ယုံကြည်ပူဇော်မှုဆိုင်ရာ

သူတော်စင်ဆောင်

           သူတော်စင်များဆောင်သည် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်‌ မြောက်ဘက်မုခ် အာရုံခံတန်ဆောင်းအနီးနှင့် ဝိပဿနာလိုဏ်ဂူအနောက်ဘက်တွင် တည်ရှိပြီး အကျယ်အဝန်းအား ဖြင့် အလျား (၇၀′) × အနံ (၁၅′) ကျယ်ဝန်းပါသည်။ ၁၉၈၉ ခုနှစ်တွင် ဘက်စုံမွမ်းမံတည်ဆောက်ခဲ့ ပြီး ဒုတိယအကြိမ်မွမ်းမံပြင်ဆင်ခြင်းကို ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်ရွက်ခဲ့ရာ သန့်ရှင်းသပ်ရပ် ခမ်းနားစွာတည်ရှိပါသည်။သူတော်စင်ဆောင်အတွင်း သူရဿတီမယ်တော်၊ ယက်ကန်းစင်တောင်ဆရာတော်၊ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ကွမ်ယင်မယ်တော် စသည်ဖြင့် သီးသန့်တစ်ခန်း နေရာအလိုက် ပေးထားပါသည်။ မိမိတို့ယုံကြည်အားကိုးမှုအရ ဆည်းကပ်လှူဒါန်းလိုသူများ၊ ဆုတောင်းလိုသူများ လည်း လွတ်လပ်စွာဆည်းကပ်နိုင်ပါသည်။


ဆူးလေဘိုးဘိုးကြီး

          ဆူးလေနတ်ကြီးအကြောင်းကို သိရသည်မှာ ကကုသန္ဓမြတ်စွာ ဘုရားသခင် လက်ထက်တော်၌ ဆူးလေနတ်ကြီးသည် ဘီလူးဖြစ်၍ တစ်နေ့တစ်နေ့လျှင် ဆင်တစ်စီး တစ်စီးကို ကုန်အောင်စား၏။ တစ်နေ့သော်ဆင်ကို ရှာဖွေရာ အလွယ်တကူမရနိုင် ဖြစ်နေချိန်၌ ကကုသန္ဓမြတ်စွာဘုရား ဆွမ်းခံကြွချိန်နှင့် ကြုံကြိုက်လေ၏။ မြတ်စွာဘုရား ကို ဘုရားဟူ၍မသိသဖြင့် ဖမ်းဆီးစားသောက် ရန်လိုက်လေ၏။ မြတ်စွာဘုရားရှင်လည်း ဘီလူးလိုက်သည်ကို မြင်တော်မူသော် ငံ့လင့်၍နေ၏။ ထိုအခါ မြတ်စွာဘုရားရှင်လည်း ဘီလူးကိုခေါ်၍ မြတ်စွာဘုရားရှင်အား သိမသိမေးလေသည်။ ဘီလူးက မသိကြောင်း ပြောဆိုသောအခါ ဘီလူးအားဒဏ်ထားသည့်အနေဖြင့် ပဉ္စသီလကို ခုနစ်ရက်မျှစောင့် စေ၏။ ဘီလူးလည်း ပဉ္စသီလကို ခုနစ်ရက်စောင့်ပါမည်ဟု မြတ်စွာဘုရာရှင်ထံတွင် ဝန်ခံလိုက်သည့် တစ်ခဏ၌ အစွယ်လေးချောင်းတို့ကျွတ်ပြီး သောတာပန်နတ်ဖြစ်လေ၏။ မြတ်စွာဘုရားရှင်လည်း ကိုယ်စားတော်အဖြစ် ကိုးကွယ်စိမ့်သောငှာ ဓမ္မကရိုဏ်ခေါ် ရေစစ်တော်ကို ကိုးကွယ်ရန်ပေးလိုက်လေ၏။ ဆူးလေနတ်ကြီးလည်း ရေစစ်တော်ကို သိင်္ဂုတ္တရတောင်ထိပ်ရှိ ကညင်ပင်အောက်၌မြှုပ်ကာ ကိုးကွယ်ထားသည်။

          ဆူးလေစေတီတော် ရင်ပြင်ပေါ်ရှိ ဆူးလေဘိုးဘိုးကြီးမှာ ဖော်ပြခဲ့ပြီးဖြစ်သော ဆူးလေ နတ်ကြီး၏ ပုံဖြစ်သည်ဟု ယုံကြည်ကြသည်။ ဆူးလေဘိုးဘိုးကြီး၏ ညာဘက်လက်သည် ရွှေတိဂုံစေတီတော်တည်ရှိရာ သိင်္ဂုတ္တရကုန်းတော်ဘက်ဆီသို့ ညွှန်ပြနေသည်။ ရွှေတိဂုံ စေတီတော်သမိုင်း၊ ဆူးလေစေတီတော်သမိုင်းတို့နှင့်အညီ ဆူးလေနတ်ကြီးက သိင်္ဂုတ္တရ ကုန်းတော် တည်နေရာ ကို ညွှန်ပြနေသည့်ပုံဟုလည်း ယုံကြည်ကြသည်။