ဘုရားကြီးဆိုင်ရာ
ဘုရားကြီးသမိုင်း
တည်နေရာ
မကိုဏ်တော်
တံကဲတော်ကြီး
သံစေတီ
ငါးထပ်ကြီးမြတ်စွာဘုရားသမိုင်း

ဓမ္မိဿရ ဓမ္မသာမိ မုနိထွဋ်ထား ရှင်တော်ဘုရားသည် ကုသိနာရုံ ရဂုံသာမော အင်ကြင်းတော၌ ခန္ဓာဝန်ချ လျက် နိဗ္ဗာန်သို့ ကြွသွားတော်မူပြီးနောက် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ဘုရားရှင်၏ သရီရဓာတ် မွေတော် မြတ် တို့ကို ထူပ ပုထိုး ရုပ်ပွားဆင်းတု စေတီ စသည်တို့ဖြင့် ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ဒေသအသီးသီးတို့၌ ပြုလုပ် ပူဇော်လျက် ကိုးကွယ်ခဲ့ကြရာ မြန်မာပြည်တွင်လည်း ထူပ ပုထိုး ရုပ်ပွားဆင်းတု စေတီစသည်တို့ကိုဉာဏ် ကြီးကြီးမားမား ပြုလုပ်၍ ကိုးကွယ် ပူဇော်ကြလေသည်။ ထိုသို့ ထူပ ပုထိုးရုပ်ပွားဆင်းတုစေတီတို့ကို ကြီးကြီးမားမား ပြုလုပ်စီရင် ကိုးကွယ်ကြသော်လည်း ရှေးအခါက ရုပ်ပွားဆင်းတုတော်ကို ဉာဏ်တော် ကြီးကြီး မားမား ပြုလုပ်လျက် အမျိုးမျိုးကိုးကွယ်လာခဲ့ကြရာ စစ်ကိုင်း ငါးထပ်ကြီးရုပ်ပွားဆင်းတုတော်မြတ်ကြီးကဲ့သို့ ရန်ကုန်မြို့ ငါးထပ်ကြီးရုပ်ပွားဆင်းတုတော်မြတ် ကြီးကိုလည်း စစ်ကိုင်း ငါးထပ်ကြီးရုပ်ပွားဆင်းတုတော် မြတ်ကြီးအတူ ဉာဏ်တော်ကြီးကြီးမားမားဖြင့် ပူဇော်ထားကြပါသည်။ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားနှင့် ရန်ကုန် မြို့ ငါးထပ်ကြီးဘုရားတို့မှာ အင်္ဂတေဖြင့် ပြုလုပ်ထားသော ရုပ်ပွားဆင်းတုတော်ကြီးများဖြစ်ကြပါသည်။
ရန်ကုန်မြို့ရှိ ငါးထပ်ကြီး မြတ်စွာဘုရားရုပ်ပွားတော်ကြီးသည် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ ဘက်တစ်မိုင်ခန့်အကွာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်လမ်းမကြီး ပေါ်တွင် တည်ရှိ ပါသည်။ ဘွဲ့တော်မှာ “မဟာသကျအတုလမာရ်အောင်” ဖြစ်ပါသည်။
“ငါးထပ်ကြီးမြတ်စွာဘုရား”ဟု အမည်တွင်ရခြင်းမှာ စစ်ကိုင်းနန်းစံမင်းကြီး မင်းရဲရန္တမိတ်ခေါ် ပင်းတလဲမင်းသည် မြန်မာသက္ကရာဇာ် (၁၀၁၀-၁၀၂၃) ခုနှစ်၊ ခရစ်နှစ် (၁၆၅၇) ခုနှစ်တွင် တည်ထားကိုးကွယ် ခဲ့သော စစ်ကိုင်းမြို့မှ ငါးထပ်ကြီးမြတ်စွာဘုရား ရုပ်ပွားဆင်းတုတော် မြတ်ကြီးအား မှီငြမ်းပြု၍ တည်ထား ကိုးကွယ်ခဲ့သောကြောင့် “ငါးထပ်ကြီးမြတ်စွာဘုရား”ဟု အမည်တွင် ရခြင်း ဖြစ်လေသည်။ ထို့ပြင် ငါးထပ်ကြီး မြတ်စွာဘုရား သီတင်းသုံးရာ မူလပထမ ဂန္ဓကုဋိကျောင်းတော် ကြီးမှာ ဘုံငါးဆင့်ရှိသောကြောင့်လည်း “ငါးထပ်ကြီးမြတ်စွာဘုရား”ဟု ခေါ်တွင်ပြန်သည်။
