတွင်း ကျောက်ဆောင် ကျောက်တန်းများကို ဒိုင်းနမိုက်ဖြင့်ခွဲ၍ ရေကြောင်းတိုးချဲ့ပြုပြင်ပြီး ရန်ကုန် – ကျောက်တန်း – သုံးခွ ခရီးစဥ်အဖြစ် ဧရာဝတီဖလိုတီယာကုမ္ပဏီက ခရီးသည်နှင့်ကုန်စည်များ ပို့ဆောင်ပေးခဲ့ရာ သင်္ဘောဆိပ် မြို့ဖြစ်လာခဲ့သည်။

(၁၉၆၄)ခုနှစ်တွင် ပဲခူးတိုင်းမှ ရန်ကုန်ခရိုင်ကို ရန်ကုန်တိုင်းဟု ခွဲခြားသတ်မှတ်ခဲ့ပြီးနောက် (၁၉၇၂) ခုနှစ်တွင် ပဲခူးတိုင်းမှ မှော်ဘီခရိုင်နှင့် ဟံသာဝတီခရိုင်တို့ကို ရန်ကုန်တိုင်းအတွင်းသို့ ထည့်သွင်း ဖွဲ့စည်းလိုက်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်တွင် ပါဝင်လာပါသည်။

(၂၀၂၂)ခုနှစ်တွင် ရန်ကုန်တောင်ပိုင်းခရိုင်ကို သန်လျင်ခရိုင်နှင့်၊ တွံတေးခရိုင်အဖြစ် ပြင်ဆင်ဖွဲ့ စည်းလိုက်သည့်အတွက် သန်လျင်ခရိုင် (သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ကိုကိုးကျွန်းမြို့နယ်များ) အတွင်း ပါဝင်လျက်ရှိပါသည်။

ကျောက်တန်းမြို့မှာ ရန်ကုန်မြို့၏ အရှေ့တောင်ဘက် သန်လျင်မြို့နယ်မှ (၁၂) မိုင်ခန့်အကွာ သန်လျင်၊ ကျောက်တန်းမော်တော်ကားလမ်းအစွန်း မှော်ဝန်းချောင်း၏ မြောက်ဘက်ကမ်းနဖူးတွင် တည်ရှိပါ သည်။

ကျောက်တန်းမြို့နယ်အကျယ်အဝန်းမှာ ဧရိယာဧက(၁၆၁၇)ဧကရှိပြီး မြို့နယ်တစ်ခုလုံး၏ ဧရိယာမှာ(၂၀၈၄၈၅)ဧကနှင့် စတုရန်းမိုင်အားဖြင့် (၃၂၅.၇၆၀)မိုင် ရှိပါသည်။ မြို့နယ်တစ်မြို့နယ်၊ မြို့တစ်မြို့၊ ရပ်ကွက် (၁၃)ရပ်ကွက် ကျေးရွာအုပ်စုပေါင်း (၄၅)အုပ်စု၊ ကျေးရွာပေါင်း(၈၀)ရွာဖြင့် ဖွဲ့စည်း ထားသည့်မြို့နယ်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏အထူးစီးပွားရေးဇုန် (၃) ခုအနက် ဖွံ့ဖြိုးတိုးတက်အထွန်းကားဆုံး သီလဝါအထူးစီးပွားရေးဇုန်တည်ရှိသည့်မြို့လည်းဖြစ်ပြီး နိုင်ငံတကာဆိပ်ကမ်းတည်ရှိရာ ဆိပ်ကမ်း မြို့တစ်မြို့လည်းဖြစ်၍ ပင်လယ် ရေမျက်နှာပြင်အထက်ပေ(၂၀)တွင် တည်ရှိပါသည်။

ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော် မျက်မှောက်ခေတ်ကာလဘုရားဒါယကာများ

