ဆူးလေစေတီတော်သမိုင်း

      မွန်တို့၏အခေါ်အားဖြင့် ကျိုက်အသုတ်စေတီ၊ မြန်မာတို့၏အခေါ်အားဖြင့် ဆူးလေစေတီတော်ကြီးသည် ထင်ရှားသော ရှေးဟောင်းသမိုင်းဝင်စေတီတစ်ဆူဖြစ်ပါသည်။ ဆူးလေစေတီတော် (ကျိုက်အသုတ်စေတီ) ကို သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်၊ ဘီစီ ၃၂၆ ကတည်းက တည်ထားခဲ့၍ သက်တော်နှစ်ပေါင်း နှစ်ထောင်ကျော်ပြီဖြစ်ကြောင်း ဆူးလေစေတီတော် သမိုင်းစာအုပ်အရ သိရှိရသည်။ ဆူးလေစေတီတော်သမိုင်းသည် စိတ်ဝင်စားဖွယ်ကောင်းသကဲ့သို့ ရှေးဟောင်းဘုရားသမိုင်းတို့၏ သဘာဝအတိုင်း ဒဏ္ဍာရီဆန်ဆန်တို့ ပါဝင်နေသည်ကို တွေ့ရသည်။

      “ဆူးလေ”ဟူသော အမည်သည် “စုဝေး”ဟူသောစကားမှ ‌ရွေ့လျောဆင်းသက်လာသည်ဟူသော အယူအဆတစ်ရပ်ရှိသည်။ ဤအယူအဆသည် ရွှေတိဂုံစေတီတော်သမိုင်းနှင့် ဆက်စပ်နေသည်။ “ပညာဝဎုနကျမ်း” ကျိုက္ကစံသမိုင်းနှင့် ရခိုင်မြန်မာမွန်ရာဇဝင်ချုပ်တို့နှင့် အဆိုအရ “တဖုဿ”နှင့် “ဘလ္လိက” ညီနောင်တို့သည် မြတ်စွာဘုရားပေးသနားတော်မူလိုက်သော ဆံတော်ရှစ်ဆူကို ဥက္ကလာပမင်းကြီးထံ ဆောင်ယူလာ၍ စေတီတည်ထားကိုးကွယ်ရန် ဘူမိနက်သန်မြေဖြစ်သော သိင်္ဂုတ္တရကုန်းကို ရှာဖွေကြသည်။ ရုတ်တရက် မတွေ့နိုင်သဖြင့် သိကြားမင်းမနေနိုင်သောကြောင့် ဝိသကြုံနတ်သားကို စေလွှတ်၍ တောရှင်းစေရာတွင် သိင်္ဂုတ္တရကုန်းမြင့်ကိုတွေ့ရှိကြသည်။ သို့သော် လည်း ရှေးဘုရားရှင် သုံးဆူတို့၏ ပရိဘောဂတော်များတည်ရှိ‌ရာတွင် ဆံတော်များကိုဌာပနာ၍ စေတီတော် တည်ရမည်ဖြစ်ရာ  ထိုနေရာကို မသိကြသဖြင့် ဆူးလေစေတီတော်တည်မည့်ကုန်းနေရာ၌ ဥက္ကလာပမင်းကြီးနှင့် နတ်အများစုဝေးကြပြီးလျှင် ဆူးလေနတ်ကြီးအပါအဝင် နတ်ကြီး လေးပါးကိုပင့်ခေါ်၍ မေးသည်တွင်မှ ထိုနေရာကိုတွေ့ရှိသောကြောင့် ရွှေတိဂုံစေတီတော်ကို တည်ကြသည်။ ထို့နောက် နတ်လူအများ စုဝေးကြရာကုန်းမြေ၌ အထိမ်းအမှတ် စေတီတစ်ဆူတည်သည်။ အဆိုပါစေတီမှာ ယခု ဆူးလေစေတီတော်ဖြစ်သည်ဟုဆိုကြသည်။ ရွှေတိဂုံစေတီတော်သမိုင်း၊ ဗိုလ်တထောင်စေတီတော်သမိုင်းတို့၌လည်း သိင်္ဂုတ္တရကုန်းကို ရှာဖွေရန် သိကြားမင်းက နတ်တို့ကို “စုလေ”ဟု အမိန့်ပေးသည်ကို အစွဲပြု၍ “စုလေကုန်း”၊ အမိန့်အတိုင်း စုဝေးကြသည်ကို အစွဲပြု၍ “စုဝေးကုန်း”ဟု ခေါ်တွင်ကြောင်း ညွှန်းဆိုရေးသားကြသည်။

