စွယ်တော်မြတ်စေတီတော်
အသေးစိတ် အချက်အလက်များ
ကြုတ်တော်
စေတီတော်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်က ပရိနိဗ္ဗာန်စံတော်မူခဲ့သော ဂေါတမမြတ်စွာဘုရား၏ စွယ်တော်များထဲမှ တစ်ဆူဟု ယုံကြည်ရသည့် အထွတ်အမြတ်ထားရာ ဗုဒ္ဓသွားတော်များ ကိန်းဝပ်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ စွယ်တော်အား ၁၉၉၄ ခုနှစ်တွင် တရုတ်နိုင်ငံမှ ခေတ္တပင့်ဆောင်ယူခဲ့ပြီး မြန်မာဗုဒ္ဓဘာသာဝင်များ ဖူးမြော်နိုင်ရန် စေတီတော်၌ ၄၅ ရက်ကြာ ကိန်းဝပ်ခဲ့သည်။ မူလဓာတ်တော်များနှင့်အတူ စွယ်တော်ပွားဆင်စွယ်နှစ်ဆူ ကိန်းဝပ်ခဲ့ရာ တစ်ခုမှာ ယနေ့တိုင်စွယ်တော်မြတ်၌ ကိန်းဝပ်နေဆဲဖြစ်သည်။
တရုတ်နိုင်ငံမှ ဗုဒ္ဓရုပ်ပွားတော်၏ ဆင်စွယ်မိတ္တူကို ဆလင်ဒါပုံသဏ္ဌာန် ဖန်ခွက်ငယ်ဖြင့် သိမ်းဆည်းထားပြီး အထပ်များစွာပါသော ပိဋကတ်သုံးပုံရှိသည်။ ရုပ်ပွားတော်ကြီးကို အစိမ်းရောင် ကျောက်စိမ်းဘုရားများဖြင့် ဝန်းရံထားသည်။
ဓမ္မစက္က မုဒြာ
(ဓမ္မ = တရား + စက္က = စက်)
တရားဦး ဓမ္မစကြာဟောတော်မူရာတွင် တရားလှည်းဘီး စက်လှည့်၍လည်စေပုံ လက်တော်ဟန်ဖြစ်ပါသည်။
ဤပုံတော်ကို ကိုးကွယ်ခြင်းအားဖြင့် တရားထူးကို ရရှိခြင်း၊ ဉာဏ်ပညာထွန်းကားတိုးတက်ခြင်း၊ အမှန်တရားကို သိလွယ်မြင်လွယ်ခြင်း၊ ယုံမှား သံသယကင်းရှင်းခြင်း၊ သိဒ္ဓိအမျိုးမျိုး ပြီးစီးပြည့်စုံခြင်း၊ တိုင်းပြည်နိုင်ငံ သာယာဝပြောခြင်း စသော အကျိုးထူးများရရှိနိုင်သည်ဟု ဝဇီရာယာနကျမ်းများ၌ ပြဆိုပါသည်။
တနင်္လာနံ၊ အရှေ့အရပ်သို့ မျက်နှာမူစံပယ်လျက်ရှိသည်။
ပြာရိဟာရိယမုဒြာ
(ပြာရိ = တန်ခိုးတော် + ဟာရိယ = ဆောင်ခြင်း)
သတ္တဝါတို့အား ချေချွတ်ရန်အတွက် တန်ခိုးဖန်ဆင်းတော်မူပုံ လက်တော်ဟန်ဖြစ်ပါသည်။
ဤပုံတော်ကို ကိုးကွယ်ခြင်းအားဖြင့် ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း၊ ထူးဆန်းသော ဝိဇ္ဇာပညာအတတ်တို့ကို တတ်ကျွမ်းခြင်း၊ သိပ္ပံအတတ်အရပ်ရပ်၌ ထူးချွန်တတ်မြောက်ခြင်း ရန်သူအပေါင်းတို့ကို လွှမ်းမိုးကျော်လွှားအောင်မြင်နိုင်ခြင်း စသောအကျိုးထူးများ ရရှိနိုင်သည်ဟု ဝဇီရာယာန တန္တရာယာနကျမ်းများ၌ ပြဆိုပါသည်။
တနင်္လာနံ၊ အရှေ့အရပ်သို့ မျက်နှာမူစံပယ်လျက်ရှိသည်။
ဝရဒ မုဒြာ
