သတိပြုဖွယ်များ
အသိပေးတားမြစ်ချက်များ
ဆံတော်ရှင် ဆူးလေစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ရန် စေတီတော် မုခ်ဦးသို့ ရောက်ရှိပါက တွေ့မြင်ရသည်မှာ စေတီတော်၏ဘုရားတံခါးဖွင့်ချိန်မှာ နံနက်(၀၆:၀၀) နာရီ ဖြစ်ပြီး ဘုရားတံခါးပိတ်ချိန်မှာ ည(၁၉:၀၀)နာရီဖြစ်ကြောင်း ကြေညာဆိုင်းဘုတ်ကို သတိပြု ကြိုဆိုနေ ပါသည်။ ဘုရားဖူးမိဘပြည်သူများအား မိမိပိုင်ပစ္စည်းများ မေ့ကျန်ခဲ့သည်ဖြစ်စေ၊ အခြား ဘုရားဖူးများ၏ပစ္စည်းများ တွေ့မြင်သည်ဖြစ်စေ ဂေါပကအဖွဲ့ရုံးသို့ အကြောင်း ကြားခြင်း၊ တာဝန်မှူးရုံးခန်းသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သတိပေး ဆိုင်းဘုတ်များလည်း ထားရှိပါသည်။ ပြည်တွင်း/ပြည်ပ ဘုရားဖူးမိဘပြည်သူများ ရင်ပြင်တော်ပေါ်တွင် မြန်မာ့ ယဉ်ကျေးမှုနှင့် လျော်ညီစွာဝတ်ဆင်ခြင်းနှင့် အခြားသတိပြုဖွယ်ရာများ သိရှိနိုင်ရန် မုခ် (၄) မုခ်တွင် ဆိုင်းဘုတ်ဖြင့် ကြေညာထားပါသည်။ အထက်ပစ္စယံဆိုင်ရာ စေတီတော်ကြီး၏ အထက်ပစ္စယံပေါ်သို့ တက်ရောက်ဖူးမြော်နိုင်ရန် လုံခြုံရေး အရ ကန့်သတ်ထားခြင်း၊ သံပန်းများ ကာရံတပ်ဆင်ထားခြင်း၊ အထက်ပစ္စယံ ပေါ်သို့ တက်ရောက်သည့် လှေကားတွင် အမျိုးသမီးများမတက်ရ ဆိုင်းဘုတ် ကပ်ထားခြင်း စသည်ဖြင့်ဆောင်ရွက်ထားပါသည်။
လှူဒါန်းမှုဆိုင်ရာများ
ဆံတော်ရှင် ဆူးလေစေတီတော်မြတ်ကြီးတွင် လှူဒါန်းမှုဆိုင်ရာမှာ ရွှေသင်္ကန်းတော်အတွက် ရွှေသင်္ကန်းကပ်လှူရန် လှူဒါန်းခြင်း၊ ရာသီအလိုက်ပွဲတော်များအတွက် လှူဒါန်းခြင်း၊ မွမ်းမံပြင်ဆင် မှုအတွက် လှူဒါန်းခြင်း၊ ဆီမီး၊ ပန်း၊ အမွှေးတိုင်များအတွက် လှူဒါန်းခြင်း၊ အုတ်/သဲ/ကျောက်၊ ဘိလပ်မြေ လှူဒါန်းခြင်း စသည်ဖြင့် အလွယ်တကူလှူဒါန်းနိုင်ရန် မုခ် (၄) မုခ်နှင့် ရင်ပြင်တော်ပေါ် တွင် ကြေညာဆိုင်းဘုတ်များကပ်ထားခြင်း၊ သတင်းစာ၊ ဂျာနယ်ဖြင့် ကြေညာခြင်း၊ မြန်မာ့အသံ၊ Sky-net တို့တွင် ထည့်သွင်းကြေညာခြင်း၊ ပန်းဖလက်ပေးကမ်းခြင်း စသည်ဖြင့် ဆောင်ရွက်ထားပါသည်။ မိဘပြည်သူများ လှူဒါန်းလိုပါက အောက်ပါဖုန်းနံပါတ်များဆက်သွယ်ပြီး ပေးထားသော Account ဖြင့် ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်ရည်မျှော် နှိုးဆော်အပ်ပါသည်။ ဆက်သွယ်ရန်ဖုန်း ၀၁-၈၃၇၁၀၀၇၊ ၈၃၇၁၀၀၉၊ ၈၃၇၁၅၆၁၊ ၈၃၇၁၅၆၂၊ ၈၃၇၁၅၆၃၊ ၀၉-၉၇၅၃၂၃၉၂၀၊ ၀၉– ၄၅၀၀၁၂၉၉၁
KBZ Bank
- 17351 3173 0080 6101 (Special Account)
- 17350 3173 0080 6101 (Old Account)
AYA Bank
- 400 2910 3593 (Special Account)
- 200 2850 2991(Old Bank Account)
MAB Bank
