တန်ဆောင်းများ

မုခ်ဦးအာရုံခံတန်ဆောင်းများ

အရှေ့ဘက်မုခ်ဦး အာရုံခံတန်ဆောင်း

ကကုသန်ဘုရားရှင်ကိုယ်တော်မြတ်ကြီး စံနေတော်မူသည့် အာရုံခံတန်ဆောင်းကြီး ဖြစ်သည်။ ဆင်းတုတော်ဉာဏ်တော်စုံ (၇)ဆူရှိပြီး၊ အမြင့်ဆုံးအလယ် ဆင်းတုတော်ကြီးမှာ ဉာဏ်တော် ၅’ ၃” ရှိသည်။ အစောဆုံး ဆင်းတုတော်၏ကမ္ပည်းမှာ မြန်မာသက္ကရာဇ် (၁၂၇၈)ခုနှစ်ဖြစ်ပြီး ဘုရားတကာ ဦးဘို၊ ဘုရားအမ မပန်း၊ မငွေမျှင် တို့ကောင်းမှုဖြစ်သည်။ တန်ဆောင်ကြီး၏ မူလအလှူရှင်မှာ မိုးကောင်းစေတီတော်ကြီးကို အသစ်ပြန်လည်မွမ်းမံတည်ထားခဲ့သည့် ဘုရားဒါယိကာမကြီး ဒေါ်လှိုင်၏ သမီးဖြစ်သူ ဒေါ်သေးမျှင်ဖြစ်ပြီး အလှူရှင်အဆက်ဆက်မှ မွမ်းမံပြင်ဆင်လာခဲ့သည့်အတွက် မှန်စီရွှေချတိုင်လုံးကြီးများ၊ မှန်စီရွှေချနံရံများနှင့် သစ်သား ကနုတ်ပန်းများတွင် ဇာတ်တော်လာ ပန်းပုရုပ်များကို ရှေးမူမပျက် တင့်တယ်ခန့်ငြားစွာ တွေ့ရှိနေရသည့် အာရုံခံတန်ဆောင်ကြီးတစ်ဆောင် ဖြစ်လေသည်။

တောင်ဘက်မုခ်ဦးအာရုံခံတန်ဆောင်း

ကောဏဂုံဘုရားရှင်ကိုယ်တော်မြတ်ကြီး စံနေတော်မူသည့် အာရုံခံတန်ဆောင်ကြီး ဖြစ်ပါသည်။ ဆင်းတုတော်ပေါင်း ငါးဆူစံနေတော်မူပြီး ဉာဏ်တော်အမြင့်ဆုံး ဆင်းတုတော်မှာ ၅’ ၃” ရှိပါသည်။ အစောဆုံး ဆင်းတုတော်၏ သက္ကရာဇ်မှာ (၁၉၀၄) ခုနှစ် ဖြစ်ပါသည်။ ကမ္ပည်းကို ထင်ရှားစွာ ဖတ်၍မရတော့ပေ။ တန်ဆောင်းကြီး၏ မူလအလှူရှင်မှာ ဒေါ်နန်းဘော် ဖြစ်ပါသည်။ ၁၃၄၄ ခုနှစ်တွင် ကျော်သူ ပရိဘောဂ ဦးရွှေ - ဒေါ်ကျင်စိန် မိသားစု မှ တန်ဆောင်းကြီးကို မွမ်းမံအသစ် ဆောက်လုပ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ဦးတင်ရွှေ - ဒေါ်ရီရီမြင့် မိသားစုမှလည်း တန်ဆောင်းကြီး တစ်ခုလုံး၏ ပြာသာဒ်ဘုံဆင့်များကို ရွှေစတီးကနုတ်ပန်းအသစ်တပ်ဆင်ပြီး မွမ်းမံလှူဒါန်းခဲ့ပါသည်။

