တပို့တွဲလ

     တပို့တွဲလ၌ နှမ်းမနဲပွဲကျင်းပခြင်းသည် မြန်မာ့အစဉ်အလာပွဲတော်တစ်ရပ်ဖြစ်သည်။ ထမနဲကို နှမ်းမနဲဟုလည်းခေါ်ကြသည်။ ဆူးလေစေတီတော်တွင်လည်း တပို့တွဲလ၌ ထမနဲ ကပ်လှူပွဲကျင်းပသည်။ ထမနဲထိုးပွဲပြုလုပ်ရာတွင် ထမနဲထိုးအဖွဲ့များကိုဖိတ်ကြား၍ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်အဆိုင် အတီးအမှုတ် အကအခုန်များဖြင့် တပျော်တပါးဆင်ယင် ကျင်းပသည်။ အဖိတ်နေ့ညတွင် ထမနဲထိုးပြိုင်ပွဲကိုအပြီးပြုလုပ်ပြီး လပြည့်နေ့ အရုဏ်ချိန် တွင် ဘုရားရှင်အားကပ်လှူပြီး ဆရာတော်၊ သံဃာတော်များထံသို့လည်း သွားရောက် ကပ်လှူသည်။ လပြည့်နေ့နံနက် ၉ နာရီမှ ၁၀ နာရီအတွင်း စေတီတော်ပေါ်တွင် ဘုရားဖူး များအား ထမနဲထုပ်များ ဝေငှ၍ ကုသိုလ်ပြုကြသည်။

   တပို့တွဲလ ပွဲတော်တစ်ခုမှာ မီးပုံပွဲဖြစ်သည်။ မီးပုံပွဲကို မီးဖုန်းပွဲဟုလည်းခေါ်တတ်၊ ရေးတတ်ကြသည်။ တပို့တွဲလသည် ချမ်းအေးသောရာသီဖြစ်သည်။ မြတ်စွာဘုရားသည် ချမ်းအေးသောရာသီ၌ မီးမယ်ဖျူးတွင် လက်တော်ကင်ရသည်။ မီးလှုံတော်မူရသည်ဟု ယုံကြည်ကြပြီး တပို့တွဲလ၌ စေတီဘုရားများတွင် နံ့သာထင်းမီးတို့ဖြင့်ပူဇော်သည်ကို မီးပုံပွဲဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ မီးပုံပွဲကို ရှေးအင်းဝခေတ်ကတည်းက ကျင်းပခဲ့ ကြောင်းတွေ့ရသည်။

     ဆူးလေစေတီတော်ဂေါပကအဖွဲ့သည် ဤအစဉ်အလာပွဲတော်ကို ထိန်းသိမ်းသည့်အနေဖြင့် တပို့တွဲလ၌ နံ့သာထင်းမီးပူဇော်ပွဲ ကျင်းပသည်။ တပို့တွဲလ အဖိတ်နေ့၊ လပြည့်နေ့နှင့် လပြည့်ကျော်   ၁ ရက် သုံးရက်လုံးတွင် ဆူးလေစေတီတော်ကြီး၏ ရင်ပြင်တော်ထောင့် လေးထောင့်တွင် ငှက်ပျောပင်များစိုက်၍ ရာဇမတ်ကာရံကာ သာသနာ့အလံများ စိုက်ထူ လျက် နံ့သာထင်းမီးတို့ဖြင့် ပူဇော်လေသည်။ နံ့သာထင်းမီးကို အကျော်၊ စမ္ပာ၊ ကရမက်၊ နံ့သာနီ၊ နံ့သာဖြူဟူသည့် နံ့သာငါးပါးကိုသာသုံးသည်။ ရောက်ရှိလာသော ဘုရားဖူးများ ကလည်း နံ့သာငါးပါးထင်းတို့ဖြင့် မီးပူဇော်ကြသည်။ ပျောက်ကွယ်လုနီးနီးဖြစ်နေသော ရာသီအလိုက် ကျင်းပခဲ့သည့် ဗုဒ္ဓပူဇနိယပွဲတော်တစ်ရပ်ကို ပြန်လည်ဖော်ထုတ်ကာ နှစ်စဉ် မပျက် ကျင်းပခြင်းဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းလျက်ရှိပါသည်။