ဥက္ကလာပစေတီတော်မြတ်ကြီး

          ၁၉၈၇ ခုနှစ်တွင်  ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရာ၌ အကြိုတရားပွဲများ၊ အသံမစဲပဋ္ဌာန်းပွဲများနှင့် မြန်မာ့ဇာတ်သဘင် နာမည်ကြီးဇာတ်ကောင်းများ ကပြဆောင်ရွက်နိုင်ခဲ့သည်။ ထိုနှစ်မှာပင် တောင်ဥက္ကလာပမြို့နယ်တစ်ခုလုံး လှည့်လည်အပူဇော်ခံရန် နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်များ(ဉာဏ်တော် ၃၇”၊ ကြာပလ္လင် ၆”၊ စုစုပေါင်း ၄၃”) ထုလုပ်ပူဇော်၍ မြို့နယ်အတွင်း လှည့်လည်အပူဇော်ခံ ဆောင်ရွက် ခဲ့ပါသည်။ တောင်ဥက္ကလာပတစ်မြို့နယ်လုံး ဘာသာရေး ပွဲတော်ကြီးတစ်ပွဲဖြစ်ထွန်းပေါ်ပေါက်လာခဲ့ရာ ဤနှစ်ကျိပ်ရှစ်ဆူ ပူဇော်လှည့်လည်ပွဲကြီးမှပင် ဥက္ကလာပမြို့နယ်အတွင်း၌ စေတီတော်ကြီးတစ်ဆူ ပေါ်ပေါက်လာရေးအတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူအများ တစ်ညီတစ်ညွတ်တည်း အာသီသ ပြုခဲ့ကြပါသည်။

          ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၃ ရပ်ကွက်၊ သံသုမာလမ်းနှင့် သစ္စာလမ်းထောင့်တွင် ဉာဏ်တော် ၁ဝ၈ ပေရှိ ဥက္ကလာပစေတီတော်မြတ်ကြီးအား ၁၉၈၉ ခုနှစ်တွင် စတင်တည်ထားခဲ့ရာ နိုင်ငံတော်အစိုးရနှင့် ရဟန်း ရှင်လူ ပြည်သူများ၏ သဒ္ဓါထက်သန်စွာ ဝိုင်းဝန်းပံ့ပိုးမှုကြောင့် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် အုတ်မြစ်စီလုပ်ငန်းမှ ၁၉၉ဝ ပြည့်နှစ် မေလ ၂၅ ရက်တွင် ထီးတော်တင်လှူသည်အထိ ၆ လနှင့် ၁၄ ရက်ဖြင့် အပြီးတည်ဆောက်နိုင်ခဲ့ပါသည်။ဥက္ကလာပ စေတီတော်မြတ်ကြီး အုတ်မြစ်တော်ချသည့် ၁၁.၁၁.၁၉၈၉ ရက်နေ့မှ ထီးတော်အထွတ်တင်သည့် ၂၅.၅.၁၉၉ဝ ရက်နေ့အထိ ၆ လနှင့် ၁၄ ရက်အတွင်း အောင်မြင်စွာ တည်ထားနိုင်ခဲ့၍ ရဟန်းရှင်လူ မြို့သူမြို့သားများ၏ မျှော်လင့်တောင့်တနေသော လိုအင်ဆန္ဒ အကျိုးတရားများ ပြည့်ဝခဲ့ပေသည်။

               ၅.၃.၂၀၂၃ ရက်နေ့တွင် ပဉ္စမအကြိမ် ဥက္ကလာပစေတီတော်မြတ်ကြီးနှင့် အရံစေတီရှစ်ဆူတို့အား လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွတ်တင် မင်္ဂလာအခမ်းအနားကို   အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။  ၅.၃.၂ဝ၂၃ ရက်နေ့တွင် အရှေ့ပိုင်းခရိုင် ဌာနဆိုင်ရာများက သံဃာတော် ၁၈၃ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ခဲ့ပါသည်။

               ၈.၃.၂၀၂၃ ရက်နေ့တွင် ဥက္ကလာပစေတီတော်မြတ်ကြီး၏ တနင်္ဂနွေနံထောင့်အနီး အထက် ပစ္စယာသို့တက်သည့် “မြန်မာမှုမွမ်းမံထားသော နိဗ္ဗာန်လှေကား“ကို ဆောက်လုပ်နိုင်ခဲ့ပါသည်။