ယနေ့ဖူးမြင်ရသည့် ရှေးဟောင်းသမိုင်းဝင်ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ် သီတင်းသုံး စံပယ်ရာရေလယ်ကျွန်းမှာ လွန်ခဲ့သောနှစ်ပေါင်း(၁၁၇)နှစ် မြန်မာသက္ကရာဇ်(၁၂၇၀)ပြည့်နှစ်မတိုင်မီအထိ မှော်ဝန်း ချောင်းလယ်တွင် သစ်ပင်ချုံနွယ်ထူထပ်စွာ ပေါက်ရောက်နေသည့်ကျွန်းတစ်ကျွန်းအဖြစ်သာ သိမှတ်ရပါသည်။

ကောဇာသက္ကရာဇ် (၁၂၇၁) – (၁၉၁၀) ခုနှစ်တွင် တတိယဘုရားဒါယကာများဖြစ်သော ရှေ့နေ ဦးဘထွန်း၏ဇနီး‌ ဒေါ်ဒေါ်သက်အိပ်မက်အရ ကျိုက်မှော်ဝန်းချောင်းရေလယ်တွင်ရှိသော ကုန်းတော်ပေါ်သို့ ရောက်ရှိပြီး ဥာဏ်တော်(၇)တောင်ရှိစေတီပျက်ကို တွေ့ရှိ၍ ဥာဏ်တော်(၃၄)တောင်၊ မုဋ်(၄)ဆင့်ပါသော မူလစေတီကိုငုံ၍ ပြန်လည်တည်ဆောက်ခဲ့ပါသည်။ စေတီတော်ဘွဲ့ကိုလည်း ကျိုက်မျှော်ကဋော့ မှ ကျိုက်မှော်ဝန်းရေလယ်စေတီတော်ဟု ဘွဲ့တော်ပေးခဲ့ပါသည်။

စေတီတော်ဂန္ဓကုဋိတိုက်မှာ အရှေ့အနောက်(၂၆)တောင်၊ တောင်နှင့်မြောက်(၁၃)တောင် တစ်မိုက်ရှိပြီး ဥာဏ်တော်အမြင့်ကိုးတောင်ရှိသည့် ဂန္ဓကုဋိတိုက်လိုဏ်မုခ်လေးပေါက်တွင် တံကဲပန်းများ ကို လှပခန့်ညားစွာပြုလုပ်ပြီး ကျောက်ဆင်းတုရုပ်ပွါးတော်လေးဆူ ပူဇော်ထားရှိပါသည်။ ဂန္ဓကုဋိတိုက် အပေါ် ထောင့်လေးထောင့်တွင်လည်း စေတီရံလေးဆူ တည်ထားသည်။

ပထမပစ္စယာမှ ဒုတိယပစ္စယာအထိ ဥာဏ်တော်အမြင့်(၉)တောင်၌ လေးမျက်နှာမုခ်လေးပေါက် ဆန်းကြယ်သောအင်္ဂတေတံကဲပန်းများဖြင့်အလှဆင်ပြီး အင်္ဂတေဆင်းတုတော်ကြီးလေးဆူ ပူဇော်ထား ရှိပါသည်။ ဒုတိယပစ္စယာထောင့်လေးထောင့်တွင်လည်း စေတီရံလေးဆူ တည်ထားပူဇော်ထားပါသည်။ ဒုတိယပစ္စယာမှ တတိယပစ္စယာအထိ ဥာဏ်တော်အမြင့်(၇)တောင်ရှိပြီး လေးမျက်နှာလိုဏ်မုခ်လေး ပေါက်တွင် လက်ရာမြောက် အင်္ဂတေတံကဲပန်းများဖြင့် မတ်ရပ်ကြေးဆင်းတုတော်(လေး)ဆူပူဇော်ကာ ထောင့် လေးထောင့်တွင်လည်း စေတီရံ(လေး)ဆူ ပူဇော်ထားပါသည်။ စေတီတော်ကြီး၏ ခေါင်းလောင်းပုံ အောက်နှုတ်ခမ်း တတိယပစ္စယာအထက်မှ ငှက်ပျောဖူးအထိ ဥာဏ်တော်အမြင့်(၉)တောင်ရှိသဖြင့် စေတီတော်၏ ဥာဏ်တော်အမြင့်စုစုပေါင်းမှာ (၃၄)တောင် ၊ ပေအားဖြင့် (၅၁)ပေ ဖြစ်ပါသည်။

တည်ထားပြီးသည့် စေတီတော်တွင် ရွှေထီးတော်တင်လှူပူဇော်ပြီး ငှက်ပျောဖူးတော်မှစ၍ တတိယပစ္စယာတိုင်အောင် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နိုင်ခဲ့ပါသည်။ ဤသို့ဖြင့် ကုသိုလ်တော်ယူ စေတီတော်ဂေါပကအဖွဲ့အဆင့်ဆင့်နှင့် သဒ္ဒါစိတ်အားထက်သန်သော အလှူရှင်များမှ(၁၂၇၀)ပြည့်နှစ်မှ စ ၍ လူအား၊ ငွေအား၊ ပစ္စည်းအားတို့ဖြင့် ကြိုးပမ်းရွက်ဆောင်ပြုပြင်မွမ်းမံခဲ့ကြသော ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီးသည် သက္ကရာဇ်၁၂၇၁ခုနှစ်မှစ၍ ကျောက်တန်းမြို့၊ မှော်ဝန်းချောင်းရေလယ်တွင် ပြိုးပြက်သောရွှေရောင်တော်တလျှပ်လျှပ်တဖြတ်ဖြတ်ဖြင့် ကြည်ညိုဖွယ်ရာတင့်တယ် သပ္ပာယ်စွာဖြင့် သဒ္ဒါရွှင်လန်းစိတ်ကြည်နူးဝမ်းမြောက်ဖွယ် ဖူးမျှော်ကြရပါတော့သည်။ စေတီတော် အနောက်လိုဏ်မုခ်တွင် “ဆုတောင်းပြည့် ကျိုက်မှော်ဝန်းရေလယ်တော်” ဟု ဘွဲ့တော်ကမ္ဗည်း ရေးထိုး ပူဇော်ထားရှိပါသည်။

ပြုပြင်မွမ်းမံပြီးသည့် စေတီတော်အား ပင်လယ်ရေတိုက်စားမှုဒဏ်ခံနိုင်စေရန်အတွက် ရင်ပြင် တော်ဝန်းကျင်တွင် ဘိလပ်မြေနှင့် ဂဝံကျောက်၊ တံတိုင်းကာရံခြင်း၊ ရင်ပြင်အနောက်စွန်း ဒီရေတက်ရာ ဘက်၌ ရေနှစ်ဖြာကွဲစေရန် သင်္ဘောဦးချွန်ပုံသဏ္ဍာန်ဦးစွန်း ပြုလုပ်ပြီးရေကြောင်းယာဥ်များ မြင်သာ‌စေ ရန် ခြင်္သေ့ရုပ်ထုပြုလုပ်ပြသထားပါသည်။ ခြင်္သေ့တစ်ကောင်တည်းဖြင့် စောင့်ကြပ်လျက်ရှိသည့် ထူးမြတ် သည့် စေတီတော်မြတ်ကြီးပင် ဖြစ်ပါသည်။

ဖူးမြော်လေ့လာရမည့်နေရာများ

ရှေးဟောင်းသမိုင်းဝင်ကျိုက်မှော်ဝန်းစေတီတော်ကို မြောက်ဘက် ရေဆင်းတံတားမှ တက်ရောက်၍ လက်ယာရစ်ဖူးမြော်မည်ဆိုပါက-