အနောက်ဘက်မုခ်ဦးအာရုံခံတန်ဆောင်း

ကဿပဘုရားရှင်ကိုယ်တော်မြတ်ကြီး စံနေတော်မူသည့် အာရုံခံတန်ဆောင်းကြီးဖြစ်သည်။ ဉာဏ်တော် ခြောက်ပေရှိသည့် ဆင်းတုတော်ကြီးသုံးဆူ စံနေတော်မူပါသည်။ အလယ်ဆင်းတုတော်ကြီးမှာ မြန်မာသက္ကရာဇ် (၁၂၆၈)ခုနှစ်၊ ကုန်းတန်းတိုက် ကံဘဲ့ ဘုရားတကာ ရွာသူကြီး ဦးဖျော်၊ ဘုရားအမ ဒေါ်သဲညိုတို့ကောင်းမှု ဖြစ်ပေသည်။ ယာဘက် ဆင်းတုတော်ကြီးမှာ မြန်မာသက္ကရာဇ် (၁၂၈၉)ခုနှစ်၊ ရွှေယင်းမာကျောင်းဘုန်းတော်ကြီး ကောင်းမှုတော် ဖြစ်ပါသည်။ ဝဲဘက်ဆင်းတုတော်ကြီးမှာ မြန်မာသက္ကရာဇ် (၁၂၈၄)ခုနှစ်၊ ကံဘဲ့ရွာနေ ဘုရားဒါယကာ ဦးချို၊ သား မောင်ဘိုးအို၊ ဇနီး မမယ်နိုင်၊ မောင်ဘိုးဘွင့်၊ ဇနီး မဒွေးလှတို့ ကောင်းမှုဖြစ်ပါသည်။ တန်ဆောင်းကြီး၏ မူလအလှူရှင်မှာ ဦးချိုနှင့်သားများ ဖြစ်ပြီး နောက်ပိုင်းတွင် သာသနာ့ဒါယကာ ဦးသန်းအောင်၊ အဒေါ်ဖြစ်သူ ဒေါ်အေးနှင့် သားသမီး မြေးတစ်စုတို့မှ အသစ်မွမ်းမံ တည်ဆောက်ခဲ့ပါသည်။ ဒေါ်အေး၏ သမီးများဖြစ်ကြသော ဒေါ်ကြင်မွှေး၊ ဒေါ်ကြင်ဋ္ဌေး၊ ဒေါ်တင်ထွေးနှင့် မိသားစုမှလည်း တန်ဆောင်းကြီးတစ်ခုလုံး၏ ပြာသာဒ်ဘုံဆင့်များကို ရွှေစတီးကနုတ်ပန်းအသစ် ထပ်မံတပ်ဆင်၍ မွမ်းမံလှူဒါန်းခဲ့ပါသည်။

မြောက်ဘက်မုခ်ဦးအာရုံခံတန်ဆောင်း

ဂေါတမဘုရားရှင်ကိုယ်တော်မြတ်ကြီး စံနေတော်မူသည့် အာရုံခံတန်ဆောင်ကြီးဖြစ်သည်။ ဆင်းတုတော်ကြီး (၃)ဆူ စံနေတော်မူပြီး ဝဲဘက်ဆင်းတုတော်ကြီးမှာ ၄’ ၆” ဉာဏ်တော်မြင့်ပြီး (၁၉၈၅)ခုနှစ်တွင် အလှူရှင် ဦးလှဝင်း-ဒေါ်စိန်ဥတို့မှ လှူဒါန်းထားပါသည်။ အလယ်ဆင်းတုတော်မှာ ဉာဏ်တော် ၃’ ၁၀” ရှိပြီး (၁၃၅၀) ခုနှစ်တွင် အလှူရှင် ဦးကြင်ဆောင်-ဒေါ်ရီရီဝင်းတို့မှ လှူဒါန်းပါသည်။ ယာဘက်ဆင်းတော်တော်မှာ မတ်ရပ်ဆင်းတော်ဖြစ်ပြီး ဉာဏ်တော်မှာ ၅’ ရှိပါသည်။ ၁၉၈၉ ခုနှစ်တွင် ဒေါ်တင်ကြည် မိသားစု၊ ချွေတာရေးစားသောက်ဆိုင် ရေနံချောင်းမြို့မှ လှူဒါန်းပါသည်။ မြောက်ဘက်တန်ဆောင်းကြီး၏ မူလအလှူရှင်မှာ ရန်ကုန်မြို့ မြူနီစပါယ် မြို့သူကြီး(အငြိမ်းစား) ဦးလှအောင် ၊ ဒေါ်ခါရီတို့ဖြစ်ပြီး နောက်ပိုင်းတွင် သားသမီးများဖြစ်သည့် အငြိမ်းစား အင်ဂျင်နီယာ ဦးချစ်၊ ဇနီး ဒေါ်သိန်းကြည်၊ သမီး မခင်ချိုချိုတို့နှင့် အလှူရှင်အသီးသီးမှ ပြုပြင်မွမ်းမံခဲ့ကြပါသည်။

