စေတီတော်ဆိုင်ရာ

ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏သမိုင်း

ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏သမိုင်းအကျဉ်းချုပ်

  • ဂေါတမဘုရားရှင်သည် မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာထွန်းကား တည်တံ့မည်ကို မြင်တော်မူသောကြောင့်၊ ဆံတော်(၈)ဆူကို ဘုရားရှင်သာသနာ၏ပထမဆုံးသော ဥပဿကာများဖြစ်ကြသည်တပုဿနှင့်ဘလ္လိကညီနောင်နှစ်ဦးအားပေးသနားတော်မူခဲ့၏။ ညီနောင်နှစ်ဦးတို့က နဝရတ်ကိုးသွယ်စီခြယ်အပ်သော ရွှေကြုတ်တော်ဖြင့် ခံယူပင့်ဆောင်လာခဲ့ရာမဟာသက္ကရာဇ်၁ဝ၃ခုနှစ် ဝါခေါင်လပြည် ကျော်(၅)ရက်စနေနေ့တွင် မျက်မှောက်ခေတ်ဗိုလ်တထောင်စေတီတော်မြတ်တည်ရှိသည် အရပ်၌ ဥက္ကလာပမင်းကြီးနှင့် အခြွေအရံများစွာတို့က မဏ္ဍပ်ကြီးများထိုး၍စည်ကား သိုက်မြိုက် စွာဆီးကြိုကြ၏။ ညီနောင်နှစ်ဦးက လမ်းခရီးအကြောင်းစုံတို့ကို မင်းကြီးထံသံတော်ဦးတင်ကြရာ၊ မင်းကြီးကမိမိတိုအမှန်တစ်ကယ်ကိုးကွယ်ပူဇော်ထိုက်ပါက ဘုရားရှင်ပေးတော်မူလိုက်သည့်ပမာဏအတိုင်းသာကိုးကွယ်ခွင့်ရပါစေသတည်းဟု သစ္စာဓိဌာန်ပြုပြီး၊ ရွှေကြုတ်တော်ကိုဖွင့်လိုက်ရာ မူလအတိုင်းဆံတော်(၈)ဆူရှိနေသည်ကိုအံ့ဩစွာဖူးတွေ့ကြရပြီး၊ ယင်းနေရာတွင်ပင်(၆)လတိုင်တိုင်တခမ်းတနား ပူဇော်ပွဲကြီးကျင်းပခဲ့ကြ၏။
  • ခြောက်လလွန်မြောက်သည့်အခါ ကုန်သည်ညီနောင်မိသားစုအပါအဝင် ပရိသတ်များစွာနှင့်အတူ ဆင်တော်ရတနာထက်ရှိကရဝိက်ဖောင်တော်ပေါ်တွင် ဆံတော်မြတ်(၈)ဆူကိုတင်ဆောင်လျက်ဗိုလ်တထောင်ဆိပ်ကမ်းအရပ်မှဥက္ကလာပမြို့၏ မြောက်ဘက်စူးစူးသို့ပင့်ဆောင်ခဲ့ရာဆင်တော်ရတနာသည်လမ်းခုလတ်ကျွန်းကုန်းကလေးဖြစ်နေသည့် ကျင်းပြဟုခေါ်တွင်သည့်အရပ်သို့ရောက်သောအခါ မြေပြင်တွင်ဝပ်၍ရပ်နားလေ၏။ ဤသို့ထူးခြားစွာဆင်တော်ရတနာဝပ်၍ရပ်နားလိုက်ခြင်းကို မင်းကြီးနှင့်ကုန်သည်ညီနောင်တို့ ကသင်္ကာမကင်းရှိလေသောကြောင့်၊ မင်း ကြီးထံအမိန့်ခံ၍ရွှေကြုတ်တော်ကိုဖွင့်ကြည့်ရာ၊ ဆံတော်(၈)ဆူကို မူလအတိုင်းပင်ဖူးတွေ့ကြရ၏။ ယင်းနေရာ(လက်ရှိရွှေဘုန်းပွင့်စေတီတည်ရာဌာန)၌ဆံတော်(၈)ဆူကို ခုနစ်ရက်တိုင်ထားရှိအပူဇော်ခံကြ၏။
