သတ္တာဌာန(၇)ဌာန အကြောင်းအရာများ

သတ္တာဌာန (၇) ဌာန

ပလ္လင်္ကသတ္တာဟ

      ဗောဓိပင်၏  အရှေ့မျက်နှာလေးတောင်ကွာ အရပ်တွင် ပါရမီတော်တို့ကြောင့် ပေါ်ပေါက်လာသော ပလ္လင်ထက်၌၊ သဗ္ဗညုတ ဉာဏ်တော်ကိုရကာ ထက်ဝယ်ဖွဲ့ခွေနေတော်မူ၍၊ ဖလသမာပတ်ဝင်စားလျက်၊ သိကြား၊ သုတိသာယာမ၊ သန္တုဿိတ၊ မဟာဗြာဟ္မာ စသော နတ်တို့၏ပူဇော်ခြင်းကို (ကဆုန်လပြည့်ကျော်(၁)ရက်နေ့မှ (၇)ရက်နေ့ထိ) ခုနှစ်ရက်ပတ်လုံးခံယူ စံပယ်တော်မူရာအရပ် ဖြစ်ပါသည်။

အနိမိဿသတ္တာဟ

    ဗောဓိပင်၏ အရှေ့မြောက်တစ်ဆယ့်လေးလံကွာသောအရပ်၌ ရပ်တော်မူလျက် “ဗောဓိရိပ်ခွင် ရွှေပလ္လင်ဝယ် သဗ္ဗညုတဉာဏ်တော်ကို ရပေသည်” ဟု (ကဆုန်လပြည့်‌ကျော် (၈)ရက်နေ့မှ (၁၄)ရက် တိတိ) ခုနှစ်ရက်ပတ်လုံး မမှိတ်သောမျက်လုံးတော်ဖြင့် ကြည့်ရှုစံပယ်တော်မူရာ အရပ်ဖြစ်ပါသည်။ (အနိမိဿသတ္တာဟ ဆိုသည်မှာ မျက်စိမှိတ်ခြင်းမရှိသော ခုနှစ်ရက်ဟုဆိုလိုပါသည်)

ရတနစင်္ကမ သတ္တာဟ

      ဤသို့ ပလ္လင်တော်ကို စိမ့်စိမ့်ကြည့်တော်မူရာ နတ်တို့ထင်အပ်သော သံသယကိုသိသဖြင့် ပယ်ဖျောက်စေခြင်း၊ ဌာတစ်ယူဇနာမျှသော ကောင်းကင်၌၊ ယမိုက်ပြာဋိဟာကိုပြတော်မူပြီး၊ ရွှေပလ္လင်နှင့်အနိမ္မိသ အကြားအတောင် (၂၀)ရှိသော အရပ်ကိုဗဟိုထား၍ တစ်ဖက်ငါးလံကွာဌာနတွင် အရှေ့အနောက် ခြောက်ဆယ်တောင်ရှည်သော ရတနစင်္ကြန်ကိုဖန်ဆင်းကာ (ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်နေ့အထိ) ခုနှစ်ရက်ပတ်လုံး စင်္ကြန်ကြွတော်မူရာ အရပ်ဖြစ်ပါသည်။(စင်္ကမသတ္တာဟ ဆိုသည်မှာ စင်္ကြန်ကြွတော်မူသည့် ခုနှစ်ရက်ဟုဆိုလိုပါသည်)

ရတနာဃရ သတ္တာဟ

      ဗောဓိပင်မှ အနောက်မြောက်(၁၀)လံ အကွာနေရာတွင်ရှိသည့် ရတနာခုနှစ်ပါးဖြင့် ခြယ်လှယ်ကာ နတ်များဖန်ဆင်းအပ်သော ရတနာရွှေအိမ်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျက် ပိဋကတ်သုံးပုံကို သုံးသပ်ဆင်ခြင်တော်မူရာတွင် မဟာပဌာန်းကျမ်းသို့ရောက်၍ ဆင်ခြင်တော်မူသောအခါ ဦးခေါင်းတော်ထက်မှ ရောင်ခြည်တော်ခြောက်သွယ် တဖိတ်ဖိတ်ကွန့်မြူးလျက် ထွန်းလင်းတောက်ပ သပ္ပါယ်ခြင်းရှိလှသဖြင့် နတ်၊ဗြဟ္မာများတို့လည်း ခြေတော်ရင်းဦးခိုက်ကြကုန်၏။ ဘုရားရှင်သည် (နယုန်လဆန်း (၇)ရက်မှ (၁၃)ရက်အထိ) ခုနှစ်ရက်ပတ်လုံး စံပယ်တော်မူရာအရပ်ဖြစ်ပါသည်။ (ရတနာဃရ သတ္တာဟဟူသည် ရတနာအိမ်၌ သီတင်းသုံးတော်မူသော ခုနှစ်ရက်ဟုဆိုလိုပါသည်)

