ဝါဆိုလ

     ဝါဆိုလသည် မြန်မာများအတွက် ထူးခြားသောလတစ်လဖြစ်သည်။ “သန္ဓေတော-ထွက်၊ ဓမ္မစက်၊ ဟောမြွက်ရင့်ကျူး၊ ဝါဆိုဦး” ဟူ၍လည်းမှတ်သားကြသည်။ မြတ်စွာဘုရားသည် မဟာ သက္ကရာဇ်  ၆၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် သန္ဓေယူတော်မူသည်။ မဟာသက္ကရာဇ် ၉၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် တောထွက်တော်မူသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ဓမ္မစကြာတရားကို ဟောတော်မူလေသည်။

     မြတ်စွာဘုရားသည် တပည့်သားရဟန်းတော်များကို ဝါတွင်းသုံးလပတ်လုံး မည်သည့်အရပ်သို့မျှ ညဉ့်အိပ်ညဉ့်နေမသွားကြရဘဲ ဝါဆိုဝါကပ်ရမည်ဟု ဝိနည်းပညတ်တော်မူလေသည်။ ထိုကဲ့သို့ ဝါတွင်း ကာလ၌ ဝါဆိုတော်မူကြမည့် သံဃာတော်များကို ဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပကြသည်။ အာရုံခံ တန်ဆောင်းလေးဆောင်တွင် သီတင်းသုံးနေတော်မူသော ဤဘဒ္ဒကမ္ဘာ၌ပွင့်တော်မူပြီးဖြစ်သည့် ဘုရားလေးဆူကို ရွှေကြာသင်္ကန်းကပ်လှူပူဇော်ကြသည်။ မကပ်လှူမီ ရွှေကြာသင်္ကန်းများကို စေတီတော်ရင်ပြင်၌ လက်ယာရစ်သုံးကြိမ်လှည့်လည်ကြသည်။ ရှေ့ဆုံးတွင် သာသနာ့အလံကိုင်နှင့် ကြေးစည်ကိုထားသည်။ နောက်တွင် ရွှေကြာသင်္ကန်းလေးထည်ကို တစ်ဖွဲ့စီလေးဖွဲ့ခွဲ၍သယ်ကြသည်။ တစ်ဖွဲ့တွင် ဂေါပကအဖွဲ့ဝင်တစ်ဦးက ရှေ့မှဦးဆောင်၍ ဝန်ထမ်းအမျိုးသမီးလေးဦးက ရွှေကြာ သင်္ကန်းတစ်ထည်ကိုဖြန့်လျက် သယ်ဆောင်ကြသည်။ ဤသို့လှည့်လည်နေစဉ်အတွင်း မေတ္တသုတ် ပရိတ်တော်ကို ရွတ်ဖတ်ပူဇော်ကြသည်။ ဂေါပကတစ်ဦးစီက အာရုံခံတန်ဆောင်းများအတွင်း သီတင်း သုံးနေတော်မူသော ရုပ်ပွားတော်တစ်ဆူလျှင် ရွှေကြာသင်္ကန်းတစ်ထည်ကျစီ ကပ်လှူကြသည်။ ကျန်သင်္ကန်းများကို အလှူရှင်များက စေတီတော်ရင်ပြင်ရှိဆင်းတုတော်များတွင် ကပ်လှူကြသည်။ ဤသို့ကပ်လှူပြီးနောက် ကျက်သရေဆောင်ခန်းမ၌ ဩဝါဒါစရိယဆရာတော်ကြီးများတစ်ပါးလျှင် ဝါဆိုသင်္ကန်းဒွိစုံ တစ်စုံစီကပ်လှူကြပြီး ပရိတ်ရွတ် အမျှဝေလေသည်။

    မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် ဓမ္မစကြာအခါတော်နေကို ကျက်သရေဆောင်ခန်းမ၌ ကျင်းပပြုလုပ် သည်။ ဂေါပကအဖွဲ့ဝင်များက ဦးဆောင်၍ ဆူးလေစေတီတော်ဝန်ထမ်း ဝတ်အဖွဲ့ဝင်တို့နှင့် ကျင်းပ ခြင်းဖြစ်သည်။ ဓမ္မစကြာတရားတော် ဟောကြားတော်မူရသည့်အကြောင်း၊ ဓမ္မစကြာတရားတော်၏ အဓိပ္ပာယ်တို့ကို ပါဠိ-မြန်မာနှစ်ဘာသာတွဲ၍ ရွတ်ဆိုပူဇော်ကြသည်။