      ဆူးလေစေတီတော်မြတ်ကြီးသည် တဖုဿနှင့် ဘလ္လိကညီနောင်တို့ မြတ်စွာဘုရား ဆံတော်၊ ဓာတ်တော်များ ပင့်ဆောင်လာစဉ်က ယခုဗိုလ်တထောင်စေတီ တည်ရာဌာနတွင်  တစ်ထောက်နားပြီး နောက်ဆူးလေစေတီတည်ရာ ကုန်းမြင့်တွင်တစ်ထောက်၊ သိမ်ကြီးစျေး သိမ်တော်ကြီးနေရာတွင် တစ်ထောက်၊ အလံပြဘုရားနေရာတွင် တစ်ထောက်ရပ်နား ခဲ့သည်ဟု ဆံတော်ကြိုလမ်းကိုပြဆိုသော အဆိုအမိန့်များအရ ဆံတော်ဓာတ် ရပ်နားရာကုန်းတွင် တည်ထားသဖြင့် “ဆံတော်စေတီ” သို့မဟုတ် “ဆံတော်အထိမ်းအမှတ်စေတီ” ဖြစ်သည်ဟု အချို့က ယူဆကြသည်။

      ဆူးလေစေတီတော်ကို တည်ထားခဲ့သော ဘုရားဒကာနှင့်စပ်လျဉ်း၍ ရွှေတိဂုံစေတီတော်သမိုင်း၊ ဗိုလ်တထောင်စေတီတော်သမိုင်းများနှင့် ဆက်နွယ်သောဘုရားသမိုင်းများက ဆူးလေစေတီတော်ကို ဥက္ကလာပမင်းကြီးတည်ခဲ့သည်ဟု ဆိုကြသည်။ ကျိုက္ကဆံစေတီတော် သမိုင်းအရ ဆူးလေစေတီတော်သည် သန်လျင်ဘုရင်ဘောဂသေနမင်း တည်ခဲ့သည်ဟု အဆိုရှိသည်။

      သာသနာသက္ကရာဇ် ၂၃၉ ခုနှစ်ခန့်တွင် ရဟန္တာရှစ်ပါးသည် သီဟိုဠ်ကျွန်းကို ရေတိုက်စားခြင်းဘေးမှ ကာကွယ်နိုင်သော ပတ္တမြားကိုယူဆောင်၍ သန်လျင်မြို့သို့ရောက်ရှိလာပြီး တုံ့ပြန်ကျေးဇူးပြုသည့်အနေဖြင့် သီဟိုဠ်ကျွန်းမှဆောင်ယူခဲ့သောမြတ်စွာဘုရား၏ဆံတော်နှင့်ဓာတ်တော် အချို့ကို သန်လျင်မင်းဘောဂသေနအားပေး၏။ ထို့နောက် ရဟန္တာရှစ်ပါး ကြီးကြပ်ဦးစီး၍ ထိုဓာတ်တော်၊ ဆံတော်များကိုဌာပနာ၍ ကျိုက္ကဆံစေတီ၊ ကျိုက်အသုတ်စေတီ၊ ကျိုက်မဲသံကရောစေတီ၊ ကမာကမုစေတီ၊ ကျိုက္ကမာစိန်စေတီ၊ ကျိုက်ဒေးတဲစေတီ၊ ကျိုက်ဇွဲကမောစေတီ၊ ကျိုင်ဒင်မဲစေတီ၊ ကျိုက်ခပေါက် စနွတ်စေတီ၊ ကျိုက်ခပေါက်ဆွတ် စေတီ၊ ကျိုက်ဒေးအပ်စေတီဟူ၍ စေတီပေါင်း(၁၁)ဆူနှင့် သိမ်တော်ကြီးကိုးလုံးတို့ကို တည်တော်မူသည်။ အဆိုပါစေတီများထဲမှ ကျိုက်ဒေးအပ်စေတီမှ ယခုဗိုလ်တထောင်စေတီဟု‌ ခေါ်ဆိုနေကြပြီး ကျိုက်အသုတ်စေတီမှာ ဆူးလေစေတီဟုသိကြသည်။ ဆံတော်ဌာပနာရာ ဆံတော်ရှင်စေတီဟုလည်း ဘုရားသမိုင်းအချို့တွင် ဖော်ပြကြသည်။

