ဥက္ကလာပစေတီတော်မြတ်ကြီး

          ၁၉၈၇ ခုနှစ်တွင်  ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရာ၌ အကြိုတရားပွဲများ၊ အသံမစဲပဋ္ဌာန်းပွဲများနှင့် မြန်မာ့ဇာတ်သဘင် နာမည်ကြီးဇာတ်ကောင်းများ ကပြဆောင်ရွက်နိုင်ခဲ့သည်။ ထိုနှစ်မှာပင် တောင်ဥက္ကလာပမြို့နယ်တစ်ခုလုံး လှည့်လည်အပူဇော်ခံရန် နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်များ(ဉာဏ်တော် ၃၇”၊ ကြာပလ္လင် ၆”၊ စုစုပေါင်း ၄၃”) ထုလုပ်ပူဇော်၍ မြို့နယ်အတွင်း လှည့်လည်အပူဇော်ခံ ဆောင်ရွက် ခဲ့ပါသည်။ တောင်ဥက္ကလာပတစ်မြို့နယ်လုံး ဘာသာရေး ပွဲတော်ကြီးတစ်ပွဲဖြစ်ထွန်းပေါ်ပေါက်လာခဲ့ရာ ဤနှစ်ကျိပ်ရှစ်ဆူ ပူဇော်လှည့်လည်ပွဲကြီးမှပင် ဥက္ကလာပမြို့နယ်အတွင်း၌ စေတီတော်ကြီးတစ်ဆူ ပေါ်ပေါက်လာရေးအတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူအများ တစ်ညီတစ်ညွတ်တည်း အာသီသ ပြုခဲ့ကြပါသည်။

          ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၃ ရပ်ကွက်၊ သံသုမာလမ်းနှင့် သစ္စာလမ်းထောင့်တွင် ဉာဏ်တော် ၁ဝ၈ ပေရှိ ဥက္ကလာပစေတီတော်မြတ်ကြီးအား ၁၉၈၉ ခုနှစ်တွင် စတင်တည်ထားခဲ့ရာ နိုင်ငံတော်အစိုးရနှင့် ရဟန်း ရှင်လူ ပြည်သူများ၏ သဒ္ဓါထက်သန်စွာ ဝိုင်းဝန်းပံ့ပိုးမှုကြောင့် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် အုတ်မြစ်စီလုပ်ငန်းမှ ၁၉၉ဝ ပြည့်နှစ် မေလ ၂၅ ရက်တွင် ထီးတော်တင်လှူသည်အထိ ၆ လနှင့် ၁၄ ရက်ဖြင့် အပြီးတည်ဆောက်နိုင်ခဲ့ပါသည်။ဥက္ကလာပ စေတီတော်မြတ်ကြီး အုတ်မြစ်တော်ချသည့် ၁၁.၁၁.၁၉၈၉ ရက်နေ့မှ ထီးတော်အထွတ်တင်သည့် ၂၅.၅.၁၉၉ဝ ရက်နေ့အထိ ၆ လနှင့် ၁၄ ရက်အတွင်း အောင်မြင်စွာ တည်ထားနိုင်ခဲ့၍ ရဟန်းရှင်လူ မြို့သူမြို့သားများ၏ မျှော်လင့်တောင့်တနေသော လိုအင်ဆန္ဒ အကျိုးတရားများ ပြည့်ဝခဲ့ပေသည်။

               ၅.၃.၂၀၂၃ ရက်နေ့တွင် ပဉ္စမအကြိမ် ဥက္ကလာပစေတီတော်မြတ်ကြီးနှင့် အရံစေတီရှစ်ဆူတို့အား လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွတ်တင် မင်္ဂလာအခမ်းအနားကို   အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။  ၅.၃.၂ဝ၂၃ ရက်နေ့တွင် အရှေ့ပိုင်းခရိုင် ဌာနဆိုင်ရာများက သံဃာတော် ၁၈၃ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ခဲ့ပါသည်။

               ၈.၃.၂၀၂၃ ရက်နေ့တွင် ဥက္ကလာပစေတီတော်မြတ်ကြီး၏ တနင်္ဂနွေနံထောင့်အနီး အထက် ပစ္စယာသို့တက်သည့် “မြန်မာမှုမွမ်းမံထားသော နိဗ္ဗာန်လှေကား“ကို ဆောက်လုပ်နိုင်ခဲ့ပါသည်။

