ယုံကြည်ကိုးကွယ်မှု အမည်

အသေးစိတ် အချက်အလက်များ

ပုဂ္ဂိုလ်ထူးအဆောင်များ

(က)စေတီတော်ကြီး၏သောကြာထောင့် ဗုဒ္ဓစက်တော်ရာ တန်ဆောင်းနှင့်ကပ်လျက်တွင် ရှေးယခင်ကတည်းက တည်ရှိလာခဲ့ပြီး အစဉ်အဆက်ပြုပြင်မွမ်းမံလာခဲ့ကြသည့် ပုဂ္ဂိုလ်ထူးအဆောင်များ တည်ရှိပါသည်။ ယင်းနေရာတွင် ရွှေဘုန်းပွင့်ဘိုးဘိုးကြီး၊ ဘိုးဘိုးအောင်၊ အဘဘိုးမင်းခေါင်၊ အလောင်းတော်နတ်သား၊ ဘိုးတော်သိကြားမင်း၊ သူရသတီမယ်တော်၊ ကွမ်ရင်မယ်တော်၊ ရှင်ပညာဒီပ အဆောင်များ အသီးသီးတည်ရှိကြရာ မိမိတို့၏သက်ဝင်ယုံကြည်မှုအလိုက်ပူဇော်ပသလှူဒါန်းခြင်း၊ ကန်တော့ပွဲပေးခြင်း၊ အဓိဌာန်ပြုခြင်းတို့ကို နေ့စဉ်မပြတ်လာရောက်ပြုလုပ်ကြသူများဖြင့် အမြဲစည်ကား လျက် ရှိသည့်နေရာများဖြစ်ပါသည်။

(ခ)ပင်မမုခ်ပေါက်မှဝင်လာလျင်လက်ယာဘက်၊ နဂါးရုံဘုရားအနီးတွင် ရှင်ဥပဂုတ္တမထေရ်အဆောင်နှင့် ရှင်သီဝလိမထေရ်အဆောင်များတည်ရှိပါသည်။ မိမိတို့၏ သက်ဝင်ယုံကြည်မှုအလိုက် ပူဇော် လှူဒါန်းခြင်း၊   အဓိဌာန်ပြုခြင်းတို့ကို နေ့စဉ်မပြတ် လာရောက်ပြုလုပ်ကြသူများဖြင့် အမြဲစည်ကား လျက် ရှိသည့်နေရာများ ဖြစ်ပါသည်။

(ဂ) စေတီတော်၏ တောင်ဘက်မုခ်မှဝင်လာလျှင်လက်ယာဖက်၌ ဘုရားကြီးကိုးဆူတန်ဆောင်း ဝင်ပေါက်နှင့် မလှမ်းမကမ်းတွင် ပုဂ္ဂိုလ်ထူးအဆောင်(၃)ခန်း ရှိနေပါ သေးသည်။ ယင်းနေရာတွင် ယက္ကန်းစင်တော်ဆရာတော်ဘုရားကြီး၊ ရှင်မထီးနှင့် ဘိုးတော်ပြူး အဆောင် သုံးခုတည်ရှိပါသည်။ မိမိတို့၏ကျင့်ကြံအားထုတ်မှုအမျိုးအစားအလိုက် လာရောက်ရွတ်ဖတ်ပူဇော်ကြသူများ၊ အဓိဌာန် ပုတီးစိတ် ကြသူများ လာရောက်ကျင့်ကြံလေ့ရှိသောရာတခုဖြစ်ပါသည်။

(ဃ) သမိုင်းဝင်ဇော်ဂျီရုပ်ထုသည် တောင်ဘက်မုခ်ပေါက်အဝင် လက်ဝဲဖက်ရှိ ဗျာဒိတ်ပေးရပ်တော်မူ မြတ်စွာဘုရား၏ အောက်တည့်တည့်တွင်တည်ရှိပါသည် ။ငှက်မြတ်နားတော်တွင်ထည့်သွင်းထားရှိသည့် မူလသွန်းလုပ်စဉ်ကဓာတ်သားဖြစ်သော်လည်း နောင်အခါရွှေသားအစ်ဖြစ်သွားသည် ဟုဆိုကြသော သမိုင်းဝင် ဝိဇ္ဇာဇော်ဂျီရုပ်ထုကို အများသူငါတို့ လွယ်လင့်တကူ တွေ့မြင်ကြည်ညို နိုင်ကြစေရန် ထားရှိခြင်း ဖြစ်သည်။

(င)ဗောဓိညောင်ပင်

နှစ်စဉ်ကဆုန်လညောင်ရေသွန်းပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည့် ဗောဓိညောင်ပင် သည် ပင်မမုခ်ပေါက်မှဝင်လာလျှင်လက်ဝဲဖက်အဆုံး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ရုံးခန်း၏ ခေါင်းရင်းဖက်တွင် စိုက်ပျိုးထားပါသည်။ သက်တမ်းနှစ်(၃၀)ကျော်ရှိသည့် ဗောဓိညောင်ပင်ကြီး ဖြစ်ပါသည်။ နေ့စဉ် ယတြာအဖြစ် ရေလှူဒါန်းသွန်းလောင်းသူများ၊ အဓိဌာန်ပုတီးစိပ်သူများ၊ ပရိတ်ပဌာန်း ရွတ်ဖတ်သူများ လာရောက်လေ့ရှိသောနေရာဌာနလည်းဖြစ်ပါသည်။

(စ)ဓမ္မသာလာ(၃)ထပ်ဓမ္မာရုံ

စေတီတော်ပရဝုဏ်၏အပြင်ဖက် ဦးရွှေဂွန်းလမ်းထောင့်တွင် အဘိဓမ္မာစာပေပြန့်ပွားရေးဌာနဖြစ်သော ဓမ္မသာလာသုံးထပ်ဓမ္မာရုံတည်ရှိပါသည်။ အဆိုပါသုံးထပ်ဓမ္မာရုံတွင် အဘိဓမ္မာသင်တန်းများ၊ စာမေးပွဲများ၊ ဝါတွင်းတရားစခန်းများ တစ်နှစ်ပတ်လုံးအလှည့်ကျကျင်းပရာဌာနလည်းဖြစ်ပါသည်။ အလှူအတန်း ပြုလုပ်လိုသူများငှားရမ်းအသုံးပြုခွင့်ပေးထားပါသည်။