နယုန်လ
ပွင့်တော်မူကုန်ပြီးသော ဘုရားရှင်အဆူဆူတို့သည်ဘုရားတစ်ဆူလျှင် မဟာသမယ အခါ တော်ကြီး တစ်ကြိမ်သာ ရရှိကြသည်။ ဂေါတမမြတ်စွာဘုရားရှင်ဝါတော် ၄ ဝါအရတွင် မဟာသမယအခါတော်ကြီးနှင့် တွေ့ကြုံရလေသည်။ မဟာ-ကြီးကျယ်သော၊ များပြားသော၊ သမယ–တွေ့ဆုံကြသည့်အချိန်အခါဟု အဓိပ္ပာယ်ရပါသည်။ မြတ်စွာဘုရားသည် နယုန် လပြည့်နေ့ညအခါ၌ မဟာဝုန်တောအတွင်း များပြားစွာသော လူနတ်ပရိသတ်ကို မဟာသမယသုတ်ဟောကြားတော်မူလေသည်။ မဟာသမယသုတ် ဟောကြားတော်မူသော နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့ဟု သတ်မှတ်ကျင်းပကြခြင်းဖြစ်လေသည်။ ဆူးလေစေတီတော်ဂေါပကအဖွဲ့သည် နယုန်လပြည့်နေ့တိုင်း မဟာသမယအခါတော်နေ့ ကျင်းပခဲ့သည်မှာ ၁၉၉၅ ခုနှစ်တွင် ငါးနှစ်တိုင်တိုင်ရှိခဲ့လေပြီ။ နယုန်လပြည့်နေ့ မွန်းလွဲ (၁)နာရီအချိန်မှ ညနေ (၄)နာရီတိုင်အောင် ဆူးလေစေတီတော် ဂေါပကအဖွဲ့ဝင် လူကြီးများနှင့် ဝန်ထမ်းများပါဝင်သော ဝတ်အဖွဲ့က မဟာသမယအခါတော်နေ့ အမေးအဖြေများကို ကဏ္ဍအလိုက် မေးဖြေ၍ မဟာသမယသုတ္တန်ကို ရွတ်ဖတ်ပူဇော်ကြ သည်။
မဟာသမယသုတ္တန်ကို ရွတ်ဖတ်သရဇ္စျယ် ပူဇော်သောနေရာကို တန်ခိုးကြီးမားသော နတ် သိကြား၊ ဗြဟ္မာများသာ လာရောက်နာယူကြသည့်အတွက် မကောင်းသော တစ္ဆေဘီလူး၊ ပြိတ္တာတို့သည် အခြားတစ်ပါးသို့ ရှောင်ရှားထွက်ပြေးကြရသဖြင့် မဟာသမယသုတ် ရွတ်ဖတ်နာကြားရသူများသည် အန္တရာယ်အသွယ်သွယ်မှ ကင်းလွတ်ကြကုန်သည်။
မဟာသမယအခါတော်နေ့ ကျင်းပပေးခြင်းကြောင့် ဘေးဉပါဒ်ရန်စွယ် အန္တရာယ်များ ကင်းရှင်းစေသည့်အတွက် ကောင်းမြတ်သောအစဉ်အလာ ဓမ္မပူဇာပွဲဖြစ်သည်။
