ပြတိုက်ပြခန်း (၁)

သုမေဓာဥယျာဉ်တော်

ဒီပင်္ကရာ၊ ထွတ်ချာမှန်ကင်း၊ သုံးလူ့မင်း၏၊ ခြေရင်းတော်အောက်၊ ဝပ်စင်းမှောက်လျက်၊ နိယတဗျာဒိတ်ပန်းကို၊ ဆွတ်လှမ်းခံတော်မူစဉ်ကပင် သာဝကဉာဏ်၊ ပါရမီသာမန်ဖြင့်၊ နိဗ္ဗာန်သို့ ကူးယူလျှင် ရလောက်တော်မူပါလျက်၊ တစ်ယောက်တည်း ငါတစ်မူ၊ နိဗ္ဗာန်ကို ယူချေလျင် ဘယ်တွင် အကျိုးမရှိချေ၊ သမ္ဗောဓိမှန်၊ သဗ္ဗညုရွှေဉာဏ်ကို သွေမလှန် ငါရမှ၊ တရားမြတ် ဖေါင်စကြာဖြင့်၊ သတ္တဝါဝေနေကို သံသရာဝဲဂယက်မှ၊ နိဗ္ဗာန်မည်သာ၊ ကျွန်းခေမာသို့၊ တင်ဆောင်ကာပို့မည်ဟု၊ တိဏ္ဏောတာရေယျံ၊ ဗုဒ္ဓေါဗောဓေယျံ၊ မုတ္တောမောစေယျံ သုံးခွန်းသော ဝစနံကို၊ ရွှေနှုတ်တော်လှစ်ဖွင့်၍၊ ကျူးရင့်တော်မူခဲ့ပြီးသည့်နောက် လေးအသင်္ချေ၊ လွန်လေကုန်မြောက်၊ ကမ္ဘာတစ်သိန်းအလွန်သို့ ရောက်အောင်၊ လူသာမန်ပုဂ္ဂိုလ်တို့၊ အလွန်တရာ ဖြည့်ကျင့်၊ ရှာမှီးနိုင်ခဲသော၊ ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီး ငါးပါးစသော၊ သမ္မာသမ္ဗောဓိ အဖြစ်တည်းဟူသော ဆုကြီးကို ရှာမှီးတော်မူပြီး ထသော …

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်နှင့် ရဟန္တာများ ကြွလာတော်မူမည့်လမ်းကို ရမ္မာမြို့သူမြို့သားများနှင့်အတူ လမ်းပြင်နေစဉ် ဘုရားရှင်နှင့် ရဟန္တာများကြွလာတော်မူသောကြောင့် ပြင်၍မပြီးသေးသော ရွှံ့ညွန်ပေါ်တွင် မိမိကိုယ်ကို တံတားခင်း၍ မှောက်စင်းနေပေးခဲ့လေသည်။ သုမိတ္တာသတို့သမီးကလည်း မိမိလက်ထဲတွင် ရှိသော ကြာပန်းရှစ်ခိုင်မှ ငါးခိုင်ကို သုမေဓာရှင်ရသေ့၏ လက်ထဲသို့ ထည့်ပြီး ကျန်သုံးခိုင်ကို ကိုယ်တိုင်လှူပြီး ပါရမီဖြည့်ဘက်အဖြစ် ဆုပန်ခဲ့လေသည်။

ဒီပင်္ကရာဘုရားရှင်လည်း ဤရသေ့သည် နောင်ဘဒ္ဒကမ္ဘာ၌ ဂေါတမဘုရားဖြစ်လိမ့်မည်။ ဤအမျိုးသမီးကား ပါရမီဖြည့်ဘက် ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူလေသည်။ ဤဖြစ်စဉ်ကို သရုပ်ဖော်၍ ဒီပင်္ကရာဘုရားရှင်နှင့် ရဟန္တာများ ရမ္မာမြို့တွင်းသို့  ကြွတော်မူပြီး သုမေဓာရှင်ရသေ့နှင့် သုမိတ္တာတို့ကို ဗျာဒိတ်ပေးတော်မူပုံ ရုပ်ထုတော်များကို ဥယျာဉ်တော် အတွင်း ထုလုပ်သရုပ်ဖော် ထားပါသည်။

ထိုစဉ်က မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တပညာသာမိ၊ အမှူးထား၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦီးစီးမှူး ဦးမင်းမောင်မောင်၊ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးချိုလေးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၏ ကုသိုလ်တော်ဥယျာဉ်ကြီး ဖြစ်ပါသည်။

ဆုတောင်းပြည့်စေတီတော်ကြီး၏ အနောက်ဘက်အရိယာဓမ္မာရုံကြီးအရှေ့တွင် တည်ရှိပါသည်။