ရှေးဟောင်းခုနစ်ဆူရုပ်ပွားတော်များ

 

            ခုနစ်ဆူရုပ်ပွားတော်များ မှာ အာဋာနာဋိယသုတ်တော်လာ ဘုရားခုနစ်ဆူပင်ဖြစ်ရာ ဝိပဿီဘုရား၊ သိခီဘုရား၊ ဝေဿဘူ ဘုရား၊ ကကုသန္ဓဘုရား၊ ကောဏာဂမနဘုရား၊ ကဿပဘုရားနှင့် ဂေါတမဘုရားတို့၏ ပုံတော်များပင် ဖြစ်ပါသည်။

          မြို့ရွာကျက်သရေဆောင် အောင်တော်မူဘုရားနှင့် ရှေးဟောင်းခုနစ်ဆူရုပ်ပွားတော်များအား မြင်သာမြို့ဦးကျောင်းနှင့်နီးစပ်ရာ ၁၄ ရပ်ကွက်၊ ၁ဝ ရပ်ကွက်၊ ၇ ရပ်ကွက်တို့မှ ချုံနွယ် ပိတ်ပေါင်းများ၊ ဝါးရုံတောများကို ခုတ်ထွင်ရှင်းလင်းကြပြီး ၁၉၇၅ ခုနှစ်တွင် အောင်တော်မူစေတီကို အသစ်တစ်ဖန် ပြန်လည်ငုံ၍ ထပ်မံတည်ထားကြရာ မူလဉာဏ်တော် ၉ တောင်မှ ဉာဏ်တော် ၂၂ တောင် (၃၃’) အမြင့်သို့ တိုးမြှင့်၍ ပြုပြင်ကိုးကွယ်ပူဇော်ခဲ့ကြသည်။ အသံမစဲပဋ္ဌာန်းပွဲများ၊ အထူးတရားပွဲများ(၃၂) ကြိမ်အထိ ကျင်းပခဲ့ရာ ၁၉၈ဝ ပြည့်နှစ်တွင် ဂေဇက်ဝင်ဘုရားဖြစ်လာ၍ ဂေါပကအဖွဲ့ကို စတင် ဖွဲ့စည်းခဲ့သည်။ ပထမဂေါပကအဖွဲ့တွင် ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင် ၅ ဦးစတင်ဖွဲ့စည်းခဲ့ပါသည်။

          ၁၉၈၃ ခုနှစ် ဒုတိယမြောက်ဂေါပကအဖွဲ့တွင် ဥက္ကဋ္ဌ ဦးမြစိန်နှင့်အဖွဲ့၊ ၁၉၈၅ ခုနှစ် တတိယမြောက် ဂေါပကအဖွဲ့တွင် ဥက္ကဋ္ဌ ဦးတင်မောင်နှင့် ၁၅ ဦးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ တတိယမြောက် ဂေါပကအဖွဲ့သည် ၁၉၈၆ ခုနှစ်မှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်လျက် မြို့နယ်ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးအုန်းလွင် ဦးစီးဦးဆောင်ပြုကာ အနာဂတ်သာသနာအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ခဲ့သည်။ နှစ်စဉ်ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမြဲဖြစ်သည့် အကြိုတရားပွဲ၊ ပဋ္ဌာန်းပွဲ၊ ရှေးဟောင်းခုနစ်ဆူဘုရား ရုပ်ပွားတော်များကို မြို့နယ်အတွင်းသို့ ဒေသစာရီကြွချီအပူဇော်ခံဆောင်ရွက်နိုင်ခဲ့သည်။ ပျော်ပွဲရွှင်ပွဲများ၊ နာမည်ကြီး ဇာတ်ကြီး ဇာတ်ကောင်းများဖြင့် ဖျော်ဖြေခြင်းအားဖြင့် ဘုရားပွဲတော်မှာ ပိုမိုစည်းကား လာခဲ့ပါသည်။၁၉၈၆ ခုနှစ်တွင် မူလခုနစ်ဆူဘုရားကိုယ်စားပြု မတ်ရပ်ဆင်းတုတော်ခုနစ်ဆူကို ထုလုပ်ပြီး မြို့နယ်အတွင်းလှည့်လည် အပူဇော်ခံလျက်ရှိသည်။