- 003 0185 0030 1628 2018(Special Account)
- 003 0165 0030 1628 2018 (Old Account)
CB Bank
- 0076 6009 0000 1578 (Special Account)
- 0076 6002 0000 0132 (Old Account)
လှူဒါန်းမှုဆိုင်ရာများ

ရွှေသင်္ကန်းတော်ဆိုင်ရာ
ရွှေစင် (၁) ကျပ်သား တစ်ချပ် = ၂,၅၀၀,၀၀၀/-
ရွှေစင် (၆) ကျပ်သား တစ်ချပ် = ၁၅,၀၀၀,၀၀၀/-

ပန်းပင်များလှူဒါန်းမှုဆိုင်ရာ
စေတီတော်မြတ်ကြီးအား အလှပန်းမာလာများဖြင့် ဝေဝေဆာဆာအလှဆင်စိုက်ပျိုးပြီး ပူဇော်ဆောင်ရွက်မည်ဖြစ်ပါ၍ အလှူရှင်များအနေဖြင့် အလှပန်း၊ အပွင့်ပန်းများနှင့် သစ်ခွပန်းပင်များပန်းအလှအိုးများကို ဝတ္ထုကံမြေသာယာရေးဌာနသို့ လာရောက်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်၍ ဖိတ်ခေါ်အပ်ပါသည်။

ဆီမီးလှူဒါန်းမှုဆိုင်ရာ
ဆီမီးခွက်များကို တစ်ခွက်လျှင် ၁၀၀/-ကျပ်နှုန်းဖြင့် အနည်းဆုံး ခွက်ရေ ၅၀၀မှစ၍ ကြိုတင်စာရင်းပေးလှူဒါန်းနိုင်ပါသည်။

လျှပ်စစ်မီး အလှူတော်ငွေနှုန်းထားများ
အထက်ပစ္စယံမီးတိုင် (၁၆)တိုင် = ၅၀၀၀ကျပ်
ရင်ပြင်တော် Aerial Mast မီးတိုင် (၅)တိုင် = ၅၀၀၀ကျပ်
ဧည့်လမ်းညွှန်ဆိုင်ရာ
ဧည့်လမ်းညွှန်မှုဆိုင်ရာ
ဆံတော်ရှင် ဆူးလေစေတီတော်မြတ်ကြီး၏ ဧည့်လမ်းညွှန်မှုဆိုင်ရာများမှာ
(၁) နေရာနှင့် အချိန်
(၂) ထီး/ဖိနပ် အပါအဝင် ပစ္စည်းများသယ်ယူခြင်း
(၃) အဝတ်အစား
(၄) အနေအထိုင် အပြုအမူ
(၅) ဆွမ်း၊ သောက်တော်ရေ၊ ပန်း ကပ်လှူခြင်းနှင့် ဆီမီးပူဇော်ခြင်း
(၆) ရွှေသင်္ကန်းနှင့် ရွှေ၊ ငွေ ပစ္စည်း စသည်တို့ဖြစ်ပါသည်။
နေရာနှင့်အချိန်
(က) ဘုရားဖူးများသည် ရင်ပြင်တော်ပေါ်သို့ စောင်းတန်းလေးသွယ်မှ တက်ရောက်ခွင့်ပေးထားရာ အခြားနေရာများမှ စည်းကမ်းမဲ့တက်ရောက်ခြင်း မပြုရ။
(ခ) ဘုရားဖူးများ၏ ဘုရားဖူးချိန်မှာ နံနက်(၀၆:၀၀)နာရီမှ ည (၁၉:၀၀)နာရီအထိ ဖြစ်ပါသည်။
(ဂ) အလှူအတန်းအတွက် အလှူရှင်သည် ရင်ပြင်တော်ပေါ်တွင် ညအိပ်လိုပါက ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ကို စာဖြင့် ကြိုတင်တောင်းယူထားရမည်။
ထီး/ဖိနပ် အပါဝင် ပစ္စည်းများသယ်ယူခြင်း
(က) စေတီပရဝုဏ်နှင့် ရင်ပြင်တော်ပေါ်တွင် ဖိနပ်စီးခြင်း၊ ခြေအိတ်စွပ်၍ နေထိုင်သွားလာခြင်းကို လုံးဝခွင့်မပြုပါ။
(ခ) ဖိနပ်များကို သတ်မှတ်ထားသည့်နေရာများတွင် အပ်နှံထားရမည်။
(ဂ) ဖိနပ်များကို ဖိနပ်သိမ်းကောင်တာ မဖွင့်သေး၍သော်လည်းကောင်း၊ အခြားအကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း အပ်နှံရန်မဖြစ်နိုင်၍ ရင်ပြင်တော်ပေါ်သို့ အိတ်များဖြင့်သယ်ယူသွားရပါမည်။
