
တန်ဆောင်းများ

အာရုံခံတန်ဆောင်းများ
ဆံတော်ရှင်ဆူးလေစေတီတော်မြတ်ကြီး၏ဖူးမြော်ရန် အထင်ကရနေရာများ
အရှေ့ဘက်မုခ်ကို မဟာဗန္ဓုလလမ်းမှ တက်ရောက်နိုင်သည်။ အရှေ့ဘက်မုခ်ဦး တန်ဆောင်းကြီးကို သက္ကရာဇ် ၁၂၉၁ ခုနှစ်တွင် မွမ်းမံပြင်ဆင်ခြင်း စတင်ပြုလုပ်လှုဒါန်းခဲ့သည်။ ၁၃၁၀ ပြည့်နှစ်တွင် ထပ်မံပြုပြင်မွမ်းမံခဲ့သည်။ သစ်သားကနုတ်ပန်းများ၊ လင်းနို့တောင်များ၊ သွပ်ပန်းများ အနုပညာ လက်ရာမြောက်သောကြောင့် ဘုရားပြည်သူများ စိတ်ဝင်စားမှုရှိပါသည်။ အရှေ့ဘက်မုခ်အာရုံခံ တန်ဆောင်းအတွင်း၌ ကကုသန္ဓမြတ်စွာဘုရား ရုပ်ပွားတော် သီတင်းသုံးနေတော်မူသည်မှာ ဖူးမဝ အောင် ကြည်ညိုဖွယ်ကောင်းပါသည်။
တောင်ဘက်မုခ်ကို ဆူးလေဘုရားလမ်း ကမ်းနားလမ်းမှ တက်ရောက်နိုင်သည်။ တောင်ဘက်မုခ် စောင်းတန်းကို မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၃၁၁ ခုနှစ် တပေါင်း လဆန်း ၉ ရက်နေ့တွင် စတင်ဆောက်လုပ်လှုဒါန်းခွင့်ရခဲ့သည်။တောင်ဘက်မုခ်အာရုံခံတန်ဆောင်းအတွင်း၌ ကောဏာဂမန မြတ်စွာဘုရားသီတင်းသုံးတော်မူသည်။ တောင်ဘက်မုခ်ဦစောင်းတန်းနှင့် အာရုံခံတန်ဆောင်းတွင် ရှေးဟောင်းလက်ရာ ကြေးကနုတ်ပန်းများရှိသောကြောင့် နိုင်ငံခြားဘုရားဖူးများ စိတ်ဝင်စားမှုခံရ သော နေရာလည်းဖြစ်ပါသည်။
အနောက်ဘက်မုခ်ကို မဟာဗန္ဓုလလမ်းမှ တက်ရောက်နိုင်သည်။သက္ကရာဇ် ၁၃၀၃ ခုနှစ်တွင် စတင်လှူဒါန်းခဲ့ပြီး ၁၃၁၁ ခုနှစ်တွင် ထပ်မံပြုပြင်မွမ်းမံခဲ့သည်။ အနောက်ဘက်မုခ် အာရုံခံ တန်ဆောင်းအတွင်းတွင် ကဿပမြတ်စွာဘုရားရုပ်ပွားတော် သီတင်းသုံးနေထိုင်တော်မူသည်။ ၎င်းမုခ်ဦးစောင်းတန်းနှင့် အာရုံခံတန်ဆောင်းတွင်လည်း ကြေးကနုတ်ပန်းများ အနုလက်ရာမြောက် သောကြောင့် ဘုရားဖူးများစိတ်ဝင်စားပါသည်။
မြောက်ဘက်မုခ်ကို ဆူးလေဘုရားလမ်းမှ တက်ရောက်နိုင်သည်။ မြောက်ဘက်မုခ်ဦး တန်ဆောင်း ကို ၁၂၉၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် အသစ်ပြန်လည် ဆောက်လုပ် လှူဒါန်းပြီး ယခုဆောက်လုပ်လှူဒါန်းသော မုခ်ဦးတန်ဆောင်းကို နောင်အရှည် တည်တံ့စေရန် ရည်ရွယ်၍ သံကူကွန်ကရစ်ဖြင့် ဆောက်လုပ်ထားသည်။ မြောက်ဘက်မုခ် အာရုံခံတန်ဆောင်းတွင် ဂေါတမမြတ်စွာဘုရား သီတင်းသုံးစံပါယ်တော်မူသည်။