ဘုရားဒါယကာကြီး ဦးဘိုးအောင်သည် ဟံသာ၀တိဂိုဏ်းအုပ်ဖြစ်တော်မူသော ဆရာတော် ဦးအာသဘ (အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ)အား လျှောက်ထား၍ ရန်ကုန်မြို့ ငါးထပ်ကြီး မြတ်စွာဘုရား ရုပ်ပွားဆင်းတုတော်ကြီးကို မတည်ဆောက်မှီ စစ်ကိုင်းမြို့ရှိ ငါးထပ်ကြီး မြတ်စွာဘုရား ရုပ်ပွားဆင်းတုတော်ကြီးရှိရာသို့ ပန်းချီပန်းပု ပညာရှင် ဆရာဉာဏ်နှင့် အတူ သွားရောက် ဖူးမျှော် ကြည့်ရှုလေ့လာခဲ့ကြပြီး (၁၉၀၀-ခုနှစ်) ဝန်းကျင်တွင် ငါးထပ်ကြီးမြတ်စွာဘုရားရုပ်ပွားတော်ကြီးကို ယခုသီတင်းသုံးရာနေရာ၌ အုတ် အင်္ဂတေတို့ဖြင့် ကိုးကွယ်ပူဇော်မှုကို စတင်ဆောင်ရွက်ခဲ့ ကြပါသည်။
ထိုခေတ်အခါက ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားရုပ်ပွားတော်သည် အင်္ဂတေဖြင့်ပြုလုပ်သော ရုပ်ပွား တော်တို့တွင် အောက်မြန်မာပြည်၌ ဉာဏ်တော် (၅၉) ပေအမြင့်ရှိသော ဉာဏ်တော်အကြီးဆုံး ရုပ်ပွားဆင်းတုတော်ကြီး တစ်ဆူဖြစ်ပါသည်။ စစ်ကိုင်းမြို့ ငါးထပ်ကြီး ဘုရားရုပ်ပွားဆင်းတုတော်သည် ဉာဏ်တော် (၄၂) ပေအမြင့်ရှိသော ရုပ်ပွားဆင်းတုတော်ကြီး တစ်ဆူဖြစ်ပါသည်။
ရန်ကုန်မြို့ သမာဓိမြို့ဝန်မင်းကြီးလည်းဖြစ်, ရွှေတိဂုံဂေါပက ဘဏ္ဍာတော်ထိန်း လူကြီး လည်းဖြစ်, ကုန်သည်သူဌေးလည်းဖြစ်သော ဦးဘိုးအောင် နှင့် ဒေါ်စိမ်းရင် မိသားစုတို့သည် ဟံသာ၀တီဂိုဏ်းအုပ် ဖြစ်တော်မူသော ဆရာတော် ဦးအာသဘ (အဂ္ဂမဟာပဏ္ဍိတ)၏ ဆုံးမလမ်းညွန်ချက်အတိုင်း ရွှေတိဂုံ စေတီတော်မြတ်ကြီး အရှေ့ဘတ် တစ်မိုင်ခန့်အကွာ အရှေ့တောရ တောအုပ်အတွင်းရှိ ဆရာတော်ကြီး ဦးအာသဘ၏ ကျောင်းတိုက်အာရာမ်အတွင်း၌ မြန်မာသက္ကရာဇ် (၁၂၆၂) ခုနှစ်၊ ခရစ်နှစ် (၁၉၀၁) ခုနှစ်တွင် ဉာဏ်တော်အမြင့် (၅၉) ပေရှိသော ငါးထပ်ကြီးဘုရားရုပ်ပွားတော်မြတ်ကြီးကို တည်ထား ကိုးကွယ်၍ ဘုရားဒါယကာ ဒါယိကာမမိသားစုများအဖြစ် ခံယူခဲ့ကြလေသည်။
