ဖူးမြော်လေ့လာရန်နေရာများ

ငါးထပ်ကြီးမြတ်စွာဘုရားသမိုင်း

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကလူကြီး သမာဓိမြို့ဝန်မင်း ဦးဘိုးအောင်သည် ကျောင်းဒကာကြီးဦးဖေကြီး၊ ကျောင်းအစ်မကြီး ဒေါ်အုန်းခိုင်တို့၏သားဖြစ်သည်။ ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားအား မဟာသကျအတုလမာရ်အောင်ဘွဲ့တော်ဖြင့် တည်ထားတော်မူရာတွင် ဆရာအရင်းဖြစ်သူ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဟံသာဝတီဂိုဏ်းအုပ် ပထမမြောက်ငါးထပ်ကြီးဆရာတော် ဦးအာသဘကိုအမှူးထား၍ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ဦးဘိုးအောင်နှင့် ဇနီး ဒေါ်စိမ်းရင်တို့မှ မြန်မာသက္ကရာဇ် ၁၂၆၂ ခုနှစ်၊ ခရစ်နှစ် ၁၉၀ဝ-၁၉၀၁ ခုနှစ်တွင် ငါးထပ်ကြီးဘုရားအား လှူဒါန်းတော်မူခဲ့သည်။ ထိုစဉ်အခါ အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်အတွင်းရှိ ငါးထပ်ကြီးဘုရားကြီးသည် အင်္ဂတေနှင့်ပြုလုပ်သောရုပ်ပွားတော်မြတ်ကြီးများတွင် အကြီးဆုံးရုပ်ပွားတော်ကြီးဖြစ်သည်။ ထိုစဉ်က မြန်မာပြည်တွင် စစ်ကိုင်းငါးထပ်ကြီးဘုရားမှလွဲ၍ အင်္ဂတေဖြင့်ပြုလုပ်သော ဆင်းတုဘုရားများတွင် ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားဆင်းတုတော်သည် အကြီးဆုံးဖြစ်လေသည်။ ဆရာတော်ဦးအာသဘသည် ၁၉၀ဝ ပြည့်နှစ်မှ ၁၉၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၂၀ တိုင်တိုင် ငါးထပ်ကြီးဘုရားကို စောင့်ရှောက်ထိန်းသိမ်းခဲ့သည်။ ဆရာတော်ဦးအာသဘပျံလွန်တော်မူပြီးနောက် ဆရာတော်ဦးအာသဘ၏မြေးတော်စပ်သူ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃာ့မဟာနာယက ဒုတိယမြောက်ငါးထပ်ကြီးဆရာတော် ဦးဇဋိလ သည် ၁၉၂၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ငါးထပ်ကြီးမြတ်စွာဘုရားကြီးကို နှစ်ပေါင်း ၂၅ နှစ်တိုင်တိုင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ဆရာတော်ဦးဇာဂရ (ဆရာတော်ဦးဇဋိလ၏တူ) သည် ၁၉၄၅ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ ကျောင်းတိုက်ရှိသံဃာတော်များနှင့်အတူ ကပ္ပိယဝန်ထမ်းများကို ဩဝါဒပေးကာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့သည်။ ဟောင်းနွမ်းနေသောတန်ဆောင်းတော်များအား ပြုပြင်မွမ်းမံခြင်း၊ ၂၃.၂.၁၉၆၇ ခုနှစ်တွင် မီးလောင်သွားသောတန်ဆောင်းတော်များကို ပုံစံသစ်ဖြင့် အသစ်တည်ဆောက်ခြင်း ဂန္ဓကုဋီတန်ဆောင်းတော်ကြီးအပေါ် သံစေတီတည်ထားကိုးကွယ်ခြင်း စသော လုပ်ငန်းအများအပြားကို ဆောင်ရွက်ခဲ့သည်။
ငါးထပ်ကြီးဘုရား ၁၂ လရာသီပွဲတော်များ


