တပေါင်းလ
မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် နှစ်ကျပ်ရှစ်ဆူပူဇော်ပွဲများ ကျင်းပကြသည်။ နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲကို ပုဂံခေတ်ကတည်းကတွေ့ရသည်။ သမ္ဘူလဘုရား၊ ဝိနည်းဓိုရ် ဘုရားနှင့် လေးမျက်နှာဘုရား စသည့်ဘုရားတို့တွင် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဝင်ကို ပန်းချီပုံ များဖြင့် ပူဇော်ထားသည်။
ဆူးလေစေတီတော်ဂေါပကအဖွဲ့သည် နှစ်ကျိပ်ရှစ်ဆူ ဒေသစာရီလှည့်လည်ပူဇော်ပွဲကို နှစ်စဉ်ကျင်းပသည်။ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်တို့သည် ဆူးလေစေတီရင်ပြင်ပေါ်ရှိ ကျက်သရေဆောင်ခန်းမ၌ တစ်နှစ်ပတ်လုံး သီတင်းသုံးလျက်ရှိသည်။ နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲကို ယခင်က တန်ဆောင်မုန်းလ၊ တန်ဆောင်တိုင်တွင် ကျင်းပခဲ့ သော်လည်း ယခုအခါနှစ်စဉ် သင်္ကြန်မတိုင်မီကျင်းပသည်။ အများအားဖြင့် မြန်မာလ တပေါင်းလအတွင်း ကျရောက်တတ်သည်။ လှည့်လည်ပူဇော်ပွဲ ကျင်းပမည့်ကာလမတိုင်မီ ရုပ်ပွားတော်များကို သီတင်းသုံးတော်မူရာ ကျက်သရေဆောင်ခန်းမမှပင့်၍ ယာယီ စံကျောင်းတော်အဖြစ် မြောက်ဘက်မုခ်အာရုံခံတန်ဆောင်းတွင် ခေတ္တသီတင်းသုံး အပူဇော် ခံသည်။ သံဃာတော်များက ယာယီစံကျောင်းတော်တွင် အနေကဇာတင်ပူဇော်ကြသည်။ ဂေါပကအဖွဲ့နှင့် ဘုရားဖူးများက ရွှေသင်္ကန်းတော်များကပ်လှူကြသည်။ နေ့စဉ်သစ်သီး၊ ပန်းမန်၊ ဆီမီးတို့ဖြင့်လည်း ကပ်လှူပူဇော်ကြသည်။ ယာယီစံကျောင်းတော်၌ တစ်လတာမျှ သီတင်းသုံးတော်မူပြီး သတ်မှတ်ထားသော လှည့်လည်ပူဇော်ပွဲကျင်းပမည့်နေ့ ညဆည်းဆာ အချိန်တွင် အသင့်ပြင်ထားသော မော်တော်ယာဉ်များပေါ်သို့ ပင့်ဆောင်ပြီး စေတီတော်ကြီး ကို လက်ယာရစ်သုံးကြိမ်လှည့်လည်ပြီး ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များသို့ အစီအစဉ်အတိုင်း လှည့်လည်ပူဇော်ခံလေသည်။ ညနေ ၆ နာရီ မှ ည ၁၁ နာရီထိ အပူဇော်ခံထွက်ရာ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလန်၊ ရှင်သီဝလိ၊ ရှင်ဉပဂုတ္တရဟန္တာကြီးများခြံရံ၍ ဒေသစာရီလှည့်လည်တော်မူသည်။ ဆူးလေစေတီတော် ဝတ်အဖွဲ့ကလည်း ရတနသုတ်၊ မေတ္တသုတ် စသော ပရိတ်ကြီး ၁၁ သုတ် ပါဠိတစ်ပိုဒ်၊ အနက်တစ်ပိုဒ်တို့ဖြင့် ကြည်ညိုဖွယ်ရာဖြစ်အောင် ရွတ်ဆိုပူဇော် ခြံရံလိုက်ပါလာကြသည်။ ဒေသစာရီလှည့်လည်အပူဇော်ခံရာ လမ်းတစ်လျှောက်၌ လမ်းအသီးသီး၊ ရပ်ကွက် အသီးသီးမှ ကုသိုလ်ရှင်များက အလှူငွေများ၊ သစ်သီး၊ ပန်းမန်များ လောင်းလှူ ပူဇော်ကြသည်။ ဒေသစာရီလှည့်လည်ရာ ရပ်ကွက်အသီးသီးရှိ စေတနာရှင် လုပ်သား ပြည်သူများ၊ အဖွဲ့အစည်းများကလည်း ဒေသစာရီလှည့်လည်ရာခရီးတွင် ဝေယျာဝစ္စ ကုသိုလ် ဒါနဖြင့် ပူးပေါင်းဆောင်ရွက်ကြပါသည်။ လှည့်လည်ပူဇော်ပွဲပြီးသည့်နောက် နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်များကို မူလသီတင်းသုံးတော်မူရာ ကျက်သရေဆောင်ခန်းမသို့ ပင့်ဆောင်၍ တစ်နှစ်ပတ်လုံး ကိုးကွယ်ပူဇော်ထားသည်။
ဆူးလေစေတီတော်တွင် တစ်နှစ်ပတ်လုံးကျင်းပသောပွဲတော်များကိုကြည့်လျှင် ရတနာ သုံးပါးကို အဓိကထားပူဇော်သောပွဲများဖြစ်သဖြင့် သာသနာထွန်းကားပြန့်ပွားရေးတွင် လိုအပ်ပြီး ကျင်းပသင့်သော ပွဲတော်များဖြစ်သည်ကိုတွေ့ရသည်။ ဂေါပကအဖွဲ့သည် ဤပွဲတော်များကို စဉ်ဆက်မပြတ် ဆက်လက်ကျင်းပသွားနိုင်ရန် အမြဲမပြတ် ဝါယမ စိုက်ထုတ်နေကြသည်။