ထို့နောက် ဦးဘိုးအောင်နှင့် ဒေါ်စိမ်းရင် မိသားစုတို့သည် ငါးထပ်ကြီးဘုရား ဒါယကာ၊ ဒါယိကာမအဖြစ် ခံယူရုံမျှမကသေးပဲ၊ ငါးထပ်ကြီးမြတ်စွာဘုရားသီတင်းသုံးရာ အမြင့် သံတောင် တစ်ရာ့တစ်ရှိသော (၁၆၀-ပေရှိသော) မဟာဂန္ဓကုဋိကျောင်းတော်ကြီးကိုလည်းကောင်း ကြေးပိဿာချိန် ငါးထောင်ရှိသော ခေါင်းလောင်းတော်ကြီးကိုလည်းကောင်း ဦးဆောင်လျက် ပြည်သူပြည်သားများနှင့် အတူ လှူဒါန်းခဲ့ကြ လေသည်။ မူလ ရှေးဟောင်း ဂန္ဓကုဋိကျောင်းတော်ကြီးမှာ ကာလကြာမြင့်လာသောကြောင့် ဟောင်းနွမ်းယိုယွင်းလာသဖြင့် ယခုမျက်မှောက်ခေတ်တွင် တွေ့မြင်ရသော ဂန္ဓကုဋိကျောင်းတော်ကြီးကို ၁၉၆၇ ခုနှစ်တွင် တည်ဆောက်ပူဇော်ခဲ့ကြသည်။ ယခုအခါ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် “မဟာသကျအတုလ မာရ်အောင်” ငါးထပ်ကြီးမြတ်စွာရားကြီးကို လာရောက် ဖူးမျှော်ကြည်ညိုပူဇော်နိုင်ပါကြောင်း နိဗ္ဗာန်ကို အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။
ဘုရားကြီး၏ တည်နေရာ

ရန်ကုန်မြို့ရှိ ငါးထပ်ကြီး မြတ်စွာဘုရားရုပ်ပွားတော်ကြီးသည် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမကြီး ပေါ်တွင် တည်ရှိပါသည်။ အရှေ့တောရ တောအုပ်ကြီးအတွင်းရှိ ဆရာတော်ကြီး ဦးအာသဘ၏ ကျောင်းတိုက်အာရာမ်အတွင်း၌ ငါးထပ်ကြီးဘုရားရုပ်ပွားတော်မြတ်ကြီးကို တည်ထား ကိုးကွယ်ခဲ့ကြပါသည်။
မကိုဋ်တော်ကြီး

ငါးထပ်ကြီးဘုရား ရုပ်တုတော်ကြီး၏ မကိုဋ်တော်ထိပ်တွင် တပ်ဆင်ထားသော စိန်ဖူးတော်မှာ ရွှေချိန် ၂၂ဝ / ၁၃ပဲ ၁ ရွေးသားတို့ဖြင့် ကြိုးသွယ်သိုင်းကွပ်လျက် လက်မ လက်သည်း ကွင်းမျှရှိသော ၁၄ကာရက် ပတ္တမြား တာပတာလုံးကြီးကို ရွှေကြိုးများဖြင့် သွယ်တန်းလျက် ပတ္တမြားလုံးရေ ၇၇၄ ပွင့်တို့ဖြင့် ခြယ်လှယ်တန်ဆာ ဆင်၍ မိုးကုတ်မြို့ မြို့မရပ် ဘုရားတန်ဆောင်း သိမ်ကျောင်း ရဟန်းဒါယကာကြီး ဦးဘအေး၊ နှမ ဒေါ်သိန်းညွန့် မောင်နှမမိသားစုတို့က လှူဒါန်းပူဇော်လေသည်။ မကိုဋ်တော်၏ အချိူးစနစ်မှာ အဝန်း နှစ်ဆယ့်တစ်တောင် (၃၁ ပေ ၆ လက်မ) ၊ အချင်း ခြောက်တောင်နှစ်မိုက် (၁၀ ပေ) ၊ အမြင့် တစ်ဆယ့်သုံးတောင်တစ်မိုက် (၂၀ ပေ) ဖြစ်ကြပါသည်။
တံကဲတော်ကြီး

(၁၁-၁ဝ-၉၆)ရက်နေ့တွင် ငါးထပ်ကြီးမြတ်စွာဘုရား ဘက်စုံပြုပြင်မွမ်းမံ တည် ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌသည် ငါးထပ်ကြီးမြတ်စွာဘုရား ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ရေးလုပ်ငန်း နာယကနှင့် ဦးစီးကော်မတီဥက္ကဋ္ဌတို့၏ လမ်းညွှန်မှုအား ခံယူ လျက် ငါးထပ်ကြီးဘုရား တံကဲတော်ကြီးအား တည်ဆောက်သည်။ ထိုသို့ တည်ဆောက် ရာတွင် လမ်းညွှန်မှုမူဝါဒများဖြစ်သည့် သေသပ်လှပခံ့ညား၍ ရဟန်းရှင်လူ ပြည်သူများ ကြည်ညိုဖွယ်ပသာဒရှိရန် ဆောင်ရွက်ရေး၊ ကြာရှည်တည်တံ့စွာ ခိုင်ခံ့ကောင်းမွန်မှုဖြစ်စေရန် တည်ဆောက်ရေး၊ ပြည်သူလူထု၏ လှူဒါန်းမှုဖြင့် ကုသိုလ်ယူဆောင်ရွက်သော သာသနာ ရေးဆိုင်ရာဖြစ်၍ ကုန်ကျမှုတန်ဖိုးထက် ပိုမိုကောင်းမွန်စွာ ဖြစ်ပေါ်နိုင်ရေး၊ စနစ်တကျ ကြီးကြပ်စစ်ဆေး ဆောင်ရွက်ရေး စသည့် အချက်သုံးချက်အပေါ် အဓိကအခြေခံလျက် လုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
ငါးထပ်ကြီးဘုရားတံကဲတော်ကြီးသည် ဘုရားကြီး ကြီးမားသည်နှင့်အမျှ ဘုရား ကြီးနှင့် လိုက်ဖက်ညီ ပနံတင့်စေသည့် တံကဲတော်ကြီးမှာလည်း လွန်စွာ ကြီးမားခမ်းနား ထည်ဝါလှသည်။ မြန်မာပြည်ရှိ ဘုရားဆင်းတုတော်များ၏ တံကဲတော်များထဲတွင် ဤငါးထပ်ကြီးတံကဲတော်ကြီးမှာ အကြီးမားဆုံးဖြစ်ပေသည်။
တံကဲတော်ကြီးတွင်ပါဝင်သော အင်္ဂါရပ်ဆိုင်ရာ အပိုင်းကြီးမှာ အလင်းပိတ်ပန်းပုံ ပန်းများ၊ လင်းနို့တောင်ပန်းပုပန်းများ၊ အတွင်းတံကဲတော်ကြီး၊ အပြင်တံကဲတော်ကြီး၊ တံကဲတော်ကြီးဘေးပိတ်ပန်းများ၊ တံကဲတော်ကြီးနောက်ကျော လင်းနို့တောင် သွပ်ပန်းတဉ်း ပန်းများနှင့် တံကဲတော်ကြီး နောက်ကျောထိုင်ခုံ သွပ်ပန်းတဉ်းပန်းပွင့်များဖြစ်ကြသည်။ တံကဲတော်ကြီးကို ကျွန်းသစ် တန်ချိန် ၂၅ တန်ဖြင့် ရက်ပေါင်း ၅၈၀ တိုင်အောင် ထုလုပ်တည်ဆောင်ခဲ့ပါသည်။
ဂန္ဓကုဋိသံစေတီတော်ကြီး

ငါးထပ်ကြီးဘုရား သီတင်းသုံးရာ ဂန္ဓကုဋိသံစေတီတော်ကြီးကို သာသနာသက္ကရာဇ် ၂၅ဝ၇ ခုနှစ်၊ ၁၃၂၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁ ရက် တနင်္ဂနွေနေ့၊ ၂၇-၁၀-၆၃ နေ့ နံနက်(၆)နာရီအချိန်တွင် ဘုရားကြီး၏အင်္ဂါထောင့်မှနေ၍ အဂ္ဂမဟာပဏ္ဍိတ အလယ်တောရ ဆရာတော်ကြီးအမှူးထား၍ ရန်ကုန်မြို့ပေါ်ရှိ သက်တော်ရှည်ဆရာတော် ကြီးများ ၁ဝဝ ကျော်တို့ဖြင့် ရွှေအုတ်၊ ငွေအုတ်တို့ဖြင့် အုတ်မြစ်ချကြရာ မြေကျင်းအတွင်း ညဉ့်ဦးမှ မိုးအနည်းငယ်ရွာသွန်း၍ အမိုးပေါက်မှ ယိုကျသော မိုးရေတစ်ဖလားသာသာ ကျင်းထဲမှ အံ့သြဖွယ်ခမန်း ရွှေရောင်အဆင်း လက်သန်းခန့်ရှိသော ငါးတစ်ကောင် ရောက်ရှိတွေ့ရမြင်ရ၍ ထူးဆန်းအံ့ထွေ တွေ့ကြုံကြရလေသည်။