  • အဆိုပါနေရာကို ဥက္ကလာပမင်းကြီးက သာသနာ၏အထိမ်းအမှတ်အဖြစ် ကျောက်တိုင် စိုက်ထူတော်မူ၏။နောင်အခါကျောက်တိုင်နေရာ၌ စေတီတစ်ဆူတည်ထား ကိုးကွယ်ခဲ့ကြရာ ရွှေကြုတ်ဖွင့်စေတီ ဟုအမည်တွင်ခဲ့၏။ရာမညတိုင်းမွန်မင်းအဆက်ဆက်နှင့်သူဌေးသူကြွယ်၊ ဥပဿကာများကအစဉ်အဆက်ပြုပြင်မွမ်းမံခဲ့ကြသည်ဆို၏။
  • မဟာသက္ကရာဇ် ၃၈၃ခုနှစ်တွင်မြန်မာနိုင်ငံဖြစ်လာမည်အရပ်သို့ အရှင်သောဏနှင့် အရှင်ဥတ္တရ မထေရ်မြတ်ကြီးနှစ်ပါးတို့သာသနာပြုကြွရောက်လာပြီး၊ပါရှိလာသည်ဓာတ်တော် မွေတော်များဖြင့်စေတီပုထိုးဟောင်းများအားထိုစဉ်ကမင်း၊ သူဌေးသူကြွယ်၊ဥပဿကာများနှင့်လက်တွဲလျက်ပြုပြင်မွမ်းမံခဲ့ရာ၊ ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေသောရွှေကြုတ်ဖွင့်စေတီတော် ကိုစက္ခုအဘိညာဉ်ဖြင့်ရှာဖွေတွေ့ ရှိပြီးနောက်၊ ဓာတ်တော်မွေတော်အစစ်များ ဌာပနာလျက် ပြုပြင်တည်ထားခဲ့သည် ဟုဆိုကြ၏။
  • ခရစ်နှစ်၁၈၅၂ခုနှစ်၌ အုပ်စိုးသူတို့က ရန်ကုန်မြို့အား ပြန်လည်ထွန်းကားစည်ပင်စေရန် လုပ်ဆောင်စေခဲ့ရာချုံနွယ်ပိတ်ပေါင်းများထူထပ်နေသည် ပန်းစွန့်တောင် (ယခုပုဇွန်တောင်အရပ်) တွင်ဥယျာဉ်ခြံမြေ လုပ်ကိုင်လိုသူများကခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးခင်းများ တည်ထောင်ခဲ့ကြ၏။ ထိုသူများအနက် အိန္ဒိယနိုင်ငံမှ လာရောက်နေထိုင်သည့်ဗုဒ္ဓဘာသာဝင်ချစ်တီးလူမျိုးမူလိယပွသည် မိမိ၏မြေများကိုရှင်းလင်းရာမှ တောင်ကုန်းကြီးတစ်ခုပေါ်ရှိစေတီဟောင်းကြီးတစ်ဆူပေါ်ထွက်လာရာ၊ မူလိယပ္ပ ကနေစဉ်ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်း တို့ပုံမှန်ကပ်လှူ ပူဇော်သလို၊သတင်းစကားပြန့်ပွားရာမှပုဇွန်တောင်အရပ်နေဗုဒ္ဓဘာသာဝင်များဖြင့်လည်းစည်ကားခဲ့သည်ဆို၏။ ရှေ့မီနောက်မီဗဟုသုတပြည်စုံသူတို့၏အဆိုအရ ဤစေတီသည် ရှေးဟောင်းရွှေကြုတ်ဖွင့်စေတီတော်ဟု မူလိယပ္ပ သိခွင့်ရခဲ့၏။