ဥက္ကလာပစေတီတော်မြတ်ကြီးနှင့် အရံစေတီ ရှစ်ဆူတို့အား ပဉ္စမအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် အထွတ်တင်မင်္ဂလာမှတ်တမ်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့က စိန်ဖူးတော်နှင့် အထွတ်တော် တင်လှူပူဇော်နေစဉ်

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

မြန်မာမှုမွမ်းမံထားသော နိဗ္ဗာန်လှေကား

အင်ကြင်းဥယျာဉ်

၂၀၁၄ ခုနှစ်တွင် စေတီတော်ပရဝဏ်ရှိ အင်ကြင်းဥယျာဉ်ကို ပြန်လည်ပြင်ဆင်၍ အများကောင်းမှုဖြင့် စတီးသံပန်းများကာရံခဲ့သည်။ မိုးရာသီကာလအတွင်း သုဒဿနရင်ပြင်ပတ်လည်နှင့်  အင်ကြင်းဥယျာဉ်တို့တွင် စိမ်းလန်း စိုပြည်စေရေးအတွက် သစ်ပင်ပန်းမန်များ (ပိတောက်၊ ခရေ၊ အောင်သပြေ၊ ဗောဓိညောင်ပင်)  စသည်တို့ စိုက်ပျိုးပါသည်။

ဥက္ကလာပစေတီတော်မြတ်ကြီးပေါ်ထွန်းလာပြီးနောက် ၁၉၉၀ ပြည့်နှစ်မှ ၂ဝ၁၆ခုနှစ်ကာလအတွင်းဖွံ့ဖြိုးတိုးတက်မှုများ

 မဟာမုနိဓမ္မာရုံတော်ကြီး (အလျားပေ ၁၂ဝ_ အနံပေ ၈ဝ)တစ်ဆောင်ကို ၁၉၉၂ ခုနှစ်တွင် ပန္နက်တင်ပြီး ၂ဝ.၂.၁၉၉၄ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ မဟာမြတ်မုနိရုပ်ပွားတော် ကြီးကိုလည်း တစ်ပါတည်း ကျပ်သိန်း ၇ဝ ခန့်ကုန်ကျလှူဒါန်းခဲ့ပါသည်။

 ၁၉၉၄ ခုနှစ်တွင် အလျားပေ ၁ဝဝ _ အနံပေ ၆ဝ ရှိသော ဘောဇနဆွမ်းစားဆောင်ကြီးနှင့် မီးဖိုဆောင်ကို ကုန်ကျငွေကျပ် ၂၅ သိန်းဖြင့် တည်ဆောက်ခဲ့သည်။

သုဓမ္မစာရီ ယောဂီဆောင်

၂ဝ၁ဝ ပြည့်နှစ်တွင် အများစုပေါင်း လှူဒါန်းငွေဖြင့် တည်ဆောက်သော သုဓမ္မစာရီ ယောဂီဆောင်အား ၂၇.၃.၂ဝ၁၁ ရက်နေ့တွင် ရေစက်ချလှူဒါန်းခဲ့သည်။

ဥက္ကလာပစေတီတော်မြတ်ကြီးပေါ်ထွန်းလာပြီးနောက် ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်အထိ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ

ဥက္ကလာပစေတီတော်မြတ်ကြီး၏ အရှေ့မြောက်ဘက် တနင်္ဂနွေနံထောင့်အရှေ့၌ ကိုးဌာန ‘အောင်မြေ‘တန်ဆောင်းကို ၂၃.၇.၂ဝ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

ဥက္ကလာပစေတီတော်မြတ်ကြီး၏ အရှေ့ဘက်၌ မဟာမုနိဓမ္မာရုံနှင့် စေတီတော်ကြီး အကြား ပေ ၁၂ဝ ပတ်လည်၌  “သုဒဿနကွန်ကရစ်ရင်ပြင်ကြီး“ကို ၁၂.၁၂.၂ဝ၁၇ ရက်နေ့တွင် ခင်းပေးနိုင်ခဲ့ပါသည်။ လျှပ်စစ်မီးတိုင်များနှင့် ပန်းခုံများပသာဒဖြစ်စေရန်တည်ဆောက်ခဲ့ပါသည်။

ဥက္ကလာပစေတီတော်မြတ်ကြီး၏အနောက်ဘက်ဝင်းအနီး သီလရှင်ဆရာကြီး ရွှေညောင်ပင် ဘုရားဘေး၌ “ကမ္ဘာအေးစေတီ“ကို ၂၂.၁၂.၂ဝ၁၇ ရက်နေ့တွင် တည်ထားကိုးကွယ်နိုင်ခဲ့ပါသည်။

