စေတီတော်ဆိုင်ရာ
စွယ်တော်မြတ်စေတီတော်သမိုင်း


၁။ သုံးလောကထွဋ်တင် ဘုရားရှင်သည် မဟာသက္ကရာဇ် (၁ဝ၃)ခုနှစ်အကြုံ ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဘုရား အဖြစ်သို့ ရောက်တော်မူခဲ့ပြီး သတ္တဝါ ဝေနေယျတို့အား (၄၅)ဝါပတ်လုံး တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး၍ ကယ်မတော်မူကာ မဟာသက္ကရာဇ် (၁၄၈)ခုနှစ်တွင် မဟာ ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ပါသည်။ ကြွင်းကျန်သော မွေသရီ ဓာတ်တော်များတွင် မပြိုကွဲမပျက်စီးဘဲတည်ရှိနေသည့် အသမ္ဘိန္နဓာတ်တော် (၇)ဆူအနက် စွယ်တော်(၄)ဆူသည် အောက်ပါအတိုင်း ကိန်းဝပ်စံပယ်တော် မူလျက်ရှိပါသည်–
(က) အထက်လက်ယာစွယ်တော်မြတ်တစ်ဆူသည် တာဝတိံသာနတ်ပြည်တွင် စံပယ်တော်မူသည်။
(ခ) အောက်လက်ယာစွယ်တော်မြတ်တစ်ဆူသည် နဂါးပြည်တွင် ကိန်းဝပ်စံပယ်တော်မူသည်။
(ဂ) အထက်လက်ဝဲ စွယ်တော်မြတ်တစ်ဆူသည် ဂန္ဓာရတိုင်း (ယခုအခါ ပါကစ္စတန်ပြည်)မှတဆင့် (ဂန္ဓာလရာဇ်) တရုတ်ပြည်၌ ကိန်းဝပ်စံပယ်တော် မူသည်။
(ဃ) အောက်လက်ဝဲစွယ်တော်မြတ်တစ်ဆူသည် ကလိင်္ဂတိုင်း ဒန္တပူရပြည်နယ်မှတဆင့် သီရိလင်္ကာ နိုင်ငံ၌ ကိန်းဝပ်စံပယ်တော်မူသည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့သည် ပထဝီအနေအထားအရ နယ်နိမိတ်ချင်း မိုင်ပေါင်းများစွာ ဆက်စပ်လျက်ရှိပြီး သမိုင်းကြောင်းရှည်လျားစွာ ကူးလူးဆက်ဆံမှုပြုခဲ့ကြသဖြင့် ချစ်ကြည်ရင်းနှီးမှုဓာတ်ခံ ရှိခဲ့ကြပြီးဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အနေဖြင့် (ဂန္ဓာလရာဇ်)တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမြော် ကြည်ညိုခွင့်ရရှိရန်ဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်း များစွာ ရှိခဲ့ပေသည်။
၃။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့ နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပီကင်းမြို့မှ ဗုဒ္ဓမြတ်စွယ်တော် သည် ၁၉၉၄ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် မြန်မာနိုင်ငံသို့ ဒေသစာရီကြွချီတော်မူလာရာ ပြည်ထောင်စု မြန်မာနိုင်ငံသူ/ နိုင်ငံသားအပေါင်းတို့ (၄၅)ရက်တိုင်တိုင် ဖူးမြော်ကြည်ညိုခွင့် ရရှိခဲ့ကြပေသည်။ ထိုသို့ ပူဇော်ခံတော်မူရာ၌ ယခု တည်ထားကိုးကွယ်သော စွယ်တော်မြတ်(၂)ဆူ (ရန်ကုန်/ မန္တလေး)သည်လည်း ဗုဒ္ဓမြတ်စွယ်တော်နှင့်အတူ အပူဇော်ခံ တော်မူ၍ ဗုဒ္ဓမြတ်စွယ်တော်၏ ရင်ငွေ့တော်ကို ခိုလှုံခွင့် ရရှိခဲ့ပါသည်။ ယင်းစွယ်တော်မြတ်(၂)ဆူတို့ကို အသီးသီး ကိန်းဝပ်အပူဇော်ခံနိုင်စေရန် ရန်ကုန်မြို့ ဓမ္မပါလကုန်းတော် ပေါ်တွင် စွယ်တော်မြတ်စေတီတော်တစ်ဆူနှင့် မန္တလေးမြို့ မဟာဓမ္မရံသီကုန်းတော်ပေါ်တွင် စွယ်တော်မြတ်စေတီတော် တစ်ဆူတို့ကို ဉာဏ်တော်အမြင့် (၁ဝ၈)တောင် သတ်မှတ်၍ တစ်ပုံစံတည်း တည်ထားကိုးကွယ်နိုင်ရန် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်ချက်အရ နိုင်ငံတော်က စီစဉ်ခဲ့ပါသည်။
၄။ စွယ်တော်မြတ်စေတီတော်(ရန်ကုန်)ကို ဓမ္မပါလ ကုန်းမြေတွင် ဝတ္ထုကံမြေ အပိုင်းအခြား ၆၉. ၉၂၁ ဧကဖြင့် အသွင်(၁ဝ၈)တောင် အမြင့်ဆောင်ကာ ဘုရားဂုဏ်တော် (၉)ပါးကို အာရုံထား၍ မုခ်(၉)မုခ် ၊ ဘုံ(၉)ဆင့် စသည်ဖြင့် တည်ထားကိုးကွယ်ပါသည်။
တည်နေရာပြ အညွှန်း
ဝရဒါဌာ ဓာတုစေတိယစွယ်တော်မြတ်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက်တွင် တည်ရှိသည်။