အဇပါလ သတ္တာဟ

     ဗောဓိပင်၏ အရှေ့မျက်နှာ(၃၂)လံကွာတွင်ရှိသော အဇပါလ ဆိတ်ကျောင်းညောင်ပင်ရင်း၌ မြတ်စွာဘုရားရှင်အား မာယာအသွယ်သွယ်ဖြင့် ဖျက်စီးခြင်းငှာ ကြံရွယ်လာကြကုန်သော မာရ်နတ်မင်း၏ သမီးသုံးယောက်ဖြစ်သည့် “တဏှာ၊ အရတီ၊ ရာဂါ တို့အားလည်းကောင်း အဘယ်သူသည် ဗြဟ္မဏမည်ပါသနည်းဟု  ပုစ္ဆာထုတ်လာသော ဟုံဟုံက ပုဏ္ဏားအားလည်းကောင်း၊ ဆုံးမပဲ့ပြင်၊ တရားရေအေး တိုက်ကျွေးတော်မူပြီး (နယုန်လဆန်း(၁၄)ရက်နေ့မှ ၊နယုန်လပြည့်ကျော်(၅)ရက်နေ့အထိ) ခုနှစ်ရက်တိုင်တိုင် ဖလသမာပတ်ဖြင့် စံပယ်တော်မူပါသည်။ မြတ်စွာဘုရားရှင်သည် ဤနေရာမှစ၍ သတ္တဝါများကို တရားဟောရန် စတင်ဆုံးဖြတ်တော်မူခြင်း ဖြစ်ပါသည်။ (အဇပါလ သတ္တာဟ ဟူသည် ဆိတ်ကျောင်းညောင်ပင်အောက်တွင် သီတင်းသုံးသော ခုနှစ်ရက်ဟု ဆိုလိုပါသည်)

မုစလိန္ဒ သတ္တာဟ

ဗောဓိပင်၏ အရှေ့တောင်မျက်နှာ (၅၁)လံကွာ (သို့မဟုတ်) (၂၉)လံကွာတွင်ရှိသော မုစလိန္ဒအိုင်အနီး ကျည်းပင်အရင်း၌ သီတင်းသုံးတော်မူခိုက်၊ မိုးရေရောထွေး လေပြင်းဘေးနှင့်အခါမဟုတ် ရွာသည့်မိုးတို့ စွတ်စိုကင်းဝေး ချမ်းအေးကာကွယ်နိုင်ရန် မိမိ၏ကြီးစွာသောကိုယ်ဖြင့် ခုနှစ်ဆင့်ရစ်ခွေ၊ ဦးခေါင်းတော်ပေါ်၌ ပါးပျဥ်းအုပ်မိုးကာကွယ်လေသော မုစလိန္ဒနဂါးမင်း၏ အစောင့်အရှောက်ဖြင့် (နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့အထိ) ခုနှစ်ရက်ပတ်လုံးစံပယ်တော်မူရာအရပ်ဖြစ်ပါသည်။ (မုစလိန္ဒသတ္တာဟ ဟူသည် ကျည်းပင်ရင်းတွင် သီတင်းသုံးသော ခုနှစ်ရက်ဟုဆိုလိုပါသည်)

ရာဇာယတန သတ္တာဟ

ဗောဓိပင်၏ တောင်မျက်နှာ၊ အလံ(၄၀)ကွာအရပ်တွင်ရှိသော လင်းလွန်းပင်ရင်းတွင် သည်းထန်စွာ ရွာ‌သောမိုးကြီးစဲသွားပြီဖြစ်၍ (နယုန်လပြည့်ကျော်(၁၃)ရက်မှ ဝါဆို လဆန်း(၅)ရက်အထိ) ခုနှစ်ရက်ပတ်လုံး သမာပတ်ဝင်စားစံပယ်တော်မူသည်။ မြတ်စွာဘုရားသည် ကဆုန်လပြည့်နေ့တွင် သုဇာတာလှူဒါန်းသော ဃနာနို့ဆွမ်းကို (၄၉)လုတ်တိတိ ဘုန်းပေးတော်မူခဲ့ရာ သတ္တဌာနတွင် ခုနှစ်ရက်စီဖြင့်(၄၉)ရက်တိုင်၊ တစ်ရက်တစ်လုတ်ကျဖြင့် မျှတတော်မူ၏။ ယခုရက်(၅၀)မြောက်နေ့တွင် အာဟာရမှီဝဲရန် လိုအပ်နေသောအချိန်တွင်၊ (မြန်မာပြည်သား ဥက္ကလာဇနပုဒ် နှင့် ပေါက္ကရဝတီ ဇနပုဒ် တို့မှပါလာသော ကုန်သည်ညီနောင်တို့ ဆက်ကပ်သော မုန့်ကြွပ်ကျစ်နှင့် ပျားဆုပ်မုန့်တို့ကို အလှူခံတော်မူနိုင်ရန် စတုမဟာရာဇာ နတ်မင်းကြီး(၄)ပါးမှ သပိတ်(၄)လုံးကို တပြိုင်တည်း ကပ်လှူကြရာ၊ ဘုရားရှင်က အဓိဌာန်ဖြင့် တစ်လုံးတည်းဖြစ်စေကာ ယင်းဆွမ်းကိုအလှူ ခံတော်မူ၏။ ကုန်သည်ညီနောင်တို့လည်း (သံဃာမရှိသေးသဖြင့်) ဒွေဝါစီက သရဏဂုံ(၂)ပါးဖြင့် ပထမဆုံး သရဏဂုံတည်သူများဖြစ်လာကြပေသည်။ ဆံတော်(၈)ဆူ စွန့်တော်မူသဖြင့် ယခုရွှေတိဂုံစေတီတော်တွင် ဌာပနာခြင်းပြုကြပါသည်။