မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီး၏သမိုင်းအကျဉ်း

မဟာသကျမုနိစေတီတော်သမိုင်း



ရန်ကုန်တိုင်းဒေသကြီး ၊အလုံခရိုင်၊ ကြည့်မြင်တိုင်မြိုနယ်၊ အိုးဘိုရပ်ကွက်၊ ကျောင်းကြီးလမ်း၊ ကျောင်းကြီးတိုက်သာသနာ့နယ်မြေအတွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာသကျမုနိရုပ်ပွား တော်မြတ်ကြီးသည် ရှေးဘိုးဘွားများလက်ထက်က ကမ္ဗည်းမော်ကွန်း သမိုင်းကျောက်စာများ ရေးထိုးစိုက်ထူ၊ ထွင်းထုမြှပ်နှံခြင်းမတွေ့ရှိရခြင်းကြောင့် သက်ကြီးကားသက်ငယ်ကြားဆိုသကဲ့သို့ အာစရိယ ပရမ္ပရဆရာ စဉ်ဆက်တို၏ မိန့်ကြားချက်များကိုသာ ကြားနာမှတ်သားခဲ့ရသောကြောင့် ကျောင်းကြီးတိုက်နာယက၊ နိုင်ငံတော်ဩဝါဒစရိယဘုံပျံကျောင်းဆရာတော်ကြီးဦးပညာသာမိ နှင့် သာသနာပြုဘုန်းတော်ကြီး ဘုံပျံဦးယသတို့ ရေးသားခဲ့သော မှတ်တမ်းမှတ်ရာများအရ မဟာသကျမုနိရုပ်ပွား တော်မြတ်ကြီးအား သာသနာသက္ကရာဇ် ၂၄၃၁ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၃၀ ပြည့်နှစ်၊ တပေါင်းလတွင် ကျောင်းတိုက်၏ ဒုတိယမြောက် နာယကချုပ်ဆရာတော် ဦးဇနိန္ဒာဘိဝံသ လက်ထက် တွင် စတင်တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ယခုအခါအဆိုပါရုပ်ပွားတော်မြတ်ကြီးသည် နှစ်ပေါင်း ၁၅၆ နှစ် ရှိပြီးဖြစ်ပါသည်။ သို့သော် စတင်တည်ထားစဉ်က ဘွဲ့တော်အမည်ကိုမူ မသိရှိခဲ့ရပါ။
ယခုမဟာသကျမုနိရုပ်ပွား တော်မြတ်ကြီးဟု ဘွဲ့အမည်တော်ရှိသော ရှေးဟောင်းရုပ်ပွားတော် မြတ်ကြီးသည် ကျောင်းကြီးတိုက်အတွင်းရှိ မြတ်စောညီနောင်စေတီတော်နှစ်ဆူ၏ မြောက်ဘက်ရှိ ဟောင်နွမ်းပျက်စီနေသော ဂန္ဓကုဋိတိုက်နှင့် အာရုံခံတန်ဆောင်းတော်ကြီးအတွင်း၌ နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိခဲ့ပြီး ငြိုးငယ်စွာ ကိန်းဝပ်စံပ္ပါယ်တည်ရှိခဲ့ပါသည်။ အဆိုပါ ဂန္ဓကုဋိတိုက်ဟောင်းနှင့် တန်ဆောင်းကြီးကို ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်၊ ရုံးကြီးလမ်းနေ တန်ဆောင်းအမကြီး ဒေါ်မိုးမှ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ရှေးဟောင်းရုပ်ပွားတော် မြတ်ကြီးကို အုတ်၊ အင်္ဂတေတို့ဖြင့် အချိုးအစားညီညွတ်စွာ တည်ထားခဲ့ခြင်းဖြစ်ပါသည်။ ရုပ်ပွားတော်မြတ်ကြီး၏ဘွဲ့အမည် တော်နှင့် တည်ထားပူဇော်သူအလှူဒါယကာကိုမသိရသော်လည်း ရုပ်ပွားတော်မြတ်ကြီးမှာ ရှေးမူမပျက် အလွန်တင့်တယ်သပ္ပါယ်စွာ တည်ရှိနေပါသည်။
ရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်၍ လေ့လာစူးစမ်းမှုအရ ၎င်းရုပ်ပွားတော်မြတ်ကြီးသည် ရွှေဘိုမင်းလက်ထက် လှိုင်မြစ်တစ်လျောက် ငမိုးရိပ်ချောင်းအထိ အပိုင်စားရခဲ့သော “ပဲ့နင်းကြီး ဦးလှပေါ်”မှ သာသနာတော်တည်တံ့ခိုင်မြဲရေးကို အလေးထား၍ သက္ကရာဇ် “၁၂၀၁” ခုနှစ်၌ ကျောင်ကြီးတိုက်အား တည်ထောင်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ၁၂၃၀ ပြည့်နှစ်တွင် တည်ထား ကိုးကွယ်ခဲ့သည်ဟုသိရှိရပါသည်။
မည်သို့ပင်ဖြစ်စေကာမူ နှစ်ပေါင်းများစွာ တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းရုပ်ပွားတော် မြတ်ကြီးမှာ ယိုယွင်းပျက်စီးနေသော ဂန္ဓကုဋိတိုက် နှင့်အာရုံခံတန်ဆောင်းတို့ကြောင့် တင့်တယ်မှုမရှိ သလိုဖြစ်နေပါသဖြင့် ဂန္ဓကုဋိတိုက်အသစ် ဆောက်လုပ်ရန်လိုအပ်နေပါသည်။ ထို့ကြောင့် ၁၉.၃.၂၀၀၄ ခုနှစ်တွင် ဂန္ဓကုဋိတိုက်အသစ်နှင့် တန်ဆောင်းတော်ကြီးတို့အား အသစ်တဖန် ဆောက်လုပ်ရန်အတွက် တိုက်အတွင်းရှိ နာယကဆရာတော်များ၏ ခွင့်ပြုချက်ဖြင့် ဈေးကြီးရပ်ကွက်၊အိုးဘိုရပ်ကွက်၊ တလိုင်း ပိုင်း၊ ငါးကြော်ဖိုလေးပြင်လေးရပ်မှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အာဏာပိုင်အဖွဲ့အစည်းများ၊ ဘာသာရေးအသင်းမှ ၂၀၀၄ ခုနှစ်၊မေလ ပထမပါတ်မှစ၍ ဂန္ဓကုဋိတန်ဆောင်းတော်ကြီး ပြန်လည် တည်ဆောက်ရန် ကျောင်းကြီးတိုက်အတွင်း အလှူခံဌာန စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအဖွဲ့မှ ၆.၆.၂၀၀၄ နေ့မှစ၍ မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့ (၄) ဖွဲ့ဖြင့် ဖွဲ့စည်းဆောင်ရွက် နေစဉ်မှာပင် ထိုစဉ်က ကျောင်းကြီးတိုက် နာယကချုပ်ကျောင်းဆရာတော်ကြီးဖြစ်သော ဦးပညိန္ဒ ဆရာတာ်မှ ကြည့်မြင်တိုင်မြို့နယ်နှင့် ကျောင်းကြီးတိုက်ကြီး၏ ကျက်သရေဆောင် သမိုင်းဝင် ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးအတွက် တင့်တယ်လျောက်ပတ်သည့် ဂန္ဓကုဋိတိုက်နှင့် တန်ဆောင်း ကြီးပြန်လည်ဆောက်လုပ်ရန်ဆရာတော်များမှ မစွမ်းဆောင်နိုင်သဖြင့် စွမ်းဆောင်နိုင်သော သာသနာ့ ဒါယကာများဖြစ်ကြသည့် သက်ဆိုင်ရာ အာဏာပိုင်အစိုးရများမှ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ အကူအညီတောင်းခံခဲ့ပါသည်။ ၅။ ဤသို့ ကျောင်းကြီးတိုက် နာယကချုပ်ဆရာတော်၏ မေတ္တာရပ်ခံအကူအညီတောင်းခံမှုကြောင့် ကြည့်မြင်တိုင်ကျောင်းကြီးတိုက်အတွင်း ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးနှင့် ဂန္ဓကုဋိတန်ဆောင်း တော်ကြီးတို့အား ထိုစဉ်က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် မိသားစုမှ ဦးဆောင်၍ သာသနာပြုဒါယကာ၊ ဒါယိကာမများက စုပေါင်း၍ ကုသိုလ်တော်အဖြစ် ဆောက်လုပ်လှူဒါန်းမည်ဖြစ်ကြောင်း ကျောင်းတိုက်နာယကဆရာတော်များအား လျှောက်ထားခဲ့ပါ သည်။ ထို့ကြောင့် ၃၀.၇.