တန်ခူးလ

ကဆုန်လ

ဝါဆိုလ

သီတင်းကျွတ်လ
ဗုဒ္ဓအဆုံးအမများ
အမျိုးဂုဏ်/ဇာတိဂုဏ်
အံဩဖွယ်ရာများ
ယုံကြည်မှုဆိုင်ရာများ
ဘုရားဒကာကြီး ဦးဘိုးအောင်

ဦးဘိုးအောင် မိဘနှစ်ပါး
ဦးဘိုးအောင်၏ မိဘနှစ်ပါးဖြစ်ကြသော ဦးဘေကြီးနှင့် ဒေါ်အုန်းခိုင်တို့သည် ဆရာတော်ကြီး ဦးအာသဘအား ကျောင်းဒါယကာ၊ ဒါယိကာမတို့တွင် ဘုံငါးဆင့်ရှိသော အတုလရတနာ မဟာမင်္ဂလာဘုံကျော် ကျောင်းတော်ကြီးကို ၁၂၅၄ ခုနှစ်က တည်ဆောက် လှူဒါန်းခဲ့သူများဖြစ်လေသည်။
ထိုကျောင်းတော်ကြီးကို ယခုအခါ တိုင်တစ်ရာကျောင်းဟု ခေါ်ကြလေသည်။ ဦးဘေကြီးနှင့် ဒေါ်အုန်းခိုင် မိသားစုတို့သည် ကျောင်းတော်ကြီး ရေစက်ချရင်း သားဖြစ်သူ ဦးဘိုးအောင်နှင့် ရှင်တစ်ရာတို့ကို ဆရာတော်ကြီးဦးအာသဘထံအပ်နှံ၍ သာမဏေရ ပဗ္ဗဇ္ဇမင်္ဂလာပြုလုပ်ပြီး သာသနာ့ဒါယကာအဖြစ် ခံယူကြလေသည်။
ဦးဘိုးအောင်
ဦးဘိုးအောင်သည် ၁၂၂၄ ခုနှစ် နတ်တော်လတွင် ရန်ကုန်မြို့၌ ဖွားမြင်လေသည်။ ဦးဘိုးအောင်ကို ချိန်တန်ခါ မြောက် အရွယ်ရောက်၍ ဒေါ်စိမ်းရင်နှင့် နှစ်ပါးဂဟေ လက်ထပ်စေပြီးသော် မြန်မာပြည်အောက်ပိုင်း ကော်ဇော၊ သက္ကလပ်၊ ပရိက္ခရာဥဿုံ ကုန်မျိုးစုံတို့ကို လက်ကားလက်လီ ဖြန့်ချိရောင်းချသော သူဌေးကုန်သည်ကြီးလည်း ဖြစ်လေသည်။
အစိုးရမင်းတို့ ယုံကြည်ကိုးစားသဖြင့် သမာဓိ မြို့ဝန်မင်းကြီးအရာလည်း ခန့်ထား ခြင်း ခံရလေသည်။ ရွှေတိဂုံဂေါပက ဘဏ္ဍာတော်ထိန်း လူကြီးလည်းဖြစ်လေသည်။ ဦးဘိုးအောင်နှင့် ဒေါ်စိမ်းရင် မိသားစုတို့သည် ငါးထပ်ကြီးဘုရား ဒါယကာ၊ ဒါယိကာမ အဖြစ် ခံယူရုံတွင်မကသေး၊ ဘုရားကြီးသီတင်းသုံးရာအမြင့် သံတောင်တစ်ရာ့တစ်ရှိသော မဟာဂန္ဓကုဋိကျောင်းတော်ကြီးကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည့်ပြင် ကြေးပိဿာ ချိန် ငါးထောင်ရှိသော ခေါင်းလောင်းတော်ကြီးကိုလည်း ဦးဆောင်လျက် ပြည်သူ ပြည်သားများနှင့် လှူဒါန်းခဲ့ကြလေသည်။