ဇရပ်တန်ဆောင်းများ

မဟာသာသနာ့ဗိမာန်တော်ကြီး

မဟာသာသနာ့ဗိမာန်တော်ကြီးမှာ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝင်းကြီး၏ အရှေ့တောင်ထောင့်တွင် တည်ရှိပါသည်။ မြို့နယ်သံဃနာယက အဖွဲ့ဆရာတော်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ ဓမ္မာရုံ ဘာသာရေးအသင်းအဖွဲ့များ စုံညီစွာတက်ရောက်ကြသော အစည်းအဝေးကြီးမှ ဖွဲ့စည်းတာဝန်ပေးအပ်သော မဟာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေး၊ ဖြစ်မြောက်ရေးနှင့် ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသော မြေနေရာ၌ (၉-၃-၂၀၁၄)ရက်နေ့တွင် မြေသန့်၊ ပန္နက်တင် မင်္ဂလာအခမ်းအနားနှင့် (၈-၅-၂၀၁၄)နေ့တွင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားများကို ကျင်းပခဲ့ပါသည်။ ဗိမာန်တော်ကြီး နှစ်ထပ်မျှ အကောင်အထည်ဖော်နိုင်စဉ်မှာပင် မြို့နယ်၏ ဘာသာရေး၊ သာသနာရေးအခမ်းအနားများနှင့် ဓမ္မာစရိယ စာမေးပွဲများ၊ ပထမပြန်စာမေးပွဲများ၊ အဘိဓမ္မာ စာမေးပွဲများ၊ သုတဓမ္မစာမေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပလျက်ရှိပေသည်။ မြို့နယ်၏ ဘာသာရေး၊ သာသနာရေးကိစ္စရပ်များကို အထာက်အကူပြုဆောင်ရွက်နိုင်ရန်အတွက်လည်း လိုအပ်သည့်အဖွဲ့အစည်းတစ်ခု ဖြစ်သည့် မြို့နယ် ဥပတ္ထမ္ဘက အဖွဲ့ကြီးကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ မဟာသာသနာ့ဗိမာန်တော်ကြီးတွင်ပင် မြို့နယ်သံဃာ့နာယကရုံးခန်းနှင့် မြို့နယ် ဥပတ္ထမ္ဘက ရုံးခန်းတို့ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။ မြို့နယ်၏ ဘာသာသာသနာရေးတို့ကို အဘက်ဘက်မှ စွမ်းဆောင်ပေးနေသည့် ဗိမာန်တော်ကြီးဖြစ်ကြောင်းကိုလည်း တင်ပြလိုက်ရပေသည်။

