တန်ဆောင်မုန်း
တန်ဆောင်မုန်းလ ဆီမီးထွန်းပူဇော်ပွဲသည်လည်း မြန်မာ့ဆယ့်နှစ်လရာသီပွဲတစ်ပွဲ ဖြစ်သည်။ တန်ဆောင်မုန်း၏ အဓိပ္ပာယ်ကပင်လျှင် မီးရှူးမီးတိုင်တို့ ထွန်းညှိပူဇော်သောလ ဟု အဓိပ္ပာယ်ပေါက်လေသည်။ ရှေးခေတ်အခါက တန်ဆောင်မုန်းလတွင် ဆီမီးများထွန်းညှိ ပူဇော်ကြသည့်ပြင် တာဝတိံသာနတ်ပြည်ရှိ စူဠာမနိစေတီတော်ကို ရည်မှန်းပူဇော်သည့် အနေဖြင့် မီးပုံးပျံများ လွှတ်တင်ပူဇော်သည့် ဓလေ့လည်းရှိခဲ့ဖူးလေသည်။
တန်ဆောင်းမုန်းလ အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော် ၁ ရက်နေ့များတွင် နံနက် အရုဏ်ချိန်၌ သစ်သီးမျိုးစုံကပ်လှူကြသည်။ ညပိုင်းတွင် ဆီမီးငါးထောင်ထွန်းညှိ ပူဇော်သည်။ အာရုံခံတန်ဆောင်းများတွင် ဝတ်အသင်းများက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။ လပြည့်နေ့ နံနက် ၈ နာရီအချိန်တွင် ရွှေကြာသင်္ကန်းလှည့်လည် ပူဇော်ကြသည်။ လှည့်လည်ပူဇော်ပြီးနောက် အာရုံခံတန်ဆောင်းများတွင် သီတင်းသုံး နေတော်မူသော ဘုရားလေးဆူအား ရွှေကြာသင်္ကန်းတစ်ထည်စီကို ဂေါပကတစ်ဦးစီက ကပ်လှူပူဇော်သည်။ ကျန်သောရုပ်ပွားတော်များကိုလည်း အလှူရှင်အသီးသီးက သင်္ကန်း တော်များ ကပ်လှူကြသည်။