  • တစ်နေ့သ၌ ပိတ်ဖြူဝတ်သူတော်စင်တစ်ဦးရောက်လာပြီး၊ စေတီကိုပြန်လည်ပြုပြင်ရန်ပြောကြားရာ၊ မိမိမှာဆင်းရဲနွမ်းပါးသဖြင့် မတတ်နိုင်ကြောင်း ဖြေကြားသဖြင့် ပြုပြင်နိုင်ချိန်တွင် ပြုပြင်ပါမည်ဟု ကတိပေးရန် ထပ်မံပြောဆိုသောကြောင့်၊ ထိုကတိကိုပေးလိုက်ရ၏။ တစ်နှစ်ခန့်ကြာချိန်တွင်သူတော်စင်ကြီး ထပ်မံရောက်ရှိလာပြီး ရွှေကြုတ်ဖွင့်စေတီပြုပြင်ရန် ပြောဆိုပြန်ရာ၊ မိမိ၌ ပစ္စည်းဥစ္စာအထိုက်အလျောက် ရှိလာသော်လည်း စေတီတည်နိုင်ရန် မလုံလောက်သေးပါဟု ဖြေကြားသဖြင့်၊ သူတော်ကြီးက ရွှေမန်ကျည်းတောင့်များ ပေးသည်ဆို၏။ မူလိယပ္ပသည် မိမိပိုင်ငွေနှင့်ရွှေမန်ကျည်းတောင့်များ ရောင်းချရငွေတို့ကိုဖြင့် စေတီတော်ကြီးအား ထီးတော်တင်ပြီးသည်အထိ ပြုပြင်တည်ထားခဲ့ကြောင်း မှတ်တမ်းများ၌တွေ့ ရ၏။ ယင်းကာလများမှစ၍ စေတီတော်ကြီးသည်လူတို့၏ ဘုန်းကံတို့ကိုပွင့်စေသည့်အကျိုးထူးကို ပေးတော်မူသောကြောင့် ရွှေဘုန်းပွင့်စေတီတော် ဟု ပြောင်းလဲခေါ်တွင်ခဲ့ကြ၏။
  • ရွှေဘုန်းပွင့်စေတီတော်မြတ်သည် တပုဿနှင့်ဘလိကတို့က မြတ်စွာဘုရား၏ ဆံတော်မြတ်များကို ပင့်ဆောင်လာရာ၌ မင်္ဂလာဆင်တော်ဝပ်သည်နေရာတွင်တည်ထားခြင်း၊ ထိုဆံတော် နဝရတ်ကြုတ်ကိုဖွင့်၍ ဖူးမြော်ရာ၌ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခြင်း၊ သာသနာပြုရဟန္တာကြီးများကထပ်မံ၍ ဓာတ်တော်မွေတော်အစစ်တို့ဖြင့်သင်တိုင်းခြုံငုံ၍တည်ထားခဲ့ခြင်း၊ ချစ်တီးလူမျိုးမူလိယပ္ပ က ဦးသူတော်ကြီးပေးသော ရွှေမန်ကျည်းတောင့်များဖြင့်ထပ်မံ၍အသစ်ခြုံငုံတည်ခဲ့ခြင်းနှင့်သန်လျင်မြို့နတ်စင်တစ်ရာ(မနောမယ)ဆရာတော်ဘုရားကြီးကထပ်ဆောင်း၍မွမ်းမံတည်ထားခြင်း စသည် ဂုဏ်ထူးဝိသေသအပေါင်းတို့ဖြင့်ပြည့်စုံ လျက်ရှိနေခြင်းနှင့် အတူဂေါပကအဆက်ဆက်မှလည်း မွမ်းမံပြင်ဆင်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး လာရောက်ဖူးမြော်သူအများကိုလည်းကောင်းကျိုးလိုရာပြည့်စုံလျက် ရှိနေပေသတည်း။

တည်နေရာပြ အညွှန်း

ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းပေါ်တွင်တည်ရှိပါသည်။