၂၀၂၄ နေ့တွင် ထိုစဉ်က ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်မြင့်ဆွေက နာယကပြုလျှက် အမှတ်(၃)စစ်ဒေသမှူး ဗိုလ်မှူးကြီးတင့်ဆန်း၊ အမှတ်(၉၅၄)ဆောက်လုပ်ရေးတပ်၊ တပ်မှူး ဗိုလ်မှူးမျိုးသန့် (ယခုဆောက်လုပ်ရေးဝန်ကြီး)ဦးဆောင်သော အင်ဂျင်နီယာတပ်ဖွဲ့နှင့် ပညာရှင်များက (၈.၈.၂၀၀၄ နေ့မှ ၂၂.၁၀.၂၀၀၄) နေ့အထိ ရက်ပေါင်း(၇၅) ရက်အတွင်း အလှူရှင်များ၏ စေတနာ၊ သဒ္ဒါထက်သန်စွာ လှူဒါန်းမှုတို့ဖြင့် ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ဂန္ဓကုဋိ တန်ဆောင်းတော်ကြီးအား တင့်တယ်သပ္ပါယ်စွာ တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးရှေ့ ဗိုလ်သူရလမ်းမျက်နှာစာတွင်ရှိသော မဟာပုညောပကာရဓမ္မာရုံအား ရွှေ့ပြောင်းတည်ဆောက်ရခြင်း အတွက် ဘဏ္ဍာစားအဖြစ် သံတွဲကျောင်းဆောင်အသစ်တည်ဆောက်ခြင်း၊ နာယကချုပ်ကျောင်းဆောင် အား တည်ဆောက်ခြင်း၊ ဓာတ်မီးပူဇော်ရေးနှင့် ဝေယျာဝစ္စအသင်းရုံးခန်း တည်ဆောက်ခြင်း၊ ဂန္ဓကုဋိ တန်ဆောင်းရှေ့ရင်ပြင်အား အပူခံကျောက်ပြားများခင်းခြင်းစသည်တို့အား ဆောင်ရွက်ခဲ့ပါသည်။
အထက်ပါတည်ဆောက်ခြင်းလုပ်ငန်းများအား (၇၅)ရက်အတွင်း အောင်မြင်စွာ ဆောင်ရွက်ပြီး နောက် မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီး၏ ဂန္ဓကုဋိတန်ဆောင်းတော်ကြီးအား ရွှေထီးတော်တင် ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား “မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီး”ဟူ၍ ဘွဲ့တော်နှင့် အနေကဇာ တင်ရေစက်ချမင်္ဂလာပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီးနှင့် ဂန္ဓကုဋိတန်ဆောင်းတော်ကြီးတို့အား အသစ်တည်ဆောက်ခြင်းတို့အတွက် အောင်မြင်ခြင်းမင်္ဂလာ အဖြစ် ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ(သီတင်းကျွတ်လပြည့်)နေ့မှစ၍ ဗုဒ္ဓပူဇနိယပွဲတော် အထူးတရားပွဲကြီးအား ဒေါက်တာအရှင်ဉာဏိဿရ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိအမှူးပြုသော နိုင်ငံကျော်ဓမ္မကထိက ဆရာတော်များ ၏ အထူးတရားပွဲကြီးကို (၉)ရက်တိုင်တိုင် ပြုလုပ်ခဲ့ကြပါ သည်။ ထို့အတူနောင်နှစ်များမှာလည်း နှစ်စဉ်နှစ်ဦးတရားပွဲနှင့် သီတင်းကျွတ်လပြည့်နေ့တိုင်း ဗုဒ္ဓပူဇနိယပွဲတော်တွင် အထူးတရားပွဲတော်များကို ၂၀၁၉ ခုနှစ်အထိ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် Covid 19 ရောဂါကြောင့် အစဉ်အလာအရ ပြုလုပ်ခဲ့သောတရားပွဲများ မပြုလုပ်နိုင်တော့ပါ။ သို့သော် ထုံးစံမပျက် နှစ်တိုင်း၌ ဗုဒ္ဓပူဇနိယပွဲတော်ကို အကျဉ်းအားဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင်နှစ်စဉ်ပြု လုပ်ခဲ့သော