အရိယာဓမ္မာရုံကြီး

အရိယာဓမ္မာရုံကြီးမှာ မိုးကောင်းဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ် အဝင်ဝအနီး အနောက်မြောက်ထောင့် ဘုရားဝင်းအတွင်း တည်ရှိပါသည်။ ထိုဓမ္မာရုံကြီးတွင် ဝါတွင်းဥပုသ်နေ့တိုင်း ရန်ကင်းမြို့နယ်အတွင်းရှိ ဆရာတော်ကြီးများက ဥပုသ်သီလပေးပြီး မွန်းလွဲပိုင်းတွင် တရားပွဲများ ကျင်းပလေ့ရှိပါသည်။ ဥပုသ်သီလဆောက်တည်သူများနှင့် စည်ကားလျက်ရှိပါသည်။ မြို့နယ်လုံးဆိုင်ရာ သာသနာရေးလုပ်ငန်းများကိုလည်း ဤဓမ္မာရုံကြီး၌ပင် ကျင်းပလျက်ရှိပါသည်။ ဓမ္မာရုံကြီးမှာ ဗုဒ္ဓသာသနာ့ဝေယျာဝစ္စ နိဗ္ဗာန်ဆော်ဝတ်အသင်းကြီး၏ နာယကကြီး ဗိုလ်မှူးကြီး ဇေယျကျော်ထင် သူရမင်းသိမ်း၊ ဥက္ကဋ္ဌကြီး ဦးအောင်ဘ၊ အကျိုးတော်ဆောင် ဦးဩဘာတို့၏ ဦးဆောင်ကြိုးပမ်းမှုနှင့် ဖြစ်ပေါ်လာခဲ့ပြီး အသင်းကြီးကို (၁၉၄၈)ခုနှစ်တွင် တည်ထောင်သည်ဟူသည့် ကမ္ပည်းဆိုင်းဘုတ်ကို ဓမ္မာရုံကြီးတွင် ချိတ်ဆွဲထားသည်ကို တွေ့မြင်ရပါသည်။

သာသနဝုဍ္ဎိဓမ္မာရုံ

မြန်မာသက္ကရာဇ် (၁၃၃၂)ခုနှစ်၊ နယုန်လဆန်း (၇)ရက်တွင် စတင်အုတ်မြစ်ချခဲ့ပါသည်။ ဓမ္မာရုံကြီးအတွင်းတွင် မိုဃ်းကောင်းဆုတောင်းပြည့်စေတီတော်ကြီးအား (၁၃၁၄)ခုနှစ် မှစ၍ ရောင်တော်ဖွင့်ခဲ့သော သာသနာဝုဍ္ဎိဝတ်အဖွဲ့ ဦးညို၊ ဦးထွေး၊ ဦးအုန်းရွှေ၊ ဦးထွန်းအေး၊ ဦးသန်းမောင် ဦးချို၊ ဦးလှဘော်၊ ဦးသိန်းမောင်တို့ ပါဝင်သော မှတ်တမ်းဓါတ်ပုံကို တွေ့ရှိရပါသည်။ ဓမ္မာရုံကြီးတွင် ဝါတွင်း ဝါပ ဥပုသ်သီလဆောက်တည်သူများနှင့် စည်ကားလျက်ရှိပါသည်။

ဗုဒ္ဓဝေယျဝစ္စအသင်းကြီး မဟာအာရုံခံမှန်စီတန်ဆောင်းကြီး

စေတီတော်ကြီး၏ စနေထောင့်တွင် တည်ရှိပါသည်။ အသင်းကြီး၏တံဆိပ်တွင် မိုးကောင်းစေတီတော်ဗုဒ္ဓဝေယျာဝစ္စအသင်းကြီး၊ ကံဘဲ့မြို့မဟု ဖော်ပြထားပါသည်။ စနေတန်ဆောင်းဟုလည်း အမည်တွင်လျှက် ရှိပါသည်။ (၁၃၀၉)ခုနှစ်တွင် တည်ထောင်ခဲ့သော အသင်းကြီး ဖြစ်ပါသည်။ ဝါတွင်းဝါပ ဥပုသ်နေ့များတွင် ဥပုသ်သီတင်းယူကြသော ဥပုသ်သည်များနှင့် ဓမ္မာရုံကြီးမှာ သက်ဝင်လှုပ်ရှားလျှက်ရှိပါသည်။ မဟာအာရုံခံတန်ဆောင်းကြီးကို ၁၃၂၂ ခုနှစ် ၊ ပြာသိုလ္ဆန်း ၂ ရက်နေ့တွင် ဘောက်ထော် ဦးဘရီ ကျောင်းတိုက်၊ ဝိနည်းငါးကျမ်းပြန် ဆရာတော် ဦးဝဏ္ဏ အုဋ်မြစ်ချသည် ဟူသည့် ကမ္ပည်းကျောက်စာကို တွေ့ရှိရပါသည်။