(ဝရ = ဆု + ဒ = ပေးခြင်း)
လိုအပ်သောဆုများ တလုံးတဝတည်း ပြည့်စုံစေဟူ၍ ပေးအပ်သော လက်တော်ဟန်ဖြစ်ပါသည်။
ဤပုံတော်ကို ကိုးကွယ်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာ ဆုလာဘ်များရရှိခြင်း၊ ဆုတောင်းပြည့်ခြင်း၊ သားဆုကိုရရှိခြင်း၊ ဆန္ဒအတိုင်းကိစ္စပြီးမြောက်ခြင်း၊ သစ္စာအဓိဋ္ဌာန်ပြုရာ၌ ထိရောက်ခြင်း၊ ဓာတ်စည်း ဓာတ်သက်ဝင်ခြင်း၊ ရာထူးဌာနန္တရ တိုးတက်ခြင်း၊ စည်းစိမ်တိုးပွားခြင်း၊ စစ်ချီစစ်တက်ရာ၌ အောင်နိုင်ခြင်း၊ လက်ဆောင်ပဏ္ဍာခွန်ထုပ်များရရှိခြင်း၊ ခြွေရံသင်းပင်းပေါများ ကြွယ်၀ခြင်း စသော အကျိုးထူးများရရှိနိုင်သည်ဟု ယန္တရာယာနကျမ်းများ၌ ပြဆိုပါသည်။
အင်္ဂါနံ၊ အရှေ့တောင်အရပ်သို့ မျက်နှာမူစံပယ်လျက်ရှိသည်။
ဥတ္တရဗောဓိ မုဒြာ
(ဥတ္တရ = အမြတ် + ဗောဓိ = ဉာဏ်တော်)
ဉာဏ်တော် အထွတ် အမြတ်ရောက်ကာ ပွင့်တော်မူပုံ လက်တော်ဟန်ဖြစ်ပါသည်။
ဤပုံတော်ကို ကိုးကွယ်ခြင်းအားဖြင့် ဉာဏ်ပညာကောင်းခြင်း၊ စာမေးပွဲ စာပြန်ပွဲတို့၌ အဟန့်အတားမရှိ အောင်မြင်ခြင်း၊ အကျိုးထူးများ ရရှိနိုင်သည်ဟု တန္ထရာယာနကျမ်းများ၌ ပြဆိုပါသည်။
ဗုဒ္ဓဟူးနံ၊ တောင်အရပ်သို့ မျက်နှာမူစံပယ်လျက်ရှိသည်။
ဈာန မုဒြာ
(ဈာန = ဈာန်သမာပတ်)
ဈာန်သမာပတ်ဝင်စားခြင်း၊ တရားအားထုတ်ခြင်း လက်တော်ဟန်ဖြစ်ပါသည်။
ဤပုံတော်ကို ကိုးကွယ်ခြင်းအားဖြင့် တည်ကြည်ငြိမ်သက်ခြင်း၊ ဓာတ်သဘောအပြည့်အဝရရှိခြင်း၊ စိတ်ဝေဒနာသောကပရိဒေဝ ကင်းငြိမ်းခြင်း၊ ဉာဏ်ပညာတိုးတက် ပွင့်လင်းခြင်း၊ တရားထူးကို ရရှိလွယ်ခြင်း၊ သမထပေါက်လွယ်ခြင်း၊ ထွက်ရပ်ပေါက်လွယ်ခြင်း၊ သိဒ္ဓိပြီးခြင်း၊ မကောင်းကျိုးဟူသမျှ လောင်ကျွမ်းချုပ်ပျောက်သွားခြင်း စသော အကျိုးထူးများရရှိနိုင်သည်ဟု ဝဇီရာယာနကျမ်းများ၌ ပြဆိုပါသည်။
ရာဟုနံ၊ အနောက်မြောက်အရပ်သို့ မျက်နှာမူစံပယ်လျက်ရှိသည်။
မဟာကရုဏာ မုဒြာ
(မဟာ = ကြီးမားသော + ကရုဏာ = သနားခြင်း)
ရင်တော်ကိုသပ်၍ သတ္တဝါဝေနေယျတို့အပေါ် သနားကရုဏာထားတော်မူပုံ လက်တော်ဟန်ဖြစ်ပါသည်။
