ပြာသိုလ

   သမိုင်းဝင် ရှေးဟောင်းစေတီတစ်ဆူဖြစ်သော ဆူးလေစေတီတော်၏ ပွဲတော်ကို ရှေးမင်းများလက်ထက်ကကျင်းပခြင်းရှိခဲ့ပေမည်။ လောကမှန်ကင်းဆရာတော် ရန်ကုန်မြို့ သို့ ကြွရောက်လာချိန် ဖြစ်သည့် သက္ကရာဇ် (၁၁၇၇) ခုနှစ်တွင်မူ ဆူးလေစေတီတော်၌ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပကြောင်းကို ကေသဓာတုဝဏ္ဏနာကျမ်းတွင် တွေ့ရသည်။ လောကမှန်ကင်းဆရာတော်သည် ပရိသတ်အပေါင်းခြံရံ၍ သုံးရက်တိုင်တိုင် ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတို့ဖြင့် ဆူးလေစေတီတော်ကိုပူဇော်သည်။ ထိုသို့ဆရာတော်က ပူဇော်သည့်အခါ ရန်ကုန်မြို့သူမြို့သားများကလည်း နေ့ညမပြတ် အထူးထူးသောပူဇော် သက္ကာရတို့ဖြင့် ပူဇော်ကြသည်။

   မှန်ကင်းဆရာတော်က ပြာသိုလတိုင်း သီးမျိုးစုံပဒေသာပင်လှူခြင်းကြောင့် ဆူးလေ စေတီတော်ကို စိတ်ဝင်စားကြည်ညိုသူ ပိုမိုများပြားလာခဲ့ဟန်တူသည်။ ၁၈၉၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော ဂျော့ဘာ့ဒ်၏ မြန်မာနိုင်ငံတွင်းခရီး (Wanderings in Burma) စာအုပ် တွင် ဆူးလေစေတီတော်၏ အကြောင်းဖော်ပြရာ၌ ဆူးလေစေတီတော်သည် ကာနယ် အောလ်ကော့ (Colonel Olcott)နှင့် အချို့ဗုဒ္ဓဘာသာဝင်များ  ပြန်လည်ဖော်ထုတ်ပေးမှု ကြောင့် လွန်ခဲ့သောနှစ်အနည်းငယ်ကာလကစ၍ လူအများဂရုပြုခြင်းခံလာရသော စေတီ ဖြစ်သည်ဟု မှတ်တမ်းတင်ထားသည်။

     “အကြောင်းထူးတစ်ခုမှာ ရှေးရှေးသောအခါ ဤဆူးလေစေတီတော်ကြီးသည် မြို့၏ အလယ်မှာ   ထင်ရှားကျော်စောစွာ ရှည်ကြာလေးမြင့် တည်ရှိတော်မူပါလျက်ရှိပါသည်။ သို့ရာတွင် ထိုဆူးလေစေတီတော်ကြီးကို အမှီပြု၍ ဆူးလေပိဋကတ်အသင်းဟုအမည်နှင့် တည်ထောင်ဖွင့်လှစ်ကြသော လူကြီးလူကောင်းပညာရှိအပေါင်းတို့က ပြဆိုခဲ့သည့်အချက် ကို အထူးစဉ်းစားမိကြသဖြင့် ၁၂၇၄ ခုနှစ်၊ တပေါင်းလပြည့်ကအစပြု၍ လွန်ခဲ့သော ဆူးလေစေတီဘုရားပွဲတော်ကြီးကို ဖြစ်ဖူးဖြစ်ခဲ၊ ကြုံဖူးကြုံခဲ၊   ဆင်နွှဲပြုလုပ်ကြပေသည်မှာ လူရောနတ်ပါ ဗြဟ္မာအပေါင်းတို့က ကောင်းချီးအနုမော် သာဓုခေါ်ထိုက်‌သော အချက်ပင် ဖြစ်ပေသည်။”