           ရှေးဟောင်းခုနစ်ဆူဘုရား ဂန္ဓကုဋိတိုက်ကြီး (အလျား ပေ ၆ဝ _ အနံ ပေ ၃ဝ)ကို မြန်မာ့ ယဉ်ကျေးမှု ပန်းဆယ်မျိုးနှင့် ကြည်ညိုဖွယ်ရာအဖြစ် ၁၉၈၆ ခုနှစ် ဧပြီလ ၁၁ ရက်နေ့  နံနက် ၉ နာရီတွင် ပန္နက်တင်တည်ဆောက်ခဲ့သည်။   ၁၉၈၆-၈၇ ခုနှစ်အတွင်းမှာပင် ခုနစ်ဆူဘုရားဂန္ဓကုဋိတိုက်ကြီးကို ရဟန်းရှင်လူ ပြည်သူများ ပါဝင်၍ ငွေကျပ် ၆ သိန်းကျော် အကုန်အကျခံကာ တည်ဆောက်ခဲ့ကြသည်။ အလျား ၆ဝ ပေ၊ အနံ ၃ဝ ပေရှိ ဂန္ဓကုဋိတိုက်တော်ကြီးအား လှပခန့်ညားစွာ မြန်မာ့ယဉ်ကျေးမှုပန်း ဆယ်မျိုးဖြင့် ကြည်ညိုဖွယ်ရာ မွမ်းမံတည်ဆောက် ပြီးမြောက်ခဲ့ပါသည်။၂ဝဝဝ ပြည့်နှစ်မှစတင်၍ ခုနစ်ဆူဘုရားဝင်း၌ အလျား ပေ ၇ဝ _ အနံ ၅၂ ပေရှိ နှစ်ကျိပ် ရှစ်ဆူတန်ဆောင်းတော်ကြီးကို အများကောင်းမှုအကြောင်းပြုပြီး ငွေကျပ်သိန်း ၅ဝဝ ကျော်ဖြင့် တည်ဆောက်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် ပြီးစီး၍ ၂ဝဝ၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် ရေစက်ချခဲ့သည်။

၂ဝဝ၄ ခုနှစ်တွင် ခုနစ်ဆူဘုရားပရဝဏ်၌ မွန်ပြည်နယ် ဘဒ္ဒန္တ ပညာဇောတက ၉.၉.၂ဝဝ၄ ရက်နေ့တွင် ပန္နက်တင်ပြီး နဂါးရုံဘုရားအား တည်ထားရာ ၂၃.၅.၂ဝဝ၅  ရက်နေ့တွင် ပြီးစီးသည်။

          ၂ဝဝ၈ ခုနှစ်တွင် ခုနစ်ဆူဘုရားပရဝဏ်၌ ကိုးတောင်ပြည့် အောင်ကံပွင့်စေတီတော်နှင့် သံသုမာ လမ်းဘက် ဥက္ကလာပစေတီတော်ဝင်ပေါက်၌ အလှူခံမဏ္ဍပ်တို့ကို ဖခင်ကြီး ဦးအောင်မြင့်အား ရည်စူး၍ ဦးမြင့်ဆန်းမိသားစုက လှူဒါန်းခဲ့သည်။

၂ဝ၁၃ ခုနှစ်တွင် ခုနစ်ဆူဘုရားပရဝဏ်ရှိ မင်္ဂလာရေကန်တော်အား ပြန်လည်ပြုပြင်၍ ရေကန်တော်ကို အများကောင်းမှုအစုစုဖြင့် သံပန်းများနှင့်ကာရံခဲ့သည်။

         ရှေးဟောင်းခုနစ်ဆူဘုရားဝင်း အနောက်ဘက်၌ တောင်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်လျက်ရှိပြီး ၂ဝ၂၃ ခုနှစ်အကုန်၌ ပြီးစီးမည် ဖြစ်သည်။ (၂ဝ၁၈-၂ဝ၂၃)