ဤပုံတော်ကို ကိုးကွယ်ခြင်းအားဖြင့် ကယ်ဆယ် ကူညီ စောင်မသူများ ပေါ် ပေါက်လာခြင်း၊ စိုးရိမ်ပူဆွေးမှုမှ လွတ်ငြိမ်းချမ်းသာရာရခြင်း၊ ရန်ပြေ မာန်ပြေဖြစ်ခြင်း၊ တရားတဘောင် အမှုအခင်းများ အောင်နိုင်ခြင်း၊ မင်းအာဏာတန်ခိုးတေဇာကြီးမြင့် ထက်မြက်ခြင်း၊ ဘုန်းကြီးခြင်း၊ ကြည်ညိုလေးစားသူများခြင်း၊ မိမိအား ချီးမြှင့် မြှောက်စားမည့် ပုဂ္ဂိုလ်မြတ်ပေါ်ပေါက်လာခြင်း စသောအကျိုးထူးများ ရရှိနိုင်သည်ဟု တန္တရာယာနကျမ်းများ၌ ပြဆိုပါသည်။
ကြာသပတေးနံ၊ အနောက်အရပ်သို့ မျက်နှာမူစံပယ်လျက်ရှိသည်။
ဘူမိဖဿ မုဒြာ
(ဘူမိ = မြေကြီး + ဖဿ = တွေ့ထိခြင်း)
မာရ်နတ်ကိုအောင်ရာတွင် မဟာပထဝီမြေကြီးကို စမ်းသပ်ထိကိုင်၍ သက်သေပြုပုံ လက်တော်ဟန်ဖြစ်ပါသည်။
ဤပုံတော်ကို ကိုးကွယ်ခြင်းအားဖြင့် တရားနိုင်ခြင်း၊ သက်သေအောင်နိုင်ခြင်း၊ စစ်ထိုးရာ၌အောင်နိုင်ခြင်း၊ ရန်သူတို့က မကြံစည် မတိုက်ခိုက်နိုင်ခြင်း၊ ခန့်ညားတည်ကြည်၍ မတုန်မလှုပ် နောက်မဆုတ်ခြင်း၊ မိစ္ဆာတို့၏ နှောင့်ယှက်မှုကို နှိမ်နင်းနိုင်ခြင်း၊ ရဲရင့်စေခြင်း၊ အာဏာတန်ခိုးထက်မြက်ခြင်း၊ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း စသည့်အကျိုးထူးများကို ရရှိနိုင်သည်ဟု ကျမ်းစာများ၌ ပြဆိုပါသည်။
သောကြာနံ၊ မြောက်အရပ်သို့ မျက်နှာမူစံပယ်လျက်ရှိသည်။
လာဘမုနိ မုဒြာ
(လာဘ = လာဘ် + မုနိ = ဘုရားရှင်)
ကြုတ်အတွင်းမှယူ၍ လာဘ်လာဘများကို ပေးဝေနေတော်မူပုံ လက်တော်ဟန်ဖြစ်ပါသည်။
ဤပုံတော်ကို ကိုးကွယ်ခြင်းအားဖြင့် ရွှေ ငွေ ရတနာပစ္စည်း ပေါကြွယ်ဝခြင်း၊ ခြွေရံသင်းပင်း ပေါများခြင်း စသည့် အကျိုးများရရှိနိုင်သည်ဟု တန္တရာယာနကျမ်းများ၌ ပြဆိုပါသည်။
စနေနံ၊ အနောက်တောင်အရပ်သို့ မျက်နှာမူစံပယ်လျက်ရှိသည်။
သန္တိဒ မုဒြာ
(သန္တိ = ငြိမ်းချမ်းမှု + ဒ = ပေးခြင်း)
ပြေလည်ငြိမ်းအေးကြစေဖို့ လက်ကာနှိမ့်ချတော်မူပုံ လက်တော်ဟန်ဖြစ်ပါသည်။
ဤပုံတော်ကို ကိုးကွယ်ခြင်းအားဖြင့် ဘေးရန်ကင်းခြင်း၊ ငြိမ်းချမ်းသာယာခြင်း၊ စည်းစိမ် ကျက်သရေတိုးပွားခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း၊ တရားထူးကို ရရှိနိုင်ခြင်း၊ သိဒ္ဓိပေါက်ခြင်း၊ ဆုတောင်းပြည့်ခြင်း စသည့် အကျိုးထူးများစွာတို့ ရရှိနိုင်သည်ဟု တန္တရာယာနကျမ်းများ၌ ပြဆိုပါသည်။
တနင်္ဂနွေနံ၊ အရှေ့မြောက်အရပ်သို့ မျက်နှာမူစံပယ်လျက်ရှိသည်။
အရံစေတီ ကိုးဆူ
ဘုရားစေတီ၏ ပတ်လည်တွင် တည်ထားသော စေတီငယ်များ ဖြစ်သည်။
