ဥက္ကလာပစေတီတော်မြတ်ကြီး၏သမိုင်းအကျဉ်း

ဥက္ကလာပစေတီတော်သမိုင်း




ဥက္ကလာပစေတီတော်မြတ်ကြီး ဖြစ်ပေါ်လာပုံသမိုင်းအကျဥ်း
ဥက္ကလာပစေတီတော်မြတ်ကြီး ဖြစ်ပေါ်လာပုံသမိုင်း
၁၉၅၈ ခုနှစ်၊ ဗိုလ်ချုပ်ကြီးနေဝင်းအိမ်စောင့်အစိုးရလက်ထက် ဗိုလ်မှူးကြီးထွန်းစိန်တို့ စတင် တည်ဆောက်ခဲ့သော တောင်ဥက္ကလာပမြို့သည် ယခု ၂ဝ၂၃ ခုနှစ်တွင် နှစ်ပေါင်း ၆၅ နှစ်မျှမြို့သက်ရှည်ခဲ့ပြီး ၁၉၉၁ ခုနှစ်အထိ ဘုရားစေတီ ကြီးကြီးမားမား တည်ထားကိုးကွယ်ခြင်းမရှိခဲ့ပေ။
တောင်ဥက္ကလာပမြို့နယ်၏ နယ်နိမိတ်အတွင်းပါဝင်သော ငမိုးရိပ်ချောင်း လက်ယာကမ်း ဘက်ရှိ မြင်သာရွာကြီး၏ ရွာဦးရွာကမ်းဘက်တွင် ခုနစ်ဆူရုပ်ပွားတော်များနှင့် ဉာဏ်တော်ကိုးတောင် ခန့်ရှိသော အောင်တော်မူရှေးဟောင်းစေတီငယ်တစ်ဆူမှာ ရှေးရာမညတိုင်း ဟံသာဝတီမင်းများ လက်ထက်ကပင် တည်ရှိခဲ့သော ဘုရားစေတီများဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။ ၎င်းမြင်သာရွာသားတို့ကလည်း ဗုဒ္ဓဘာသာဝင် မွန်လူမျိုးစုများ ဖြစ်ကြသည့်အတိုင်း ကိုးတောင်ပြည့် အောင်တော်မူစေတီနှင့် ဗုဒ္ဓရုပ်ပွားတော် ခုနစ်ဆူတို့ကို တည်ထား၍ အစဉ်ကိုးကွယ်လာကြဟန်ရှိသည်။ အောင်တော်မူစေတီတော်မြတ် ရှေးဟောင်းဖြစ်ကြောင်း သာဓကအနေဖြင့် စေတီတော်တည်ရာ၌ အသုံးပြုသော အုတ်ချပ်ကြီးများက ပြသ၍နေပေသည်။ ယင်းအုတ်ချပ်ကြီးများမှာ အလျား ၁ဝ”၊အနံ ၅”နှင့် ထု ၂” ရှိသော ရှေးဟံသာဝတီခေတ်သုံး အုတ်ချပ်ကြီးများဖြစ်သည်။ ခုနစ်ဆူရုပ်ပွားတော်များ ကလည်း အာဋာနာဋိယသုတ်တော်လာ ဘုရားခုနစ်ဆူပင်ဖြစ်ရာ ဝိပဿီဘုရား၊ သိခီဘုရား၊ ဝေဿဘူ ဘုရား၊ ကကုသန္ဓဘုရား၊ ကောဏာဂမနဘုရား၊ ကဿပဘုရားနှင့် ဂေါတမဘုရားတို့၏ ပုံတော်များပင် ဖြစ်ပါသည်။
မြို့ရွာကျက်သရေဆောင် အောင်တော်မူဘုရားနှင့် ရှေးဟောင်းခုနစ်ဆူရုပ်ပွားတော်များအား မြင်သာမြို့ဦးကျောင်းနှင့်နီးစပ်ရာ ၁၄ ရပ်ကွက်၊ ၁ဝ ရပ်ကွက်၊ ၇ ရပ်ကွက်တို့မှ ချုံနွယ် ပိတ်ပေါင်းများ၊ ဝါးရုံတောများကို ခုတ်ထွင်ရှင်းလင်းကြပြီး ၁၉၇၅ ခုနှစ်တွင် အောင်တော်မူစေတီကို အသစ်တစ်ဖန် ပြန်လည်ငုံ၍ ထပ်မံတည်ထားကြရာ မူလဉာဏ်တော် ၉ တောင်မှ ဉာဏ်တော် ၂၂ တောင် (၃၃’) အမြင့်သို့ တိုးမြှင့်၍ ပြုပြင်ကိုးကွယ်ပူဇော်ခဲ့ကြသည်။ အသံမစဲပဋ္ဌာန်းပွဲများ၊ အထူးတရားပွဲများ(၃၂) ကြိမ်အထိ ကျင်းပခဲ့ရာ ၁၉၈ဝ ပြည့်နှစ်တွင် ဂေဇက်ဝင်ဘုရားဖြစ်လာ၍ ဂေါပကအဖွဲ့ကို စတင် ဖွဲ့စည်းခဲ့သည်။ ပထမဂေါပကအဖွဲ့တွင် ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင် ၅ ဦးစတင်ဖွဲ့စည်းခဲ့ပါသည်။
