စေတီတော်ဆိုင်ရာ

ရွှေဘုန်းပွင့်စေတီတော်သမိုင်း







စေတီတော်သမိုင်း
တပုဿနှင့်ဘလ္လိကညီနောင်နှစ်ဦးတို့က ပင့်ဆောင်လာသောဆံတော်(၈)ဆူ တင်ဆောင်လာသည့် ဆင်တော်ရတနာသည် လမ်းခုလတ်ကျွန်းကုန်းကလေးဖြစ်နေသည့် ကျင်းပြဲခေါ်တွင်သည့်အရပ်၌ မြေတွင် ဝပ်၍ရပ်နားရာနေရာကို ဥက္ကလာပမင်းကြီးက သာသနာ၏အထိမ်းအမှတ်အဖြစ် ကျောက်တိုင် စိုက်ထူခဲ့ပြီး နောင်အခါကျောက်တိုင်နေရာ၌ စေတီတစ်ဆူတည်ထားကိုးကွယ်ခဲ့ကြရာ ရွှေကြုတ်ဖွင့် စေတီ ဟုအမည်တွင်ခဲ့သည်။ ထို့နောက်ရာမညတိုင်း မွန်မင်းအဆက်ဆက်နှင့် သူဌေးသူကြွယ်၊ ဥပဿကာများ ကအစဉ်အဆက် ပြုပြင်မွမ်းမံခဲ့ကြသည်။
မဟာသက္ကရာဇ် ၃၈၃ခုနှစ် တွင်ထိုအရပ်သို့အရှင်သောဏနှင့်အရှင်ဥတ္တရ မထေရ်မြတ်ကြီးနှစ်ပါးတို့ သာသနာပြုကြွရောက်လာပြီး၊ ချုံနွယ်ပိတ်ပေါင်းများဖုံးလွှမ်းနေသောရွှေကြုတ်ဖွင့်စေတီတော်ကို စက္ခုအဘိညာဉ်ဖြင့် ရှာဖွေတွေ့ရှိပြီးဓာတ်တော်မွေတော်အစစ်များ ဌာပနာလျက်ပြုပြင် တည်ထားခဲ့သည်။
၁၈၅၂ ခုနှစ် နောက်ပိုင်းစေတီတော်ကို ပြန်လည်တည်ထားသည့် ဘုရားဒကာမှာ အိန္ဒိယနိုင်ငံ၊ မဒရပ်မြို့သား ဗုဒ္ဓဘာသာဝင်ချစ်တီးလူမျိုး မူလိယပ္ပဖြစ်သည်။ ထိုအချိန်မှစကာ ရွှေဘုန်းပွင့်စေတီ ဟုအမည် တွင်ခဲ့သည်။ ရွှေဘုန်းပွင့်စေတီသည် ၁၉၁၂ခုနှစ်ခန့်က မထင်မရှားဘုရားငုတ်တို အဖြစ်သာ ရှိသေးသည်။ ၁၉၂၈ခုနှစ်ခန့်တွင်စေတီတော်အင်္ဂတေများ အက်ကွဲမှုကြောင့် ပြုပြင်ရန် စီစဉ်ချိန်တွင် မနောမယဆရာတော် ကြီးကြွရောက်လာပြီး နှစ်လနှင့်အပြီးပြုပြင်သည်။ ရင်ပြင်တော် ကျောက်ပြားခင်းခြင်း ကို ၁၉၃၅ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ၁၉၄၈ခုနှစ်တွင်ပြီးစီးခဲ့သည်။ ၁၉၃၈ ခုနှစ် ခန့်တွင် စေတီရံများတည်ထားခဲ့သည်။
၁၉၅၀ပြည့်နှစ်တွင် ရင်ပြင်တော်၌ လေးပေပတ်လည် ကျောက်နီကျောက်ပြားများ ခင်းကျင်းပြီးစီးသည်။ ၁၉၃၈ ခုနှစ် တွင်လေမိုးဒဏ်ခံနိုင်ရန် ကွန်ကရစ်ပိုက်များ စတင်တပ်ဆင်သည်။ ၁၉၄၈ ခုနှစ်တွင် ဘုရား ပရဝုဏ်အတွင်း နေရာလွတ်များအား ကျောက်ပြား (၁၅၀)ချပ်ကျော် အများကောင်းမှုဖြင့်ခင်းကျင်း သည်။ ၁၉၅၁ ခုနှစ်တွင် အရုဏ်ခံတန်ဆောင်းကို မူလအလှူရှင် ဦးငွေသာ ဒေါ်ကာစီတို့၏မြေး ဒေါ်ဒေါ်တင် သားသမီးမြေး တစ်စုတို့က ပြင်ဆင်ဆောက်လုပ်လှူဒါန်းသည်။ ၂၀ဝ၁ ခုနှစ်တွင်ဖျက်သိမ်းခဲ့သည်။

တည်နေရာပြ အညွှန်း

ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းပေါ်တွင်တည်ရှိပါသည်။