ဓမ္မစေတီကျောက်စာပါ အချက်အလက်များ

သြဝါဒပါတိမောက် ဓမ္မစေတီ ကျောက်စာတော်၏ အသေးစိတ် အချက်အလက်များ

စေတီတော်ပင်မမုခ်ဦးကြီး၏ လက်ဝဲဖက်၊ ဗောဓိ ညောင်ပင် သို့ သွားရာလမ်း၊ မဟာရံတံတိုင်း၏ အတွင်း ဖက်၌ ၁၉၉ဝ ပြည့်နှစ်တွင် ဗိုလ်တထောင်စေတီတော်၊ မေတ္တာဗျူဟာအဖွဲ့က စိုက်ထူထားသည့် သြဝါဒ ပါတိမောက် ဓမ္မစေတီကျောက်စာတော်ရှိပါသည်။ အဆိုပါကျောက်စာတော်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
သြဝါဒပါတိမောက် ဓမ္မစေတီ ကျောက်စာတော်
(အပါယ်ဘေးမှကင်းဝေးစေသောအဆုံးအမတော်)
၁။ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ခန္တီပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ
နဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော
လွန်စွာချုပ်တည်းမှုဟူသောသည်းခံခြင်းသည် အလွန်မြတ်သောအကျင့်ပေတည်း
နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ဟောတော်မူကုန်၏
သူတပါးကိုသတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်
သူတပါးကိုညှင်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်
၂။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ
မကောင်းမှုဟူသမျှကို မပြုလုပ်ရာ
ကောင်းမှုဟူသမျှကိုပြည့်စုံစေရာ၏
စိတ်ကို သန့်ရှင်း ဖြူစင် စေရာ၏
၃။ အနုပဝါဒေါ အနပယာတော၊ ပါတိမောက္ခေ စ သံဝရော
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ
သူတပါးကိုမစွပ်စွဲ မပြစ်မှားရာ
သူတပါးကို မညှင်းဆဲ မနှိပ်စက်ရာ
မြတ်သောသီလ၌ စောင့်စည်းလုံခြုံရာ၏
စားသုံးဖွယ်၌ ပမာဏကို သိရာ၏
အစွန်အဖျား ကျောင်း အိမ်ရာ၌ နေရာ၏
ထူးမြတ်သောစိတ်၌ လွန်စွာ အားထုတ်ရာ၏
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။