၁၉၈၃ ခုနှစ် ဒုတိယမြောက်ဂေါပကအဖွဲ့တွင် ဥက္ကဋ္ဌ ဦးမြစိန်နှင့်အဖွဲ့၊ ၁၉၈၅ ခုနှစ် တတိယမြောက် ဂေါပကအဖွဲ့တွင် ဥက္ကဋ္ဌ ဦးတင်မောင်နှင့် ၁၅ ဦးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ တတိယမြောက် ဂေါပကအဖွဲ့သည် ၁၉၈၆ ခုနှစ်မှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်လျက် မြို့နယ်ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးအုန်းလွင် ဦးစီးဦးဆောင်ပြုကာ အနာဂတ်သာသနာအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ခဲ့သည်။ နှစ်စဉ်ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမြဲဖြစ်သည့် အကြိုတရားပွဲ၊ ပဋ္ဌာန်းပွဲ၊ ရှေးဟောင်းခုနစ်ဆူဘုရား ရုပ်ပွားတော်များကို မြို့နယ်အတွင်းသို့ ဒေသစာရီကြွချီအပူဇော်ခံဆောင်ရွက်နိုင်ခဲ့သည်။ ပျော်ပွဲရွှင်ပွဲများ၊ နာမည်ကြီး ဇာတ်ကြီး ဇာတ်ကောင်းများဖြင့် ဖျော်ဖြေခြင်းအားဖြင့် ဘုရားပွဲတော်မှာ ပိုမိုစည်းကား လာခဲ့ပါသည်။ ၁၉၈၆-၈၇ ခုနှစ်အတွင်းမှာပင် ခုနစ်ဆူဘုရားဂန္ဓကုဋိတိုက်ကြီးကို ရဟန်းရှင်လူ ပြည်သူများ ပါဝင်၍ ငွေကျပ် ၆ သိန်းကျော် အကုန်အကျခံကာ တည်ဆောက်ခဲ့ကြသည်။ အလျား ၆ဝ ပေ၊ အနံ ၃ဝ ပေရှိ ဂန္ဓကုဋိတိုက်တော်ကြီးအား လှပခန့်ညားစွာ မြန်မာ့ယဉ်ကျေးမှုပန်း ဆယ်မျိုးဖြင့် ကြည်ညိုဖွယ်ရာ မွမ်းမံတည်ဆောက် ပြီးမြောက်ခဲ့ပါသည်။
၁၉၈၇ ခုနှစ်တွင် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရာ၌ အကြိုတရားပွဲများ၊ အသံမစဲပဋ္ဌာန်းပွဲများနှင့် မြန်မာ့ဇာတ်သဘင် နာမည်ကြီးဇာတ်ကောင်းများ ကပြဆောင်ရွက်နိုင်ခဲ့သည်။ ထိုနှစ်မှာပင် တောင်ဥက္ကလာပမြို့နယ်တစ်ခုလုံး လှည့်လည်အပူဇော်ခံရန် နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်များ(ဉာဏ်တော် ၃၇”၊ ကြာပလ္လင် ၆”၊ စုစုပေါင်း ၄၃”) ထုလုပ်ပူဇော်၍ မြို့နယ်အတွင်း လှည့်လည်အပူဇော်ခံ ဆောင်ရွက် ခဲ့ပါသည်။ တောင်ဥက္ကလာပတစ်မြို့နယ်လုံး ဘာသာရေး ပွဲတော်ကြီးတစ်ပွဲဖြစ်ထွန်းပေါ်ပေါက်လာခဲ့ရာ ဤနှစ်ကျိပ်ရှစ်ဆူ ပူဇော်လှည့်လည်ပွဲကြီးမှပင် ဥက္ကလာပမြို့နယ်အတွင်း၌ စေတီတော်ကြီးတစ်ဆူ ပေါ်ပေါက်လာရေးအတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူအများ တစ်ညီတစ်ညွတ်တည်း အာသီသ ပြုခဲ့ကြပါသည်။