နှစ်ကူးသင်္ကြန်အခါတွင်းသီလပေးပွဲကိုလည်း ၂၀၂၁ ခုနှစ်မှစ၍ ပြန်လည်ပြုလုပ်ခဲ့ပါသည်။ မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီးမှာ ကျောင်းကြီးတိုက်အတွင်း တည်ထားကိုးကွယ်သည် ဖြစ်၍ ရုပ်ပွားတော်မြတ်ကြီးအရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် ကျောင်းကြီးတိုက် နာယကချုပ် ကျောင်းအပါအဝင် ကျောင်းပေါင်း(၁၄)ကျောင်းရှိပါသည်။ ထို့အပြင် အဓိဌာန်အောင်မြေ(၉) ဌာနလည်း ထူးခြားစွာ တည်ရှိနေပါသည်။ ၎င်းမှာ- (၁) မြတ်စောညီနောင်စေတီတော်(ရုပ်ပွားတော်မြတ်ကြီး၏ တောင်အရပ်တွင်ရှိ၍ သက်တမ်းအားဖြင့် နှစ် ၁၆၀ ကျော်က သုမနညီနောင် တည်ထားကိုးကွယ်ခဲ့ပါ သည်။) (၂) မာရ်အောင်မြင်စင်္ကြာရှင် (စင်္ကြာမုနိဘုရား)နှင့် ရပ်တော်မူဘုရားနှင့် ရုပ်ပွားတော် (၁၈)ဆူရှိပါသည်။ (၃) ဓာတ်ပေါင်းစုစေတီတော် (ရုပ်ပွားတော်မြတ်ကြီး ကန္ဓကုဋိတန်ဆောင်းကြီး၏ တောင်ဘက် မြတ်စောညီနောင်စေတီနှစ်ဆူ၏ တောင်ဘက်တို့တွင် ရှိပါသည်။) (၄) ခဏ္ဍာသိမ်တော်ကြီး (ရုပ်ပွားတော်မြတ်ကြီး ကန္ဓကုဋိတန်ဆောင်းကြီး၏ အနောက်တောင်ဘက်တွင်တည်ရှိပါသည်။) (၅) တစ်ဝဂူစေတီတော်(ခဏ္ဍသိမ်တော်ကြီး၏ အနောက်တောင်ဘက်တွင်တည်ရှိ ပါသည်။) (၆) နှစ်ကျိပ်ရှစ်ဆူဘုရားတန်ဆောင်း (နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် နဂါးရုံဘုရား လည်း တည်ရှိပါသည်။) (၇) ကိုးဆူတန်ဆောင်း (ဘုရားကိုးဆူရုပ်ပွားတော်ကြီးများ တည်ရှိပါသည်။) (၈) သံ-ဂုံ-ပ-မ ဘုရား(၄)ဆူ(မဟာပုညောပကာရဓမ္မာရုံဟောင်းတွင် တည်ရှိပါသည်။) (၉) မဟာသကျမုနိရုပ်ပွားတော်ြမတ်ကြီး (ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီး ၂၀၀၄ ခုနှစ် အသစ်ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။) အဆိုပါ အဓိဋ္ဌာန်အောင်မြေများတွင် မိမိတို့လိုရာဆန္ဒအား အဓိဋ္ဌာန်ပြုကြရာ အောင်မြင်သွား ကြသူ အများအပြားရှိခဲ့ပါသည်။ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပ္ပါယ်ရာ ကန္ဓကုဋိတန်ဆောင်းကြီးနှင့် အဓိဋ္ဌာန်အောင်မြေ (၉)ဌာနတို့၏ တည်နေရာကို အောက်ပါအတိုင်းဖော်ပြထားပါသည်။ ၆။ ထို့ကြောင့် နှစ်ပေါင်းများစွာက တည်ထားကိုးကွယ်သော ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးအား ၂၀၀၄ ခုနှစ်တွင်အသစ် ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ခဲ့သောကြောင့် ယခုအခါတင့်တယ်သပ္ပါယ်စွာ ဖူးမြင်နိုင်ကြမည်ဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

တည်နေရာပြ အညွှန်း

ရန်ကုန်တိုင်းဒေသကြီး ၊အလုံခရိုင်၊ ကြည့်မြင်တိုင်မြိုနယ်၊ အိုးဘိုရပ်ကွက်၊ ကျောင်းကြီးလမ်း၊ ကျောင်းကြီးတိုက်
