အောင်တော်မူစေတီ

အသေးစိတ် အချက်အလက်များ

တောင်ဥက္ကလာပမြို့နယ်၏ နယ်နိမိတ်အတွင်းပါဝင်သော ငမိုးရိပ်ချောင်း လက်ယာကမ်း ဘက်ရှိ မြင်သာရွာကြီး၏ ရွာဦးရွာကမ်းဘက်တွင်  ဉာဏ်တော်ကိုးတောင် ခန့်ရှိသော အောင်တော်မူရှေးဟောင်းစေတီငယ်တစ်ဆူမှာ ရှေးရာမညတိုင်း ဟံသာဝတီမင်းများ လက်ထက်ကပင် တည်ရှိခဲ့သော ဘုရားစေတီဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။ ၎င်းမြင်သာရွာသားတို့ကလည်း ဗုဒ္ဓဘာသာဝင် မွန်လူမျိုးစုများ ဖြစ်ကြသည့်အတိုင်း ကိုးတောင်ပြည့် အောင်တော်မူစေတီကို တည်ထား၍ အစဉ်ကိုးကွယ်လာကြဟန်ရှိသည်။အောင်တော်မူစေတီတော်မြတ် ရှေးဟောင်းဖြစ်ကြောင်း သာဓကအနေဖြင့် စေတီတော်တည်ရာ၌ အသုံးပြုသော အုတ်ချပ်ကြီးများက ပြသ၍နေပေသည်။ ယင်းအုတ်ချပ်ကြီးများမှာ အလျား ၁ဝ”၊အနံ ၅”နှင့် ထု ၂” ရှိသော ရှေးဟံသာဝတီခေတ်သုံး အုတ်ချပ်ကြီးများဖြစ်သည်။ မြို့ရွာကျက်သရေဆောင် အောင်တော်မူဘုရားနှင့် ရှေးဟောင်းခုနစ်ဆူရုပ်ပွားတော်များအား မြင်သာမြို့ဦးကျောင်းနှင့်နီးစပ်ရာ ၁၄ ရပ်ကွက်၊ ၁ဝ ရပ်ကွက်၊ ၇ ရပ်ကွက်တို့မှ ချုံနွယ် ပိတ်ပေါင်းများ၊ ဝါးရုံတောများကို ခုတ်ထွင်ရှင်းလင်းကြပြီး ၁၉၇၅ ခုနှစ်တွင် အောင်တော်မူစေတီကို အသစ်တစ်ဖန် ပြန်လည်ငုံ၍ ထပ်မံတည်ထားကြရာ မူလဉာဏ်တော် ၉ တောင်မှ ဉာဏ်တော် ၂၂ တောင် (၃၃’) အမြင့်သို့ တိုးမြှင့်၍ ပြုပြင်ကိုးကွယ်ပူဇော်ခဲ့ကြသည်။၂.၃.၂၀၂၃ ရက်နေ့တွင် ရှေးဟောင်းခုနစ်ဆူဘုရားဝင်း အရှေ့ဘက်ရှိ ဉာဏ်တော် ၂၂ တောင် မြင့်သည့် “အောင်တော်မူစေတီ“အား လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ခြင်းနှင့်စိန်ဖူးတော်၊ ထီးတော်တို့ကို အထွတ်တင်မင်္ဂလာကျင်းပနိုင်ခဲ့ပါသည်။