ဘုရားဝတ္ထုကံမြေရရှိလာခြင်း
တောင်ဥက္ကလာပမြို့နယ်ရှိ ရဟန်းရှင်လူပြည်သူများသည် ရှေးဟောင်းခုနစ်ဆူဘုရား ဂန္ဓကုဋိ တိုက်တော်နှင့် အောင်တော်မူစေတီတို့ကို ရှေးဟောင်းယဉ်ကျေးမှုမပျက် ထိန်းသိမ်းဆောက်လုပ် မွမ်းမံခဲ့သည့်အပြင် မျှော်လင့်တောင့်တခဲ့သော ဥက္ကလာပစေတီတော်မြတ်ကြီး တည်ဆောက်နိုင်ရန် ဝတ္ထုကံမြေကို ရရှိရေးကြိုးပမ်းခဲ့ရာတွင် လိုအပ်သည့်အတိုင်း အခွန်လွတ် သာသနာ့မြေကို ကျယ်ကျယ် ပြန့်ပြန့် သန့်သန့်ရှင်းရှင်းရရှိခဲ့ပါသည်။
၁၉၉ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အိုးအိမ်ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း လေ့လာတိုင်းတာ၍ လမ်းမြေ ပေ ၈ဝ ချန်ကာ ဥက္ကလာပစေတီတော်မြတ်ကြီးအတွက် မြေကွက်အမှတ် (၁) တွင် ၄.၁ဝ၆ ဧက၊ ဂန္ဓကုဋိတိုက်နှင့် အောင်တော်မူစေတီအတွက် မြေကွက် အမှတ် (၂)တွင် ၁.၅၉၁ ဧက၊ စုစုပေါင်း ၅.၆၉၇ ဧကတို့ကို ညှိနှိုင်း သဘောတူညီခဲ့ကြပါသည်။ နိုင်ငံတော်က ၁၉၈၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဝတ္ထုကံမြေ ဝ.၈၂၅ ဧကကို ထပ်မံဖြည့်စွက်လှူဒါန်းပေးခဲ့ပါသည်။ ၁၉၉ဝ ပြည့်နှစ် ဧပြီလ ၆ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်သမ္မတကိုယ်စား အိုးအိမ်ဦးစီးဌာနနှင့် ဥက္ကလာပစေတီတော် ရှေးဟောင်းခုနစ်ဆူဘုရားဂေါပကအဖွဲ့တို့ စာချုပ်ချုပ်ဆိုသည့်အခါ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် စုပေါင်းမြင်သာမြေကွက်အမှတ်(၁)နှင့်(၂)အတွင်း တည်ရှိသော ၅.၆၉၇ ဧကကို နိုင်ငံတော်ကလှူဒါန်းမှုအတွက် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံတော် အစိုးရက ဥက္ကလာပစေတီတော်မြေကွက်အမှတ်(၁)အတွက် ၄.၇၃၂ ဧကနှင့် ဂန္ဓကုဋိတိုက်နှင့် အောင်တော်မူစေတီမြေကွက်အမှတ်(၂) အတွက် ၁.၇၉ ဧက၊ စုစုပေါင်း ဝတ္ထုကံမြေဧရိယာ ၆.၅၂၂ ဧက အထိ တိုးမြှင့်လှူဒါန်းပေးခဲ့ပါသည်။
ဥက္ကလာပစေတီတော်မြတ်ကြီးတည်ဆောက်ခြင်း
ဥက္ကလာပစေတီတော်မြတ်ကြီးအား စေတီငယ်ပြုလုပ်ခဲ့ရာ စေတီတော်မြတ်ကြီး၏ ပုံစံမှာ ရွှေတိဂုံစေတီတော်ကြီးအချိုးအတိုင်း ပြန်တူအချိုး(အထက်ပစ္စယာအခြေအကျယ်နှင့် ဉာဏ်တော်အမြင့် ဆတူ) ချထားသည်။ ဥက္ကလာပစေတီတော်မြတ်ကြီးကို ရင်ပြင်တော်မှ စိန်ဖူးတော်အထိ နဝင်းကိုက် ဉာဏ်တော် ၁ဝ၈ ပေ၊ အခြေအကျယ် ၁ဝဝ.၅ ပေဖြင့် တည်ထားသည်။ အရံစေတီ ရှစ်ဆူကို ပန်းတင်ခုံပေါ်တွင် အရပ်ရှစ်မျက်နှာများ၌တည်ထားပြီး ဉာဏ်တော်အမြင့်မှာ ၁၃ ပေခွဲ ရှိသည်။
