ကဆုန်လ
ဆယ့်နှစ်လရာသီပွဲတော်များတွင် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ရှိသည်။ ကဆုန်လ၏ ပူပြင်းသောရာသီဥတုကြောင့် သစ်ပင်ပန်းမန်တို့ ညှိုးနွမ်းသွေ့ခြောက်ကြလေသည်။ ထိုသစ်ပင် ပန်းမန်တို့ မသေစိမ့်သောငှာ ရေနှင့်အသက်ဆက်ပေးရန် လိုအပ်ပေသည်။ ထိုသစ်ပင်များအနက် ဗောဓိညောင်ပင်ကို မြန်မာများ အထွတ်အမြတ်ထားကြသည်။ အထွတ်အမြတ်ထားရခြင်း အကြောင်းမှာလည်း ဗောဓိညောင်ပင်ကို ဗုဒ္ဓမြတ်စွာ၏ ပရိဘောဂစေတီတော်အဖြစ် ပူဇော်ကြ သောကြောင့်ဖြစ်သည်။ ဗောဓိညောင်ပင်သည် မြတ်စွာဘုရားနှင့်ဖွားဖက်တော်ဖြစ်သည်။ မြတ်စွာ ဘုရားသက်တော် ထင်ရှားရှိစဉ်ကပင် ဗောဓိညောင်ပင်ကို မြတ်စွာဘုရားကိုယ်စား ပူဇော်ခွင့် ပေးထားသည်။
ထို့ကြောင့် ရာသီဉတုပူပြင်းလှသော ကဆုန်ကာလတွင် သစ်ပင်များမသေစိမ့်သောငှာ ရေများ သွန်းလောင်းရာ၌ ဗောဓိညောင်ပင်ကို အထူးဂရုပြု၍သွန်းလောင်းကြသည်။ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းရာ၌ ဗောဓိပင်သည် ဗုဒ္ဓဘုရားရှင်၏ဖွားဖက်တော်ဟူ၍လည်းကောင်း၊ ဗုဒ္ဓဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကို ရတော်မူရာဖြစ်သည့် သစ်ပင်ထူးသစ်ပင်မြတ်ဟူ၍ လည်းကောင်း၊ ဘုရားရှင်နှင့် ဘုရားရှင်၏ဂုဏ်တော်ကျေးဇူးတော်တို့ကို အောက်မေ့ပွားများလျက် ညောင်ရေသွန်းလောင်းသင့်ကြောင်း သပြေပင်တောရဆရာတော် ဘုရားကြီးက မိန့်ကြားဖူးလေ သည်။
ညောင်ရေသွန်းပွဲတော်ကို မြန်မာနိုင်ငံ၌ ရှေးခေတ်အဆက်ဆက်ကပင် ကျင်းပပြုလုပ်ခဲ့သည်။ ဤအစဉ်အလာကို ဆူးလေစေတီတော်ဂေါပကအဖွဲ့သည်၍ နှစ်စဉ်မပြတ် ကျင်းပသည်။
ဆူးလေစေတီတော်ကုန်းတော်၏ အရှေ့မြောက်တနင်္ဂနွေထောင့်တွင် တစ်ပင်တည်းရှိသော သစ်ပင်မှာဗောဓိညောင်ပင်ဖြစ်လေသည်။ ထိုဗောဓိညောင်ပင်ကို ကဆုန်လပြည့်၌နေ့တိုင်း ညောင်ရေသွန်းလောင်းကြသည်။ ဆူးလေစေတီကုန်းတော်ရှိ ဗောဓိညောင်ပင်စိုက်ပျိုးသည့်ကာလ နှင့် စိုက်ပျိုးသူ ဒါယကာကို မသိရသေးချေ။ ညောင်ရေသွန်းပွဲတော်ကို မည့်သည့်ကာလက စတင်ကျင်းပခဲ့သည်ကိုလည်း မသိရသေးချေ။ ၁၉၅၂ ခုနှစ်၊ မေလ (၇) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဆူးလေစေတီတော် တံမြက်လှည်းအသင်းနှင့် တိရစ္ဆာန်ရုံပန်းဉယျာဉ် ရတနာ သုံးပါး ဝေယျာဝေစ္စအသင်းသားများ စုပေါင်းပြီး ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်း ကြမည်ဖြစ်၍ အသင်းသားများ လာရောက်ကြရန်နှိုးဆော်ထားသည်ကို တွေ့ရသည်။ ထိုနှစ် ညောင်ရေသွန်းပွဲတော်တွင် ဇာတ်သဘင်ပွဲများထည့်သွင်း၍ တခမ်းတနားကျင်းပသည်ကိုလည်း တွေ့ရသည်။ မြန်မာ့သဘင် ဦးသျှောင်ဦးဖိုးစိန်သည် ၁၉၅၂ခုနှစ်တွင် ကျင်းပသည့် ဆူးလေ စေတီတော် ကဆုန်ညောင်ရေသွန်းပွဲတော်ရုံကြီး၌ ဦးဖိုးစိန်ကပြခဲ့သည်မှာ သူ၏နောက်ဆုံးညပင် ဖြစ်သည်ဟု မှတ်တမ်းတင်ထားကြသည်။