         ၂၀.၂.၂၀၂၀ ပြည့်နှစ်တွင် ရှေးဟောင်းခုနစ်ဆူဘုရားဝင်းအတွင်းရှိ နတ်ကွန်းများ၊ မြင်သာ ဘိုးဘိုးကြီးနန်း၊ နဂါးရုံဘုရား ၂ ဆူ၊ ဗားမဲ့ဆရာတော်ကျောင်းဆောင်၊ ဝါးရုံတောဘုရား၊ ကြေး ခေါင်းလောင်းစင်၊ ဗောဓိရွှေညောင်ပင်ဘုရားများစသည်တို့ကို မွမ်းမံပြင်ဆင်ဆေးသုတ်ခြင်း၊ ရောင်တော် ဖွင့်ခြင်းများပြုလုပ်နိုင်ခဲ့ပါသည်။

         ၂၀.၂.၂၀၂၀ပြည့်နှစ်တွင် ရှေးဟောင်းခုနစ်ဆူဘုရားဝင်းအတွင်းရှိ ရှင်ဥပဂုတ္တမင်္ဂလာကန်တော်အား ပြန်လည်ပြင်ဆင်မွမ်းမံခဲ့ပါသည်။

      ၂၀.၆.၂၀၂၃ ရက်နေ့တွင် ရှေးဟောင်းခုနစ်ဆူဘုရားများအား မွမ်းမံပြင်ဆင် ရောင်တော်ဖွင့်ခဲ့ပါသည်။၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မင်္ဂလာကန်တော်၏ အရှေ့ဘက်ရှိ ‘မြနန်းနွယ်’ အဆောင်ကိုပြန်လည်မွမ်းမံပြင်ဆင်ခဲ့ပါသည်။

မြတ်စွာဘုရားဂန္ဓကုဋိတိုက်

ရှေးဟောင်းခုနစ်ဆူဘုရားများအား မွမ်းမံပြင်ဆင်ခြင်းမှတ်တမ်း

ရှေး‌ဟောင်းခုနှစ်ဆူဘုရားပရဝဏ်အတွင်းမွမ်းမံပြင်ဆင်ခြင်းမှတ်တမ်း

သာသနာ့ဗိမာန်တည်ဆောက်ရေးလုပ်ငန်းမှတ်တမ်းများ(၂ဝ၁၈-၂ဝ၂၃)

            တောင်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ သုံးထပ်ဆောင်သာသနာ့ဗိမာန်တော်ကြီးသည် အလျား ပေ ၁ဝဝ၊ အနံ ပေ ၆ဝ၊ အမြင့်ပေ ၅ဝ ရှိပြီး သံကူကွန်ကရစ်အမျိုးအစား(RCC)၊ ကွန်ကရစ်တိုင်များစိုက်၍ ဆောက်လုပ်ခြင်း(PileFoundation)နှင့် ရှစ်ယောက်စီးဓာတ်လှေကားအပါအဝင်သုံးထပ်အဆောက်အအုံ ဖြစ်ပသည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၄ ရက် မှစ၍ မြေသန့်ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်ထိ ကိုဗစ်ကပ်ရောဂါဖြစ်ပွားသောကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်း ခေတ္တဆိုင်းငံ့ခဲ့ပါသည်။၃၁.၁၂.၂၀၂၁ ရက်နေ့တွင် ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းခုနစ်ဆူဘုရားဝင်းအတွင်း တောင်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ သုံးထပ်ဆောင်သာသနာ့ဗိမာန်တော်ကြီး၏ အမိုးရင်ပြင်၌ ဉာဏ်တော် ကိုးတောင်မြင့်သည့် “အတုလမာရ်အောင်ရွှေစေတီတော်”ကို တည်ထားကိုးကွယ်နိုင်ခဲ့ပါသည်။ ယခုအခါ ဆက်လက်၍ ဆောက်လုပ်ခဲ့ရာ ၂၀၂၃ ခုနှစ် မကုန်မီကာလအတွင်း ပြီးစီးမည်ဖြစ်ပါသည်။ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်သိန်း ၆,၀၀၀ ကျော် ကုန်ကျပြီးဖြစ်ပါသည်။ ၂၀၁၈ခုနှစ်သြဂုတ်လ ၂၄ ရက်နေ့ နံနက်၉နာရီအချိန်တွင် အဆောက်အအုံဆောက်လုပ်ရန်မြေနေရာ၌ မြေသန့်ပန္နက်တင်မင်္ဂလာအခန်းအနားကို ကျင်းပရာ စေတီတော််သြဝါဒါစရိယဆရာတော််််ကြီးများ အမှူးပြုသော သံဃာတော်််များဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပန္နက်တင်ပေးကြပါသည်။