သီတင်းကျွတ်

      မြတ်စွာဘုရားသည် သတ္တမမြောက်ဝါကို တာဝတိံသာနတ်ပြည်၌ ဝါကပ်တော်မူပြီး မယ်တော်မိနတ်သားအမှူးပြုသော နတ်ပရိတ်သတ်အပေါင်းကို အဘိဓမ္မာတရား ဟောကြားတော်မူလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ အဘိဓမ္မာတရား ဟောကြား ပြီးဆုံးတော်မူသောအခါ သင်္ကဿနဂိုရ်ပြည်သို့ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်း၊ စောင်းတန်းသုံးသွယ်တို့ဖြင့် ဆင်းသက်လာသည်။ မြတ်စွာဘုရား လူ့ပြည်သို့ ပြန်လည်ကြွလာသည်ကို ကြိုဆိုပူဇော်သောအားဖြင့် နှောင်းကာလ လူများက ဆီမီး ထွန်းညှိပူဇော်ကြခြင်းဖြစ်သည်။ ထိုကာလ၌ စေတီပုထိုးများတွင် အထူးအားဖြင့် ဆီမီးပူဇော်ကြသည်။ နေအိမ်များ၌လည်း မြတ်စွာဘုရားကြွလာသည်ကို ရည်မှတ်၍ ဆီမီးထွန်းညှိပူဇော်ကြသည်။

      ထိုအစဉ်အလာအတိုင်း ဆူးလေစေတီတော်တွင်လည်း သီတင်းကျွတ်ဆီမီးပူဇော်ပွဲကို ကျင်းပပြုလုပ်သည်။ အဖိတ်၊ လပြည့်၊ လပြည့်ကျော် (၁) ရက်ဟူသော ရက်သုံးရက်ကို သီတင်းကျွတ်ဟု သတ်မှတ်ကာ သုံးရက်လုံး နံနက်အရုဏ်၌ သစ်သီးဆွမ်းများ ကပ်လှူခြင်း ညချမ်းအခါ၌ ဆီမီးငါးထောင် ထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ကြသည်။ ပရိတ်အဖွဲ့များကလည်း အာရုံခံတန်ဆောင်းတွင် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ကြသည်။

      သီတင်းကျွတ်လပြည့်နေ့ နေ့လည်တွင် ဂေါပကလူကြီးများနှင့် ဝန်ထမ်းဝတ်အဖွဲ့က အဘိဓမ္မာအခါတော်နေ့ ကျင်းပပြုလုပ်ကြသည်။ မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင် ကဏ္ဍမ္ဗအမည်ရှိသော သရက်ဖြူပင်အနီး၌ တိတ္ထိတို့ကို ယမိုက်ပြာဋိဟာပြတော်မူပုံ၊ ထို့နောက် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူ၍ မယ်တော်မိနတ်သားအမှူးရှိသော နတ်ပရိတ်သတ်ကို အဘိဓမ္မာတရားဟောတော်မူပုံ၊ ဣန္ဒကနတ်သားနှင့် အင်္ကုရနတ်သား တို့၏ သာသနာတွင်းဒါနနှင့် သာသနာပဒါနကွာခြားပုံ မေးဖြေဟော‌တော်မူပုံများကို ပါဠိ-မြန်မာနှစ်ဘာသာအပြင် ရှင်းလင်းချက်များဖြင့် ရွတ်ဆိုပူဇော်ကြလေသည်။

      မီးပဒေသာရောင်စုံမီးလုံးများဖြင့် ဝင်းလက်နေသော ဆူးလေစေတီတော်ရင်ပြင်တွင် ဘုရားဖူးပရိသတ်များအနေဖြင့် စည်ကားနေသည့်နည်းတူ စေတီတော်ပတ်ဝန်းကျင်ရှိ ရုံးအဆောက်အအုံများ လူနေအဆောက်အအုံများတွင် ထွန်းညှိပူဇော်ထားသော မီးရောင်စုံ တို့၏ ပသာဒကလည်း ထိုပတ်ဝန်းကျင်ကို လှပတင့်တယ်ရှုချင်စဖွယ်ဖြစ်စေပေသည်။