ပန္နက်တင်အခမ်းအနားနှင့် အုတ်မြစ်ချခြင်း
စေတီတော်တည်မည့်နေရာကိုဗဟိုပြု၍ အရပ်လေးမျက်နှာတွင် သံဃာတော်အရှင်မြတ်များက ပရိတ်တရားတော်များ၊ ကမ္မဝါစာများ ရွတ်ဖတ်သရဇ္ဈာယ်၍ ၂၄.၉.၁၉၈၉ ရက်နေ့တွင် မြေသန့်မင်္ဂလာ ပြုတော်မူသည်။
၂ဝ.၁ဝ.၁၉၈၉ ရက် (၁၃၅၁ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၆ ရက်နေ့) သောကြာနေ့နံနက် ၅ နာရီ ၄၈ မိနစ်တွင် ပန္နက်တင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ဥက္ကလာပစေတီတော်မြတ်ကြီး၏ အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို (၁၁.၁၁.၁၉၈၉) မြန်မာ သက္ကရာဇ် ၁၃၅၁ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၄ ရက် စနေနေ့ နံနက် ၁၁:ဝဝ နာရီ ၁၁ မိနစ်၂ဝ စက္ကန့်အချိန်တွင် မင်္ဂလာအခါယူ၍ ရတနာအုတ်မြစ်အားလုံးကို တစ်ပြိုင်နက်တည်း ချခဲ့သည်။
ဓာတ်တော် မွေတော်များ ဌာပနာရန်ပင့်ဆောင်ခြင်း
၅.၈.၁၉၈၉ ရက်နေ့တွင် မြင်းခြံမြို့သာသနာ့ဇောတိကာရုံကျောင်းတိုက် အရှင်ကောဏ္ဍည ဆရာတော်ကြီးထံမှ နှစ်ပေါင်းများစွာ စုဆောင်းပူဇော်ထားသော ဗုဒ္ဓဓာတ်တော်များ၊ ရဟန္တာ ဓာတ်တော်များ (ဓာတ်တော်ပေါင်း ၁၂,ဝဝဝ)ကို ပထမအကြိမ် ပင့်ဆောင်နိုင်ခဲ့သည်။ ၄.၄.၁၉၉ဝ ရက် နေ့တွင် မြင်းခြံမြို့သာသနာ့ဇောတိကာရုံကျောင်းတိုက် ဆရာတော် အရှင်ကောဏ္ဍညထံမှ ဗုဒ္ဓ ဓာတ်တော်များ ၁၄ ဆူ၊ တကောင်းလုံးတော်ကြီး ၂ဝ၊ လတ် ၂,ဝဝဝ၊ သေး ၅ဝ၃,ဝဝဝ ဆူနှင့် ရဟန္တာဓာတ်တော်များ ၇,၈၁၆ ဆူတို့ကို ဒုတိယအကြိမ်ပင့်ဆောင် ပူဇော်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ် ဧပြီလအတွင်း ပြည်မြို့နယ် ပေါက်ခေါင်းမြို့နယ် ငါးခူအိုင် ကျေးရွာသို့ သွားရောက်၍ ရခိုင်ပြည်နယ် ဝေသာလီမြို့ရှိ ရခိုင်မင်းများ တည်ထားကိုးကွယ်ခဲ့သည့် စေတီတော်များမှ အရိုးဓာတ်တော်များကို တတိယအကြိမ် ပင့်ဆောင်ခဲ့သည်။
၃ဝ.၄.၁၉၉၁ ရက်နေ့တွင် အိန္ဒိယပြည် ဗုဒ္ဓဂယာ၌ သီတင်းသုံးနေသော ဆရာတော် အရှင်ဉာဏိဿရသည် ဗုဒ္ဓဓာတ်တော်များအား အိန္ဒိယနိုင်ငံမှ ပင့်ဆောင်လာကာ ဥက္ကလာပ စေတီတော်၌ ဌာပနာရန် စတုတ္ထအကြိမ်လှူဒါန်းခဲ့သည်။