     ပိဋကတ်အသင်းမှကြီးမှူး၍ ဆူးလေစေတီဘုရားပွဲတော်ကို သက္ကရာဇ် ၁၂၇၄ ခုနှစ် (၁၉၁၂) တွင် စတင်ကျင်းပသည်ဟု ရေးသားထားသည်။ ဆူးလေစေတီဘုရားပွဲတော်ကို ထိုကာလမှစ၍ နှစ်စဉ်ကျင်းပနိုင်ခဲ့ဟန်ရှိသော်လည်း ထူးထူးခြားခြားမှတ်တမ်းတင် ထားသည်တို့ကို မတွေ့ရသေးပေ။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားစဉ်ကာလက ဆူးလေ စေတီတော်အနီးတစ်ဝိုက်သည် မြန်မာနိုင်ငံ၏ အချက်အချာဒေသဖြစ်သဖြင့် စစ်ဘေးဒါဏ် ကို အလူးအလဲခံရသည်။ ထိုကာလများက ဘုရားပွဲကျင်းပနိုင်ဟန် မတူပေ။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မူ ဘုရားပွဲကို ဆက်လက်ကျင်းပခဲ့ဟန်ရှိသည်။ (၂၃-၃-၁၉၅၂)နေ့ ထုတ် မြန်မာ့အလင်းသတင်းစာတွင် မတ်လ (၂၂) ရက်နေ့ နံနက် ဝေလီဝေလင်းအချိန်၌ ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ကျော်ဝင်းဆိုသူထံမှ လိုင်စင်မဲ့ ခြောက်လုံးပြူးသေနတ်တွေ့သဖြင့် ခေါ်ယူစစ်ဆေးရာ ကျော်ဝင်းမှာ  ဆူး‌လေဘုရားပွဲမှ ပွဲကြည့်ပြီး ပြန်လာသူဖြစ်ကြောင်း သတင်းတစ်ပုဒ် တွေ့ရလေသည်။ ထိုသတင်းအရ ဆူးလေစေတီတော် ဘုရားပွဲကျင်းပသောရက်မှာ မတ်လဖြစ်နေသဖြင့် တပေါင်းလနှင့် တိုက်ဆိုင်နေသည်။ ထို့ကြောင့် ဘုရားပွဲတော်ကို သက္ကရာဇ် ၁၂၇၄ ခုနှစ်မှစ၍ နှစ်စဉ် တပေါင်းလ၌ ကျင်းပသည်ဟု ယူဆရသည်။

   ၁၉၈၀ ပြည့်နှစ်တွင် အတည်ပြုခဲ့ရသော ဆူးလေစေတီတော် ဂေါပကစည်းမျဉ်းအပိုဒ် ၆၇ တွင် ဂေါပကအဖွဲ့သည် နှစ်စဉ်တန်ခူးလတွင် ဘုရားပွဲတော် ကျင်းပပေးရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။ သို့ရာတွင် တန်ခူးလသည် ရာသီဥတုပူပြင်းသဖြင့် နှစ်စဉ် ဇန်နဝါရီလ ၅ ရက်နေ့မှ ၂၅ ရက်နေ့အတွင်းကျင်းပရန် ဂေါပကအဖွဲ့မှ ၁၉၈၁ ခုနှစ်တွင် ရန်ကုန်တိုင်း ပြည်သူ့ကောင်စီသို့ တင်ပြခဲ့ပြီး ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒကိုလည်း ခံယူခဲ့သည်။ ဆရာတော်ကြီးများ၏ ခွင့်ပြုချက်အရ ယခုအခါ ဆူးလေစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ဇန်နဝါရီလ၌ ကျင်းပသည်။

     နှစ်စဉ် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် တနင်္ဂနွေနေ့ကို ပွဲတော်၏ နောက်ဆုံးရက်အဖြစ် သတ်မှတ်ပြီး ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်သည်။ ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပရာ၌ –