ရဟန္တာသိမ်ကြီး(၉)သိမ်

၁။ ကျိုက္ကဆံစေတီတော် တောင်ဘက်တွင် အရှင်ယဿသိမ်

၂။ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနီးတွင် ထန်းပင်ကုန်းသိမ်

၃။ ဗိုလ်တထောင်မြို့နယ်၊ ဒေဝသာဂရကုန်းသိမ်

၄။ ဗိုလ်တထောင်မြို့နယ်၊ ဝန်ကြီးများရုံးအနောက်ဘက် ကသစ်ကုန်း         မြင်းခင်းသိမ်

၅။ ကျောက်တံတားမြို့နယ်၊ ဗန္ဓုလပန်းခြံအနီး၊ ခရေပင်သိမ်

၆။ ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးသိမ်

၇။ အလုံမြို့နယ်၊ အ.ထ.က(၄)တွင် သစ်တိုကုန်းသိမ်

၈။ ကျားကူးသိမ်၊ ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်း

၉။ ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်း အနောက်ဘက် ရဟန္တာသိမ်

      (ဆူးလေဘုရား)ကျိုက်အသုတ်ဘုရားအကြောင်းကို ရာဇဓိရာဇ်အရေးတော်ပုံကျမ်းတွင် သက္ကရာဇ် ၇၀၀ ကျော်က ဟံသာဝတီတွင် စိုးစံခဲ့သော ဆင်ဖြူရှင်ဘွဲ့ခံ မွန်ဘုရင် ဗညားဦးသည် မိဖုရား၊ သားတော်၊ သမီးတော်များနှင့်အတူ ဒဂုံဆံတော်ရှင်ဘုရားသို့ ဖူးမြင်ပူဇော် ထွက်တော်မူသည်။ ထိုအခါ “အသုတ်ဘုရားရှင် ဗျာဓိတ်တော်ပြတော်မူသည်တွင်” သဘင်ကြီးစွာ ခုနှစ်ရက်လည်အောင်ခံ၍ ပြန်ဝင်တော်မူ၏ဟု “ရာဇဓိရာဇ် အရေးတော်ပေါ်ကျမ်း”တွင် ဖော်ပြထားသည်။

      ဘိုးတော်ဘုရားခေါ် ဗဒုံမင်းလက်ထက် သက္ကရာဇ် ၁၁၇၇ ခုနှစ်တွင် လောကမှန်ကင်းဆရာတော် ရေးသားပြုစုတော်မူသည့် ရွှေတိဂုံဆံတော်သမိုင်း၊ “ကေတုဓာတုဝဏ္ဍာ” ပေမူတွင် ဆံတော်ဓာတ် တစ်ဆူကို ဌာပနာကာ တည်ထားသော ဆူးလေဘုရား(ဝါ) မွန်တို့ဘာသာဖြင့် ကျိုက်ဒေးသွတ်(သုတ်) စေတီတော်သို့ လောကမှန်ကင်းဆရာတော်သည် သက္ကရာဇ် ၁၁၇၈ ခုနှစ်တွင် ပရိသတ်အပေါင်း ခြံရံလျက် သုံးရက်တိုင်တိုင် သွားရောက်၍  ရေ၊ ပန်း၊ နံ့သာ၊ ဆီမီးတိုင်တို့ဖြင့် ပူဇော်သည်။ ရန်ကုန်မြို့သူ၊ မြို့သားအပေါင်းလည်း ဆူးလေစေတီသို့ နေ့‌ရောညပါလာရောက်၍ အထူးထူးသော ပူဇော်သက္ကာရတို့ဖြင့် ပူဇော်ကြသည်။ စေတီရင်ပြင်ကိုလည်း ပုဆစ်နစ်သည့်တိုင်အောင် သဲခင်းပူဇော်ကြသည်။ ဆရာတော်သည် စေတီရင်ပြင်ပေါ်ရှိ တရားသဘင်လေးဆောင်တွင်လှည့်၍ အဘိဓမ္မာတရား ကို ဟောတော်မူသည်။ သဒ္ဓါတရားနှင့်ပြည့်စုံသော မြို့သူမြို့သားတို့ကို တိုက်တွန်းနှိုးဆော်၍ ‌ဟောင်းနွမ်းယိုယွင်းသည်တို့ကို ပြုပြင်စေသည်။ ဆရာတော်အမှူးပြု၍ မြို့သူ၊ မြို့သားများ သည် စေတီတော်ကို ရွှေချမွမ်းမံသည်။ ထိုအခါ စေတီတော်မှ “ရက်ပေါင်းလေးဆယ် တိုင်တိုင်  ရောင်ခြည်တော်ကွန့်မြူး၍”    မဖြစ်စဖူး အံ့ဖွယ်သရဲဖြစ်ကုန်ဟု ဆူးလေစေတီတော် နိသျပြန်ဆို ဖော်ပြခဲ့ကြောင်း ဆူးလေစေတီတော် သမိုင်းစာအုပ်တွင် ဖော်ပြထားသည်။