မြန်မာနိုင်ငံအရပ်ရပ်မှ ဓာတ်တော်များကို ဌာပနာရန်အတွက် ပို့ဆောင်လှူဒါန်းမှုများကိုလည်း လက်ခံရရှိခဲ့ပါသည်။
ဌာပနာတိုက်သွင်းမင်္ဂလာ
အောက်ဌာပနာတော်သွင်းခြင်း
ဥက္ကလာပစေတီတော် အောက်ဌာပနာတိုက်ကို (၂၅.၁.၁၉၉ဝ) ၁၃၅၁ ခုနှစ် ပြာသိုလဆုတ်
၁၅ ရက် ကြာသပတေးနေ့ နံနက် ၁ဝ နာရီ ၁၈ မိနစ်အချိန်တွင် အောက်ဌာပနာဂန္ဓကုဋိ တိုက်ခန်း၌ ရုပ်ပွားတော်များ၊ ပရိဘောဂများ၊ ဝတ္ထုပစ္စည်းများကို ဌာပနာသွင်းခဲ့သည်။
အထက်ဌာပနာတော်သွင်းခြင်း
(၈.၅.၁၉၉ဝ) ၁၃၅၂ ခုနှစ် ကဆုန်လပြည့်နေ့ အင်္ဂါနေ့ နံနက် ၈ နာရီ မိနစ် ၄ဝ အချိန်တွင် အထက်ဌာပနာတိုက်တော်သွင်းမင်္ဂလာ ဆင်ယင်ကျင်းပခဲ့ပါသည်။
(၁) ရဟန်းရှင်လူပြည်သူများ လှူဒါန်းသော ဉာဏ်တော် ၂ ပေရှိ ဂေါတမ
မြတ်စွာဘုရားကို အရှေ့အရပ်၌လည်းကောင်း၊
(၂) ကကုဿန်မြတ်စွာဘုရားကို တောင်အရပ်၌လည်းကောင်း၊
(၃) ကောဏဂုံမြတ်စွာဘုရားကို အနောက်အရပ်၌လည်းကောင်း၊
(၄) ကဿပမြတ်စွာဘုရားကို မြောက်အရပ်၌လည်းကောင်း အထက်ဌာပနာ
ရောက်သည့်အချိန်တွင် ဌာပနာရန် ကြိုတင်ပြင်ဆင်ထားခဲ့သည်။
နိုင်ငံတော်အကြီးအကဲများ လှူဒါန်းသည့် ရုပ်ပွားတော်များ၊ အများ
ပြည်သူ လှူဒါန်းသော မုဒြာအမျိုးမျိုး ရုပ်ပွားတော်များ၊ ရဟန္တာ
ရုပ်တုတော်များ၊ ဓမ္မစေတီတော်များ၊ ဌာပနာမည့်ဓာတ်တော်များ၊
ဗုဒ္ဓဓာတ်တော် ၉၃ ဆူနှင့် ရဟန္တာဓာတ်တော် ၆၃,၃ဝ၂ ဆူတို့ကို
အထက်ဌာပနာတိုက်တော်တွင် ဌာပနာသွင်းမင်္ဂလာကျင်းပနိုင်ခဲ့သည်။
ထီးတော်တင်မင်္ဂလာအခမ်းအနား
ဥက္ကလာပစေတီတော်ကြီးမြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ကြီး၏ စတုတ္ထဘုံ၊ ပဉ္စမဘုံနှင့် သတ္တမဘုံတို့ကိုပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်လှည့်လှည် အပူဇော်ခံသည်။ အပူဇော်ခံလမ်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များသည် သောင်းသောင်းဖျဖျ
ပန်းများကပ်လှူခြင်း၊ ငွေဆမ်း၊ ဆန်၊ ပန်း၊ ပေါက်ပေါက်ကြဲခြင်း၊ တံခွန်ကုက္ကား မုလေးပွားများဖြင့် ပူဇော်ခြင်း၊ စိန်ဖူးတော်ကြီးအား အနီးကပ်ကြည်ညိုဖူးမြော်ကြခြင်းတို့ဖြင့် လွန်စွာပင် စည်ကား လှပေသည်။ သံဃာတော်များနှင့် တိုင်းမှူးများသည် လက်ယာရစ် ၃ ပတ်လှည့်လည် ပူဇော် ကြပြီးနောက် ထီးတော်ပင့်ဆောင်မည့် ရထားပျံစင်မြင့်ပေါ်၌ နေရာယူခဲ့ကြပြီး ထီးတော်တင်လှူ ခဲ့ကြပါသည်။ (၂၅.၅.