(ဃ) ဓား၊ သေနတ်နှင့် အခြားအန္တရာယ်ပြုနိုင်သည့် ပစ္စည်းတို့ကို ရင်ပြင်တော်ပေါ်သို့ လုံးဝယူဆောင်လာခြင်းမပြုရ။
(င) အရက်သေစာ၊ မူးယစ်ဆေးဝါးများ၊ ၎င်းတို့နှင့် ပတ်သက်သည့် အသုံးအဆောင်ပစ္စည်း ကိရိယာတန်ဆာပလာများကို ရင်ပြင်တော်ပေါ်သို့ ယူဆောင် လာခြင်း မပြုရ။ တွေ့ရှိခဲ့လျှင် ဥပဒေအရ အရေးယူခြင်းခံရမည်။
အဝတ်အစား
(က) ဘုရားဖူးများသည် ရင်ပြင်တော်ပေါ်တွင် မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီစွာ ဝတ်ဆင် ကြရမည်။
(ခ) ဘောင်းဘီတို၊ စကပ်တို၊ အင်္ကျီဝတ်ဆင်ခြင်းမရှိဘဲ သွားလာခြင်းမပြုရ။
အနေအထိုင် အပြုအမူ
(က) ဘုရားဖူးများသည် စေတီတော်ရင်ပြင်တော်ပေါ်၌ အသံကျယ်လောင်စွာပြောဆိုပြုမူခြင်း များကို မပြုရ။
(ခ) ဘုရားဖူးများသည် ရင်ပြင်တော်ပေါ်တွင် အများပြည်သူ အမြင်မသင့်လျော်အောင် မဖွယ်မရာ မပြုလုပ်ရ။
(ဂ) ဘုရားဖူးများသည် ရင်ပြင်တော်ပေါ်တွင် မည်သည့်လောင်းကစားမှုကိုမျှ မပြုလုပ်ရ။
(ဃ) ဘုရားဖူးများသည် ရင်ပြင်တော်ပေါ်တွင် သတ်မှတ်နေရာမှအပ ကျင်ကြီးကျင်ငယ် မစွန့်ရ။
(င) ဘုရားဖူးများသည် ရင်ပြင်တော်သန့်ရှင်းရေးကို ရှေးရှု၍ တံတွေးထွေးခြင်းနှင့် ဆေးလိပ်တို၊ မီးခြစ်ဆံအပါအဝင် အမှိုက်များ မစွန့်ရ။
ဆွမ်းတော်၊ သောက်တော်ရေ၊ ပန်းကပ်လှူခြင်းနှင့် ဆီမီးပူဇော်ခြင်း
(က) ဘုရားဖူးများသည် ကပ်လှူပြီးဆွမ်းတော်စွန့်ရန် သတ်မှတ်ထားသည့် နေရာများမှတစ်ပါး အခြားမည်သည့်နေရာမျှ ဆွမ်းတော်မစွန့်ရ။
(ခ) ကပ်လှူပြီးသောက်တော်ရေကို ရင်ပြင်တော်၏ ကြမ်းပြင်ပေါ်တွင် မစွန့်ရ။
(ဂ) ကုသိုလ်ရှင်နှင့်ဝန်ထမ်းများသည် ကပ်လှူပြီးပန်းများကို စွန့်လိုပါက သတ်မှတ်ထားသည့် နေရာများတွင်သာ စွန့်ရမည်။
(ဃ) ဆီမီးပူဇော်ရန်အတွက် သတ်မှတ်ထားသော နေရာတွင်သာ ပူဇော်ရမည်။ တားမြစ်ထားသော နေရာများတွင် ဆီမီးပူဇော်ခြင်း မပြုရ။
(င) အထူးအစီအစဉ်ဖြင့် ဆွမ်းတော်ကပ်လှူခြင်း၊ ဆီမီးပူဇော်ခြင်းများ လှူဒါန်းလိုပါက ဂေါပက အဖွဲ့ထံသို့ ကြိုတင်ခွင့်ပြုချက်ရယူရမည်။
ရွှေသင်္ကန်းနှင့် ရွှေငွေပစ္စည်းများ လှူဒါန်းခြင်း
(က) ဘုရားဖူးများသည် ဂြိုလ်တိုင်ရှိ ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီတော်ကြီး၏ ကိုယ်လုံးတော်နှင့် အရံစေတီများအား ရွှေချလိုခြင်း၊ ရွှေပြားလှူဒါန်းပူဇော်လိုပါက ဂေါပကအဖွဲ့ရုံးနှင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
(ခ) စေတီတော်ရှိ ပြတိုက်တွင် အဖိုးတန်ပစ္စည်းနှင့် အခြားလှူဒါန်းလိုသည်များ ရှိပါက ဂေါပကအဖွဲ့ရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ မိမိသဘောဖြင့် ပြတိုက်တွင် ထားခွင့် မပြုပါ။