သဲအင်းဂူဓမ္မဗိမာန်တော်ကြီး

မိုးကောင်းဆုတောင်းပြည့်စေတီတော်ကြီး၏ အရှေ့တောင်ထောင့် ဘုရားဝင်း အတွင်းတွင် သဲအင်းဂူဝိပဿနာဓမ္မဗိမာန်တော်ကြီး တည်ရှိသည်။ ကျေးဇူးတော်ရှင် သဲအင်းဂူဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်အခါက ၁၉၆၉ ခုနှစ် မိုးကောင်း ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ အရှေ့ဘက်တန်ဆောင်းအား တရားဟောသံဃာစင် အဖြစ် အသုံးပြု၍ (ယခု) သတ္တဌာနဘုရားများ တည်ထားသည့် ကွက်လပ်မြေတွင် ယာယီမဏ္ဍပ် ဆောက်လုပ်ပြီး ဆရာတော်ဘုရားကြီးသည် ဝေနေယျယောဂီအပေါင်း သူတော်ကောင်းတို့အား အပါယ်တံခါးပိတ် နိဗ္ဗာန်တံခါးပွင့်စေခြင်း အလို့ငှာ ခန္ဓာကိုယ်တွေ့ ဝိပဿနာတရားတော်များကို ဟောကြားပြသခဲ့ဖူးလေသည်။ ယခု အဆောက်အဦးကို (၁၉၇၃)ခုနှစ်တွင် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် မှော်ဘီသဲအင်းဂူဝိပဿနာကမ္မဋ္ဌာန်းကျောင်း(ဌာနချုပ်) နာယကဆရာတော်ကြီးများနှင့် ရန်ကုန်တစ်မြို့လုံးဆိုင်ရာ သဲအင်းဂူ သာသနာပြုအဖွဲ့၏ ဦးဆောင်မှုဖြင့် တည်ဆောက်ခဲ့ပါသည်။ ထိုစဉ်မှစ၍ သဲအင်းဂူ ကမ္မဋ္ဌာနာစရိယ ဆရာတော်ကြီးများက အလှည့်ကျ ကမ္မဋ္ဌာန်းတရားများ ပြသခဲ့ကြသည်။ အနယ်နယ်အရပ်ရပ်မှ သဲအင်းယောဂီများ၊ စတင်တရားလာထိုင်ကြသူ ယောဂီအသစ်များ တဖွဲဖွဲလာရောက် တရားထိုင်ကာ တရားရရန်အတွက် တရားအားထုတ် ကြသည့် ဗိမာန်မွန် ဖြစ်ပေသည်။

မိုးကောင်း၊ စုပေါင်းဝေယျာဝစ္စနှင့်သန့်ရှင်းရေးအသင်း
သာဓုဇနဟိတကာရီ တန်ဆောင်း

တန်ဆောင်းကြီးကို ၁၉၇၀ ခုနှစ်တွင် တည်ဆောက်ခဲ့ပါသည်။ တည်ထောင်သူ ဆရာကြီး ဦးအောင်စိုး ကို အစွဲပြု၍ ဦးအောင်စိုးတန်ဆောင်းဟုလည်း အမည်တွင်လျက် ရှိပါသည်။ စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပချိန်တိုင်းတွင် ဆရာကြီး ဦးအောင်စိုး ၏ ဦးဆောင်မှုဖြင့် အသင်းသူ အသင်းသားများမှ သဒ္ဓါထက်သန်စွာ ပါဝင်ကူညီဆောင်ရွက်ပေးလေ့ရှိပါသည်။ ဝါတွင်းကာလများတွင်လည်း ဥပုသ်သီတင်းဆောက်တည်သူများနှင့် စည်ကားလျှက်ရှိသော တန်ဆောင်းတစ်ခုဖြစ်ပါသည်။