၁၉၉ဝ) မြန်မာသက္ကရာဇ် ၁၃၅၂ ခုနှစ် နယုန်လဆန်း ၂ ရက် သောကြာနေ့ နံနက် ၆ နာရီ ၂၅ မိနစ်အချိန်တွင် ထီးတော်အထွတ်တင်မင်္ဂလာကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ဥက္ကလာပ စေတီတော်မြတ်ကြီး အုတ်မြစ်တော်ချသည့် ၁၁.၁၁.၁၉၈၉ ရက်နေ့မှ ထီးတော်အထွတ်တင်သည့် ၂၅.၅.၁၉၉ဝ ရက်နေ့အထိ ၆ လနှင့် ၁၄ ရက်အတွင်း အောင်မြင်စွာ တည်ထားနိုင်ခဲ့၍ ရဟန်းရှင်လူ မြို့သူမြို့သားများ၏ မျှော်လင့်တောင့်တနေသော လိုအင်ဆန္ဒ အကျိုးတရားများ ပြည့်ဝခဲ့ပေသည်။
ရွှေသင်္ကန်းများကပ်လှူပူဇော်ခြင်း
ဥက္ကလာပစေတီတော်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းများ ကပ်လှူပူဇော်နိုင်ရန်အတွက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ရသည်။ ရွှေထီးတော်အထွတ်တင်လှူပြီးနောက် ၁၉၉၂ ခုနှစ်တွင် ငှက်ပျောဖူးနှင့် ကြာမှောက်ကြာလှန် ချယားသီးတို့ကို ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ ဖောင်းရစ်အပါအဝင် သပိတ်မှောက်မှ ခေါင်းလောင်းတော်အခြေအထိ ၁၄.၃.၁၉၉၉ မှ ၂.၅.၁၉၉၉ ရက်နေ့အထိ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့သည်။
၂ဝဝဝ ပြည့်နှစ် ဇန်နဝါရီလ ၆ ရက်မှ ၂၂ ရက်အတွင်း စေတီတော်ကြီး ကျည်ဝန်း ၅ ဆင့်ကို ရွှေသင်္ကန်းများကပ်လှူပူဇော်ခဲ့ကြသည်။ တစ်ဆက်တည်းမှာပင် ပစ္စယာသုံးဆင့် နှင့် ပန်းတင်ခုံတို့ကို ရွှေဆေးသင်္ကန်းအဖြစ် မဟာဝေဇယန္တာကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့က လုပ်အားပေးလှူကာ ဆေးသင်္ကန်းများ သုတ်လှူပူဇော်ခဲ့ကြသည်။
၂ဝဝ၆ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ဥက္ကလာပစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့ကို ပထမအကြိမ်အောင်မြင်စွာ တင်လှူပူဇော်နိုင်ခဲ့ပြီး စုစုပေါင်း ၅၇,၃၆၇,၂ဝဝ ကျပ်ကုန်ကျခဲ့သည်။
၂ဝဝ၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ကျည်ဝန်း ၅ ဆင့် အထက်ပစ္စယာနှင့် အရံစေတီ ရှစ်ဆူတို့ကို ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ရေစက်ချတရားတော်တို့ ဒုတိယအကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး စုစုပေါင်း ၄၁,ဝ၂ဝ,၅၇၅ ကျပ် ကုန်ကျခဲ့ပါသည်။
