တန်ဆောင်မုန်းလရာသီပွဲတော်

အသေးစိတ် အချက်အလက်များ

တန်ဆောင်မုန်းလရာသီပွဲတော်

ပြိစ္ဆာရာသီဖြစ်သည့် လမင်းကြီး၏ရန်သူများဖြစ်ကြသည့်ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုး၊ ညစ်မျိုး ငါးဝ ကင်းစင်ပသောကြည်လင်ဧမြသည့်တန်ဆောင်မုန်းလ၏အဖိတ်နေ့ညတွင် မသိုးသင်္ကန်းရက်လုပ် ပြိုင်ပွဲကြီးကို ခမ်းနားစည်ကားသိုက်မြိုက်စွာညလုံးပေါက်ကျင်းပပြီးနောက်၊ အရုဏ်တက်ချိန်တွင် မသိုးသင်္ကန်းကပ်လှူပွဲ၊ သင်္ကန်းရောင်ပိတ်သားပေါ်တွင် ရွှေရောင်စက္ကူသို့ မဟုတ် ဖဲဝါရောင် ရွှေကြာပွင့်ကြီးငယ် တို့ကိုထိုး၍ ကပ်၍ ရွှေကြာသင်္ကန်းကပ်လှူပွဲ တို့ကို ဆက်လက် ကျင်းပမြဲဖြစ်ပါသည်။ မီးရှူးမီးပန်းတို့ကို ထွန်းလင်းစေသောတောက်ပစေသော လ ဟုအဓိပ္ပါယ်ရသည့် တန်ဆောင်မုန်းလ၏အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော်(၁)ရက် နေ့များ၌ တန်ဆောင်တိုင် ဆီမီးပူဇော်ပွဲကြီး ကိုကျင်းပပါသည်။