တပို့တွဲလရာသီပွဲတော်

အသေးစိတ် အချက်အလက်များ

တပို့တွဲလရာသီပွဲတော်
ကုံရာသီဖြစ်သော ထန်းဖို(ထဖို)ပင်တို့ကို တွဲလျားကျစေသောလဟု အဓိပ္ပါယ်ရသည့်တပို့တွဲလပြည့်နေ့တွင် ဗုဒ္ဓဝါဒလမ်းစဉ်အကျဉ်းချုပ် တနည်း အပါယ်ဘေးမှ ကင်းဝေးစေသောဘုရားရှင်၏ အဆုံးအမတော်ဟုခေါ်ဆိုအပ်သော သြဝါဒပါတိမောက်အခါတော်နေ့ကို စေတီတော်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများ၊ ဘုရားပရဝုဏ်အတွင်းရှိ ကျောင်း(၆) ကျောင်းမှ ဆရာတော် သံဃာတော်များ စုပေါင်း၍ ဘာသာရေး ထုံးတမ်းအစဉ်အလာများနှင့်အညီ ကျင်းပပါသည်။ ရှေးမြန်မာရှင်ဘုရင်များလက်ထက်များ ကတည်းက အစဉ်အလာဖြစ်ခဲ့သည့် တော်ဝင်ရာသီပွဲမှာထမနဲပွဲပင်တည်း။ ကောက်ညှင်းထမင်းကို ထပ်ပြန် တလဲလဲ နယ်ရသောကြောင့် ထမနဲ၊ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ ဂျင်း၊ ဆီနှင့် နှမ်းဖြူနှမ်းနက်နိုင်နိုင်ထည့်ရသော ကြောင့်နှမ်းမနဲဟုခေါ်ကြသည့် ထမနဲကို မဟာနရီဿကွန်ချာ ဆေးကျမ်းတွင် ပထဝီပျက်သူများ အထူးစားသင့်သည်၊ အလွန်အေး၍ အသားအရေအဆီ ခြောက်ခမ်းချိန် ဖြစ်လေရာ ဆီနိုင်သည့်ထမနဲကို စားလျှင်စိုပြေလာကာအပူဓာတ်ရလာမည်ဟုဆိုထား၏။ တပို့တွဲလ ဆန်း(၁)ရက်နေ့ခန့်မှစတင်ကာ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ထမနဲဒယ်ပေါင်းများစွာကိုထိုးပြီး မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ရပ်ကွက်များ၊ အသင်းအဖွဲ့များ၊ အလှူ ရှင်များအားဝေငှလေ့ရှိပါသည်။ အဖိတ်နေ့တွင် သာသနဇောတိကတန်ဆောင်းတွင် စတုဒီသာထမနဲ ကျွေးမွေး လှူဒါန်းပွဲကြီးကိုနှစ်စဉ် ကျင်းပပါသည်။