၂ဝ၁၂ ခုနှစ်တွင် ဥက္ကလာပစေတီတော်မြတ်ကြီးအား တတိယအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်သည်။ ၂ဝ၁၄ ခုနှစ်တွင် အောင်တော်မူစေတီတော် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် စိန်ဖူးတော်ပြန်လည်ပြုပြင် တင်လှူပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဇူလိုင်လ
၁၁ ရက်နေ့တွင် ဗုဒ္ဓဘိသေကအနေကဇာတင်လှူရေစက်ချ တရားပွဲပြုလုပ်ခဲ့ကြသည်။ ၂ဝ၁၇ ခုနှစ်တွင် ဥက္ကလာပစေတီတော်မြတ်ကြီးအား စတုတ္ထအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော် ခဲ့သည်။
၂ဝ၂၂-၂ဝ၂၃ ခုနှစ်တွင် ဥက္ကလာပစေတီတော်မြတ်ကြီးနှင့် အရံစေတီ ရှစ်ဆူတို့အား ပဉ္စမအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ ၂ဝ၂၃ ခုနှစ် မတ်လ ၅ ရက်နေ့ (၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့)တွင် ဥက္ကလာပစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ဆည်းလည်းပဒေသာ အထွတ်တင်မင်္ဂလာကို ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့ပြီး စုစုပေါင်း ၄၃၂,၉၈၅,၁၈၅ ကျပ်ကုန်ကျခဲ့ပါသည်။ အောင်တော်မူစေတီကိုလည်း လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်း နိုင်ခဲ့ပါသည်။

တည်နေရာပြ အညွှန်း

ဥက္ကလာပစေတီတော်မြတ်ကြီး၊ ရှေးဟောင်းခုနစ်ဆူဘုရားနှင့် အောင်တော်မူစေတီတို့ကို မြောက်လတ္တီကျူ ၁၆ ဒီဂရီ ၅၁ မိနစ် ၁၁ စက္ကန့်နှင့် အရှေ့လောင်ဂျီကျူ ၉၆ ဒီဂရီ ၁၁ မိနစ် ၈ စက္ကန့်မျဉ်းတို့ ဖြတ်သန်းသွားသည်။ ဥက္ကလာပစေတီတော်မြတ်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၃ ရပ်ကွက်၊ သစ္စာလမ်းမကြီးနှင့် သံသုမာလမ်းမကြီးဆုံရာ လမ်းဆုံ ထောင့်၌ တည်ရှိသည်။ မြောက်ဒဂုံမြို့နယ်နှင့် တောင်ဥက္ကလာမြို့နယ်ကို ဆက်သွယ်ထားသော ငမိုးရိပ်ချောင်းကူး သစ္စာလမ်းတံတား၏ တောင်ဘက်ခြမ်းတွင် ရှေးဟောင်းခုနစ်ဆူဘုရားနှင့် အောင်တော်မူစေတီတို့ တည်ရှိသည်။ ဥက္ကလာပစေတီတော်မြတ်ကြီးတည်ရှိရာ မြေကွက်အမှတ်(၁)တွင် ၄.၇၃၂ ဧက၊ ရှေးဟောင်း ခုနစ်ဆူဘုရားနှင့် အောင်တော်မူစေတီတို့တည်ရှိရာ မြေကွက်အမှတ်(၂)တွင် ၁.၇၉ဝ ဧက၊ စုစုပေါင်း ဧရိယာ ၆.၅၂၂ ဧက ကျယ်ဝန်းပါသည်။ ဥက္ကလာပစေတီတော်မြတ်ကြီး၏ မြောက်ဘက်တွင် ၁၄/၃ ရပ်ကွက်၊ အရှေ့ဘက်တွင် ငမိုးရိပ်ချောင်းနှင့် ဘုန်းကြီးကျောင်းများ၊ တောင်ဘက်တွင် ၁၄/၂ ရပ်ကွက်နှင့် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အနောက်ဘက်တွင် သံသုမာလမ်းနှင့် ၇ ရပ်ကွက်တို့ ဝန်းရံတည်ရှိပါသည်။

