မိုးကောင်းဘိုးဘိုးကြီး

အသေးစိတ် အချက်အလက်များ

အလှူ့ရှင်ပွဲစားကြီး ဦးသောင်းစိန်၊ ဇနီး ဒေါ်မြမြ တို့၏ ကုသိုလ်တော်ဖြစ်သည့် မိုးကောင်းဘိုးဘိုးကြီး နန်းဆောင်မှာ စေတီတော်ကြီး၏ အနောက်ဘက်စောင်းတန်းအနီးတွင် တည်ရှိပြီး မန္တလေးမြို့ ကျောက်ဆစ်ဆရာကြီး ဆရာမြိုင်၏ လက်ရာမွန်ဖြစ်လေသည်။ ရုပ်ထုတော်ကို ထုဆစ်ရန် စကျင်တောင်မှ မန္တလေးသို့ ကျောက်တုံးကြီးကို သယ်ဆောင်မည်ပြုရာတွင် ရာသီဥတုမှာ လေရောမိုးပါပြင်းထန်စွာ တိုက်ခတ်ရွာသွန်းနေရာမှ ရုတ်တရက် ကြည်လင်သာယာလာခဲ့ပါသည်။  ကျောက်တုံးကြီးကိုလည်း မန္တလေးသို့ နေ့ခြင်း အရောက် သယ်ယူနိုင်ခဲ့ပါသည်။  ထိုကျောက်တုံးကြီး ရောက်ရှိသည့်နေ့မှစ၍ ဆရာမြိုင်တို့၏ စီးပွားရေးမှာ ထူးခြားစွာ အောင်မြင်တိုးတက်ခဲ့လေသည်။ ဘိုးဘိုးကြီး ရုပ်တုတော် စေတီတော်ဝင်းအတွင်းရှိ နန်းဆောင်သို့ ရောက်ရှိသည့် အချိန်မှစ၍ ပူဇော်ပသသူများ၊ အဓိဋ္ဌာန်သူများနှင့် စည်ကားလျက်ရှိသည်မှာ ယနေ့တိုင်ဖြစ်လေသည်။ လူမျိုးဘာသာမရွေး ပူဇော်ပသရာတွင် လက်ငင်းအကျိုးခံစားကြရသည်ကိုလည်း ကြားသိနေရပေသည်။