      ရှေးနှစ်ပေါင်းနှစ်ထောင်ကျော်ကတည်းက တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဆူးလေစေတီတော်ကြီးကို မြို့လယ်ကျက်သရေဆောင် စေတီတော်ကြီးအဖြစ် ၁၉၈၉ ခုနှစ်တွင် ဘက်စုံမွမ်းမံပြန်လည်တည်ဆောက်ရေးလုပ်ငန်းကြီးကို ဆောင်ရွက်ခဲ့ကြပြီး ယခုအခါ ရန်ကုန်မြို့လယ် ကျက်သရေဆောင် စေတီတော်ကြီးအဖြစ် ကြည်ညိုသဒ္ဓါပွားများလျက်ရှိကြသည်။

      ယခုအခါ သာသနာသက္ကရာဇ် ၂၅၅၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်တွင် ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင်ဆူးလေစေတီတော်ကြီး၏ နှစ်တစ်ရာပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

ဆူးလေစေတီ၊ မွေသရီ

      အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်နှင့် သီရိဓမ္မာသောကမင်းကြီးတို့ တိုင်ပင်၍ မြန်မာပြည်အပါအဝင် ကိုးတိုင်းကိုးဌာနသို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားရေးအတွက် သီရိဓမ္မာသောကမင်းကြီး၏ သားတော် အရှင်မဟိန္ဒအမှူးရှိသော ရဟန္တာများအား စေလွှတ်တော် မူရာတွင် အရှင်သောဏ၊ အရှင်သုဇိတ အပါအဝင် ရဟန္တာရှစ်ပါး ပင့်ဆောင်တော် မူလာကြသည့် “ဆံတော်၊ ဓာတ်တော်မြတ်” များကို သန်လျင်ဒေသ ဘောဂသေနမင်းကြီးအား  ပေးအပ်တော်မူလေသည်။ ဘောဂသေနမင်းကြီးက အမတ်ကြီးများအား ဆံတော်နှင့် ဓာတ်တော်များကို ခွဲဝေပေးပြီး အနာဂါတ် သာသနာထွန်းလင်းစေရန် စေတီတော်များ တည်ထားကိုးကွယ်စေသည်။ သာသနာတော်နှစ် ၂၃၈ တွင် သူရဲကောင်းအမတ်ကြီးအသုတ်က ဆံတော်(၂)ဆူ၊ ဓာတ်တော်(၂)ဆူကို ဌာပနာ၍‌ ရေပတ်လည်ဝိုင်းနေသော ဂဝံကုန်းမူထက်တွင် ရှစ်မြှောင့်ထောင့်ချိုးပုံစံ စေတီတော်ကို တည်ထားသည်။ မူလဘွဲ့အမည်မှာ “ကျိုက်အသုတ်” ဟု ခေါ်တွင်ရာမှ ဆူးလေစေတီတော်မြတ်အမည်သို့ ပြောင်းလဲလာလေသည်။