   (၁)     အဘိဓမ္မာ အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲ

   (၂)      ဆွမ်းတော်ကြီးတင်ကပ်လှူပူဇော်ပွဲ

   (၃)     ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

   (၄)     ပျော်ပွဲရွှင်ပွဲ

ဟူ၍ ပွဲကြီးလေးပွဲ ကျင်းပနိုင်ရန် ဗဟိုအဖွဲ့ကို ဖွဲ့စည်းကာ ဆပ်ကော်မတီငါးဖွဲ့ခွဲ၍ အသီးသီး တာဝန်ယူဆောင်ရွက်ကြသည်။

    အဘိဓမ္မာအသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဗုဒ္ဓပူဇနိယပွဲတော် မကျင်းပမီ သုံးရက် ကြိုတင်၍ ကျင်းပသည်။ အဘိဓမ္မာခုနစ်ကျမ်းပါဠိတော်များကို သံဃာတော် အပါးသုံးဆယ်က အသံမစဲရွတ်ဖတ်ပူဇော်သည်။ အဘိဓမ္မာခုနှစ်ကျမ်းပါဠိတော်များကို အကျော်အလွှားမရှိဘဲ အစဉ်အတိုင်းခုနစ်ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သည်။ သံဃာတော် အပါးသုံးဆယ်တို့သည် စေတီတော်ရင်ပြင်ရှိ ကျက်သရေဆောင်ခန်းမတွင် သီတင်းသုံး၍ အလှည့်ကျရွတ်ဖတ်ပူဇော်ကြသည်။ တစ်ပါးလျှင် မိနစ်သုံးဆယ် တာဝန်ယူ၍ ရွတ်ဖတ် ပူဇော်သည်။ သံဃာတော်တို့အား အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်၊ ဆေး၊ စတုမဓူနှင့် အဖျော်ရည်များ အချိန်အခါအလျောက် ကပ်လှူကြသည်။ ကြည်ညိုသူ ပရိသတ်များ ဘေးအန္တရာယ်ကင်းစိမ့်သောငှာ ပဌာန်းရေစင်အိုး နှစ်ဆယ့်လေးလုံးကို စီ၍ထားရှိသည်။ ဘုရားဖူးတို့လည်း အဘိဓမ္မာတရားတော်ရွတ်ဖတ်ပူဇော်သည်ကို နာကြား ကြည်ညိုကြပြီးလျှင် အန္တရာယ်ကင်းပရိတ်ရေသောက်သူများ ပရိတ်ရေသယ်ယူသူများနှင့် စည်ကားလှသည်။ အဘိဓမ္မာခုနှစ်ကျမ်းအသံမစဲရွတ်ဖတ်ပူဇော်ပွဲကို ပွဲတော်အပြီးသတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မကျင်းပမီ  တစ်ရက်အလို၌ ရေစက်ချပွဲ ကျင်းပပြုလုပ်၍ အပြီးသတ်သည်။

     ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ပွဲတော်ကျင်းပမည့်နေ့ မွန်းလွဲချိန်တွင် ကျင်းပပြုလုပ်သည်။ ဖွင့်ပွဲအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီးနောက် ဂေါပက အဖွဲ့ဝင်တစ်ဦးက အခမ်းအနား ဖွင့်လှစ်ကြောင်း လျှောက်ထားလွှာများကို ဖတ်ကြား လျှောက်ထားသည်။ ဗုဒ္ဓပူဇာ မင်္ဂလာပိုဒ်စုံရတုများကို စောင်းနှင့်တွဲဖက်၍ ရွတ်ဖတ်ပူဇော် သည်။ ထို့နောက်ပရိသတ်သည် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ပဉ္စသီလခံယူ ဆောက်တည်ကြသည်။ ဆရာတော်ကြီးများက ပစ္စယုဒ္ဒေသပဌာန်းဒေသနာတော်မြတ်ကို ရွတ်ဖတ်ပူဇော်ပြီးနောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်လှစ်ကြောင်း အထိမ်းအမှတ်အဖြစ် ခေါင်းလောင်းနှစ်ဆယ့်လေးချက် တီးခတ်ကြသည်။

   ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို ပွဲတော်ကျင်းပသည့် ပထမနေ့မှ စတုတ္ထနေ့အထိ လေးရက်တိုင်တိုင် လှူဒါန်းပူဇော်ကြသည်။ ပွဲတော်ရက်များတွင် ဂေါပကအဖွဲ့ဝင်များက ဦးဆောင်၍ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များမှ စေတနာရှင် များ၊ ဘာသာရေးအသင်းအဖွဲ့များက သစ်သီးဆွမ်း၊ မုန့်ဆွမ်း၊ ခဲဖွယ်ဘောဇဉ်များကို အာရုံခံတန်ဆောင်းလေးဆောင်၌ သီတင်းသုံးစံပါယ်နေတော်မူသော ကကုသန္ဓ၊ ကောဏာ ဂမန၊ ကဿပနှင့် ဂေါတမမြတ်စွာဘုရားတို့ကို ကပ်လှူကြသည်။ စနေဝတ်အသင်း၊ တနင်္ဂနွေဝတ်အသင်း၊ လောကချမ်းသာဝတ်အသင်း၊ တရုတ် – မြန်မာဝတ်အသင်းတို့မှ လည်း နေ့တိုင်းအဆက်မပြတ် ရွတ်ဖတ်ပူဇော်ကြသည်။ ပွဲတော်ရက်များအတွင်း ညစဉ် ဆီမီးတစ်ထောင်ဖြင့်လည်း ပူဇော်ကြသည်။

     သံဃာ့ပူဇာအဖြစ်    သံဃာတော်    အရှင်မြတ်များအား    ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို  ဗုဒ္ဓပူဇနိယပွဲတော်နောက်ဆုံးနေ့ဖြစ်သည့် တနင်္ဂနွေနေ့တွင် ကျင်းပသည်။ ဆူးလေစေတီ တော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများကို အမှူးထား၍ ရန်ကုန်တိုင်း အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်အပါး တစ်ရာ့ရှစ်ဆယ်နှင့် သီလရှင်အပါး ငါးဆယ်တို့အား စေတနာရှင်အလှူရှင်များက လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။ ဆွမ်းဆန်စိမ်းမလောင်းမီ ဗုဒ္ဓပူဇနိယပွဲပြီးဆုံးအောင်မြင်သည့်အထိမ်းအမှတ်အဖြစ် ရေစက် သွန်းချ အမျှဝေသည်။ ထို့နောက် ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ သီလရှင်များကို စေတီတော်ရင်ပြင်ပတ်လည်တွင် စောင့်ဆိုင်းနေကြသော အလှူရှင်များက သဒ္ဓါတရား ထက်သန်စွာ ဆွမ်းဆန်စိမ်းများ‌ လောင်းလှူကြသည်။ သံဃာတော်များသည် ရင်ပြင်တော်တွင် ဆွမ်းဆန်စိမ်းအလှူခံယူတော်မူပြီး အရှေ့ဘက်မုခ်မှ အောက်သို့ကြွတော် မူကာ စေတီအောက်ခြေပတ်လည်တွင် မြို့နယ်များမှ အလှူရှင်များလောင်းလှူကြသော ဆွမ်းဆန်စိမ်းများကိုလည်း အလှူခံယူတော်မူကြသည်။

     ဗုဒ္ဓပူဇနိယပွဲတော်ကို ငါးရက်တိုင်တိုင်ကျင်းပရာ ညစဉ် ၆ နာရီမှ ၁၂ နာရီထိ အငြိမ့်၊ ဆိုင်း၊ ခေတ်ပေါ်တူရိယာအဖွဲ့တို့ဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။