တန်ခူးလ

      တန်ခူးလတွင်ကျင်းပသည့် သင်္ကြန်ပွဲသည် မြန်မာ့နှစ်သစ်ကူးပွဲပင်ဖြစ်သည်။ နှစ်သစ်ကူးပွဲတွင် နှစ်ဟောင်းမှ အညစ်အကြေးများကို စင်ကြယ်သန့်ရှင်းစေရန် အတာရေဖြင့် ပက်ဖျန်းဆေးကြောကြသည်။ ကုသိုလ်ကောင်းမှုများပြုကြသည်။ ခါသင်္ကြန် တွင်ပြုကြသော ကုသိုလ်ကောင်းမှုတွင် မြတ်စွာဘုရားရုပ်ပွားတော်များကို ရေသပ္ပါယ်သည့် ကုသိုလ်လည်းပါဝင်သည်။

      ဤသို့ခါသင်္ကြန်တွင် စေတီပုထိုးများ၌ ရေသပ္ပာယ်ပူဇော်သည့်အစဉ်အလာကို ဆူးလေ စေတီတော်ဂေါပကအဖွဲ့က ဆက်လက်ထိန်းသိမ်းကာ နှစ်စဉ်သင်္ကြန်ရက်များအတွင်း နံ့သာရည်ပူဇော်ပွဲ ကို ကျင်းပပြုလုပ်ကြသည်။

      ခါသင်္ကြန်နံ့သာရည်ပူဇော်ပွဲကို အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့ထိ ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်သည်။ အကြိုနေ့မှစ၍စေတီတော်ကြီး၏ တနင်္ဂနွေထောင့်၊ အင်္ဂါထောင့်၊ စနေထောင့်၊ ရာဟုထောင့်တို့၌ ခါသင်္ကြန်နံ့သာရည်များကို သန့်ရှင်းသော ရေစည်ကြီး များ၌ထည့်၍ ရေစည်ဘေးတွင် စားပွဲခုံများချထားသည်။ စားပွဲခုံပေါ်တွင် နံ့သာရည် ဖြည့်ထားသောအတာရေအိုးများကို စီ၍ချထားသည်။ ရေစည်များနှင့်စားပွဲခုံများကို ငှက်ပျောပင်နှင့် ရာဇမတ်များကာရံထားသည်။ ဘုရားရေသပ္ပါယ်လိုသူများသည် နံ့သာရည် အတာရေအိုးများကိုအသင့်ယူ၍ နီးရာဘုရားဆင်းတုတော်၊ ဂြိုလ်တိုင်များတွင် လောင်းလှူ ကြသည်။ နံ့သာရည်အိုးများကို တန်ဖိုးသတ်မှတ်ရောင်းချခြင်းမပြုဘဲ စေတနာ သဒ္ဓါ တရားအလျောက် အလှူခံပုံးတွင် ထည့်ဝင်လှူဒါန်းနိုင်ကြသည်။ စေတီတော်ရင်ပြင် တွင်လည်း မုန့်လုပ်ဆောင်း၊ အဖျော်ရည် စသည်ဖြင့် တိုက်ကျွေးလှူဒါန်းကြသည်။

    နှစ်ဆန်းတစ်ရက်နေ့တွင် ဆူးလေစေတီတော်ဝန်ထမ်းမိသားစုများက ဂေါပကအဖွဲ့ဝင် လူကြီးများကို ကန်တော့ကြခြင်း၊ ညနေချမ်းတွင် သံဃာတော်များအား ပင့်ဖိတ်၍ ဆည်းဆာပရိတ်နာခြင်းများပြုလုပ်၍ နှစ်သစ်ကို ကောင်းမှုကုသိုလ်တရား ပွားများ၍ ကြိုဆိုကြလေသည်။