  • စေတီတော်မြောက်ဘက်ဒေဝယက္ခညီနောင်မုခ်ဦး၊

  • စေတီတော်အနောက်ဘက် လိုဏ်ပေါက် မြတ်ဗုဒ္ဓကျောက်ဆင်းတုဘုရား၊

  • စေတီတော်မြောက်ဘက် လိုဏ်ပေါက် မြတ်ဗုဒ္ဓကျောက်ဆင်းတုဘုရား(၃)ဆူ၊

  • စေတီတော်အရှေ့ဘက် လိုဏ်ပေါက် မြတ်ဗုဒ္ဓကျောက်ဆင်းတုဘုရား၊

  • စေတီတော်တောင်ဘက်လိုဏ်ပေါက် မြတ်ဗုဒ္ဓကျောက်ဆင်းတုဘုရား(၃)ဆူ၊

  • ငါးစပ်ဘုရားတန်ဆောင်းနှင့်ဆုတောင်းပြည့်ငါးစပ်ဘုရား၊ ရွှေစင်ရွှေသားဗုဒ္ဓဆင်းတုတစ်ဆူ၊ ပဥ္စလောဟာရုပ်ပွားတော်နှင့် ဆုတောင်းပြည့်ရွှေသိမ်တော်ဘုရား၊ ပျူခေတ်နှောင်းဘုရားများ၊

  • (၄-၁-၂၀၁၂)က မြိုင်ကြီးငူဆရာတော်(မေတ္တာလင်းမြိုင်၊ မြဝတီ)လှူုဒါန်းထားသော ကြေး ပိဿာချိန်(၂၀)၊ အချင်း‌(၆ပေ၈လက်မ) တန်ဖိုးငွေကျပ်သိန်း(၂၀) ဆုတောင်းပြည့် အောင်မောင်း၊

  • အရှေ့ဘက်မုခ်ဦးရေဆင်းတံတား၊

  • ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်စံကျောင်းတော်၊

  • ကြေးဆင်းတုတန်ဆောင်းနှင့် ကြေးသွန်းရုပ်ပွားတော်ဘုရား၊ နှစ်တစ်ရာကျော်ဗုဒ္ဓမတ်ရပ် ရုပ်ပွားတော်မြတ်(၂)ဆူ

  • ဗုဒ္ဓသန္တကရက္ခိတတန်ဆောင်း(ဘဏ္ဍာတော်ထိန်းဂေါပကရုံး)၊

  • လာဘမုနိအာရုံခံတန်ဆောင်း၊ ဆုတောင်းပြည့်လာဘမုနိကျောက်ဆင်းတုဘုရား၊ ရှင်သီဝလိ ရဟန္တာမထေရ်နှင့် ရှင်ဗာကုလရဟန္တာမထေရ်၊

  • မြန်မာမှုများနှင့် ဒေါ်ဦးဇရပ်၊

  • တိုးချဲ့ပတ်လမ်းနှင့် ရာပြည့်ဆင်းတုတော်ဂန္ဓကုဋိတိုက်၊

  • ဆုတောင်းပြည့်နဂါးရုံဘုရားနှင့်လျှောက်လမ်း၊

  • လိုရာဆုတောင်းဘိုးတော်မယ်တော်တန်ဆောင်း၊

  • အဓိဌာန်အောင်ဆုတောင်းပြည့်အောင်မြေ၊

  • နှစ်တစ်ရာကျော်ရွှေခြင်္သေ့နှင့်တံခွန်တိုင်၊

  • ဆုတောင်းပြည့်အောင်မောင်း၊ ထိုးစည်နှင့်ကြေးစည်၊

  • (၁၃၁၈)ခုနှစ်ကလှူဒါန်းသည့် ကြေးပိဿာချိန်(၁၀၁)ပိဿာနှင့် (၁၃၆၁)ခုနှစ်က လှူဒါန်းထား သည့် ကြေးပိဿာချိန်(၁၂၅)ပိဿာရှိ ဆုတောင်းပြည့်ခေါင်းလောင်းတော်များ

  • လိုရာဆန္ဒပြုဖူးမြော်အောင်မြေတော်