၁၀..၂ဝ၁၈ ရက်နေ့တွင် ဥက္ကလာပစေတီတော်မြတ်ကြီး၏ ပရဝဏ်မုခ် ပေါက်၌ ခြင်္သေ့ရုပ်ထု စီးကို တည်ဆောက်နိုင်ခဲ့ပါသည်။

၅.၄.၂၀၁၉ ရက်နေ့တွင် ဥက္ကလာပစေတီတော်မြတ်ကြီး၏ မြောက်ဘက်၌ “လာဘမုနိ ဘုရား“နှင့် တန်ဆောင်းကို တည်ထားကိုးကွယ်နိုင်ခဲ့ပါသည်။

 ဥက္ကလာပစေတီတော်မြတ်ကြီး မဟာမုနိဓမ္မာရုံခေါင်းရင်းဘက်ခြမ်း၌ မနောရမ္မအမျိုးသားယောဂီ နှစ်ထပ်ဆောင်ကို ၁၂.၁၂.၂ဝ၁၉ ရက်နေ့တွင် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ၍ စတင် ဆောက်လုပ်ခဲ့ပြီး ၁.၆.၂ဝ၂ဝ ပြည့်နှစ်တွင် ပြီးစီးပါသည်။ အလျား ၄၉ ပေ၊ အနံ ၂၂ ပေ၊ အမြင့် ၂၄ ပေ၆ လက်မရှိ သံကူကွန်ကရစ် နှစ်ထပ်ဆောင်အမျိုးအစားဖြစ်ပြီး ရဟန်းရှင်လူ ပြည်သူအပေါင်းတို့၏ စုစုပေါင်းလှူဒါန်းငွေ ၅၁၂ သိန်းကျပ် အကုန်အကျခံကာ ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ 

၂၄..၂၀၁၉ ရက်နေ့တွင် ဥက္ကလာပစေတီတော်ကြီး၏ အရှေ့တောင်ဘက်ရှိ အင်ကြင်းဥယျာဉ် အတွင်း အသစ်တည်ထားကိုးကွယ်သည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များနှင့် ဆေးဘိုးဘိုးကြီးနန်းတို့ကို တည်ဆောက်နိုင်ခဲ့ပါသည်။

၄.၅.၂၀၂၀ ပြည့်နှစ်တွင် ဗုဒ္ဓဝင်ပြတိုက်အား ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ပါသည်။

၄.၅.၂၀၂၀ ပြည့်နှစ်တွင် ရှင်အရဟံနှင့်အနော်ရထာရုပ်ထုများ၊  ရင်ပြင်မုခ်ဦးများအား ပြန်လည် မွမ်းမံဆေးသုတ်ခဲ့ပါသည်။

၉.၅.၂၀၂၁ ရက်နေ့တွင် ဥက္ကလာပစေတီတော်မြတ်ကြီး၏အရှေ့မြောက်ဘက်၊ အမျိုးသမီးယောဂီဆောင်၏ အရှေ့ဘက်၌ ဉာဏ်တော် ကိုးတောင်မြင့်သည့်”သုံးပါးကပ်ကျော် ရွှေနန်းတော် ရွှေစေတီတော်“ကို တည်ထားကိုးကွယ်နိုင်ခဲ့ပါသည်။

၁၉.၁၀.၂၀၂၁ ရက်နေ့တွင် ဥက္ကလာပစေတီတော်မြတ်ကြီး၏ အနောက်မြောက်ထောင့်၌ ဉာဏ်တော်ကိုးတောင်မြင့်သည့်ရန်ကျော်မာရ်ကျော်ရွှေနန်းတော်ရွှေစေတီတော်ကို တည်ထား ကိုးကွယ်နိုင်ခဲ့ပါသည်။

 

၁၀.၁၂.၂၀၂၂ ရက်နေ့တွင် ဥက္ကလာပစေတီတော်မြတ်ကြီး၏ပရဝဏ်ဝင်းအုတ်တံတိုင်းများ၊ သံပန်းတံခါးများ၊ မုခ်ဦးများ၊ ပန်းခုံများ၊ သာသနိကအဆောက်အအုံများအား နှစ်စဉ်မွမ်းမံ ပြုပြင် ဆေးသုတ်ခြင်း၊ ဝင်းများအားသံဆူးကြိုးများ၊ Chain Linkများ အသစ်ကာရံခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။