      ဆူးလေစေတီတော်ပုံသဏ္ဍာန်သည်  အောက်ခြေဖိနပ်၊  ပန်းတင်ခုံနှင့် ပစ္စယံတို့မှသည် အထက်ကြာမှောက်အထိ ရှစ်မြှောင့်ထောင့်ချိုးဖြစ် သည်။ အောက်ခြေကို စက်ဝန်းသဏ္ဍာန် ပြု၍ ရှစ်မြှောင့်ထောင့်များထည့်ထားပြီး ပစ္စယံသုံးဆင့်နှင့် ကြာဝန်းသုံးရပ် ပါဝင်ဖွဲ့စည်း ထားသည်။ ခေါင်းလောင်းသပိတ်တော်ကို တစ်တွဲတည်းပြုလုပ်ထား၍ အထက်နှုတ်ခမ်းစွန်းများ ကော့နေဟန်ရှိနေသည်။ ခေါင်းလောင်းအထက်ရှိ ရင်စည်းအထက်၌ “မကန်းကွက်” ပုံသဏ္ဍာန်ဆောင်သည့် ရှမ်းထီးပုံသဏ္ဍာန် ထုဆစ်ထားသော ထီးသုံးလက် ထပ်ဆင့်ထားပြီး ထီးသုံးလက်အထက်ပိုင်းတွင် “စကြာပုံ” ဖော်ထားသည်။ ဖောင်းရစ်များမှလည်း ရှစ်မြှောင့်ထောင့်ချိုးပင်ဖြစ်၍ အထက်တွင် ဖောင်းရစ်ကြီး(၃)ခု၊ အလယ်တွင် ဖောင်းရစ်(၂)ခုနှင့် အခြေခံဖောင်းရစ်(၄)ခု၊ စုစုပေါင်းဖောင်းရစ် (၉) ခု ပါရှိသည်။ ဖောင်းရစ်များ အထက်တွင် “ကြာနု၊ ကြာမှောက်၊ ရွဲ၊ ကြာလန်” တို့ ရှိကြ၏။ “ရွဲ” တပ်ဆင်ထားပုံမှာလည်း အခြား စေတီများနှင့်မတူဘဲ တစ်မူထူးခြား၏။ ရွဲနှစ်ဆင့်ဖြင့် တင့်တယ်သပ္ပါယ် အချိုးအဆစ် ပြေပြစ်မှုကို ဖြစ်စေသည်။ ကြာနုသည် စေတီတော်ကို အထက်သို့ရှူးစေပြီးအောက်သို့ ရှစ်မြှောင့်ချိုးကား၍ ဆင်းစေမှုကို အကူးအပြောင်းပြုပေးသည့်နေရာဖြစ်သည်။ ငှက်ပျောဖူးသည်လည်း အခြားစေတီများကဲ့သို့ မဟုတ်ဘဲ ရှစ်မြှောင့်ပုံအချိုးနှင့် ပြေပြစ်လျော်ညီအောင် ရှစ်မြှောင့်အသွင်ရှိ၏။ စေတီတော်ကြီး၏ အထွတ်ဖြစ်သည့် ထီးတော်ကြီးသည် ဘုံခုနစ်ဆင့် ရှိသည်။ ၁၉၇၅ခုနှစ်က တင်လှူခဲ့ခြင်းဖြစ်သည်။ ရွှေချိန်(၄၂၃) ပိဿာနှင့် ကြေးနီပိဿာချိန် (၃၈၉၃၇) ပါဝင်သည်။ ထီးတော်အထက်တွင် ရွှေဦးစွန်းကြီး၊ ငှက်မြတ်နား၊ ရွှေဦးစွန်းလေး နှင့် စိန်ဖူးတော်တို့ဖြင့် တည်ထားကိုးကွယ်ထားလေသည်။

      ဆူးလေစေတီတော် ဘက်စုံမွမ်းမံတည်ဆောက်မှုကို “၁၉၈၉” ခုနှစ်တွင် ဆောင်ရွက်ရင်း ခေတ်မီအင်ဂျင်နီယာနည်းအတတ်ပညာဖြင့် တိုင်းတာချက်အရ-

(၁)  ကားလမ်းမြေညီ(လူသွားစင်္ကြန်)မှ စိန်ဖူးတော်အထိ ၁၆၀ပေ                  ၁၀လက်မ ဉာဏ်တော်     

(၂)  ရင်ပြင်တော်မှ စိန်ဖူးတော်အထိ ဉာဏ်တော်အမြင့် ၁၅၀ ပေ ၁၀             လက်မ     

(၃) ကားလမ်းမြေညီမှ ရင်ပြင်တော်(ကုန်းတော်အထိ) ၁၀ပေ 

      (လွတ်လပ်ရေးကျောက်တိုင်   အမြင့်မှ၁၅၅ပေဖြစ်သည်။) ဆူး‌လေစေတီတော်ကုန်းမူပတ်လည် အကျယ်အဝန်းမှာ (ဆိုင်ခန်းများ အပါ အဝင်) ၂ ဒဿမ ၁၈၁ ဧကဖြစ်ကာ ရင်ပြင်တော် အကျယ်အဝန်းသည် တောင်နှင့်မြောက် ၃၁၀ ပေနှင့် အရှေ့နှင့်အနောက် ရင်ပြင်တော်အကျယ်အဝန်းမှာ ၃၃၆ ပေဖြစ်သည်။ မြို့လယ်စေတီတော်ကြီးအား လယ်မြေဧက ၅၀.၇၂ ကို သိုက်တူးကန်ကျေးရွာ၊ သုံးခွမြို့နယ်၊ ရန်ကုန်တိုင်းတွင် ထူးခြားစွာ လှူဒါန်းထားလေသည်။ 

တည်နေရာပြ အညွှန်း

ဆူးလေစေတီတော်သည် ရန်ကုန်မြို့အလယ်ဗဟို အချက်အချာကျသောနေရာ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံရာတွင် တည်ရှိနေသည့် ရန်ကုန်မြို့၏ မြို့လယ်ကျက်သရေဆောင် စေတီတော်ကြီး ဖြစ်ပါသည်။