စေတီတော်ဆိုင်ရာ

မိုးကောင်းစေတီတော်သမိုင်း

ဘကြီးတော်(စစ်ကိုင်းမင်း)လက်ထက်တွင် ဖြစ်ပွားခဲ့သည့် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ၌ ကံဘဲ့တိုက်ပွဲမှာ သမိုင်းဝင်တိုက်ပွဲကြီးတစ်ပွဲအဖြစ် ထင်ရှားခဲ့ပါသည်။ ၁၈၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အင်္ဂလိပ်နယ်ချဲ့တပ်မှ ဗိုလ်ချုပ်ကင်းဘဲနှင့် ဗိုလ်ချုပ်ကော်တွန်တို့ စစ်ကြောင်းနှစ်ကြောင်းချီကာ ကံဘဲ့ရှိ မြန်မာတို့၏ ဝါးပိုးခံတပ်ကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ ခံတပ်ကို ကွပ်ကဲနေသူမှာ တပ်မှူး မင်းထင်မင်းခေါင်ဘွဲ့ခံ ဦးအေး(စစ်သူကြီး မဟာဗန္ဓုလ၏ညီ) ဖြစ်လေသည်။ အမျိုး၊ ဘာသာ၊ သာသနာအတွက် အသက်ကို ပဓာနမထားဘဲရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာမျိုးချစ် စစ်သည်တို့၏ စစ်ခေါ်သံတို့မှာ ထိုစဉ်က ကံဘဲ့အရပ်တွင် မိုးယံဟည်းမျှ ပဲ့တင်ထပ်ခဲ့မည်ကို ခံစားသိရှိနိုင်လေသည်။ စေတီတော်ကြီးနှင့်ဆက်စပ်နေသော သမိုင်းဖြစ်စဉ်တစ်ခုမှာလည်း စေတီတော်ကြီး၏ အရှေ့ဘက်တွင် ကပ်လျှက်တည်ရှိနေသော မိုဃ်းကောင်းဘုန်းကြီးကျောင်းဝင်းအတွင်း စကျင်ကျောက်ဖြင့် ရေးထိုးထားသော ကျောက်စာနှစ်ချပ်ကို တွေ့ရှိရပါသည်။

ကျောက်စာတွင် ဟံသာ၀တီကမန်အောင်ဂိုဏ်းအုပ်ဆရာတော် ရှင်သဒ္ဓမ္မ၏ ကျောင်းဝင်းအတွင်း ပေ(၁၀၀)ပတ်လည်ရှိမြေကို ဦးရွှေရနှင့် ဦးရွှေလှတို့က အိန္ဒိယတိုင်းကို အစိုးရသောရှင်ဘုရင်မထံမှ လျှောက်ထားရယူကာ သီရိန္ဒာဘိဇေယသိမ်ကို ဆောက်လုပ်ခဲ့ကြောင်း သိမ်သမုတ်ရာ၌ သံဃာတော်အပါး ၁၀၈၀ ကံဆောင်ခဲ့ကြပါသည်။  ကျောက်စာကို ၁၈၆၅ ခုနှစ်၌ ရေးထိုးခဲ့ပါသည်။ သမိုင်းကွင်းဆက်ပြတ်နေသော မိုးကောင်းစေတီတော်မြတ်ကြီးသမိုင်းကို ပြန်လည်ဖော်ထုတ်နိုင်ရန်အတွက် ၁၉၆၀ ခုနှစ်တွင် မိုးကောင်းဆုတောင်းပြည့်စေတီတော်ဂေါပကအဖွဲ့ ဥက္ကဌ ဦးကျော်လှနှင့် ဂေါပကအဖွဲ့ဝင်များ၊ မိုးကောင်းဘုရား ဗုဒ္ဓသာသနာ့ဝေယျာဝစ္စ နိဗ္ဗာန်ဆော်အသင်းနာယကကြီး ဇေယျကျော်ထင် ဗိုလ်မှူးကြီး သူရမင်းသိမ်း၊ အသင်းဥက္ကဌ ဦးအောင်ဘ၊ အကျိုးတော်ဆောင် ဦးဩဘာတို့မှ ဦးဆောင်၍ ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါသည်။ ၁၉၆၀ ပြည့်နှစ်၊ ဇူလိုင်လမှစ၍ စေတီတော်ကြီး၏ ရှေးဟောင်းရာဇဝင်သမိုင်းများ ရှာဖွေလေ့လာရေး အစည်းအဝေးကြီးကို သုံးကြိမ်တိုင်တိုင် စေတီတော်ပရိဝုဏ်အတွင်းရှိ မိုးကောင်းဘုရားဗုဒ္ဓသာသနာ့ဝေယျာဝစ္စနိဗ္ဗာန်ဆော်ဝတ်အသင်းတိုက်၌ စည်းဝေးကျင်းပခဲ့ ကြပါသည်။

မိုးကောင်းဆရာတော်နှင့် ဦးဘိုးလှ၊ ဦးဘိုးကင်း၊ ဦးမောင်မောင် စသောရပ်ရွာလူကြီးမင်း များမှလည်း မိမိတို့ သိမှီကြားနာလိုက်ရသည်များကို စည်းဝေးပွဲများတွင် အသီးသီးတင်ပြခဲ့ကြပါသည်။ မန္တလေးမြို့ရှိ ရှေးဟောင်းသုတေသနဌာနခွဲသို့ ဆက်သွယ်စုံစမ်းခဲ့ရာတွင် သုတေသန ဌာနခွဲ၏ ၁၉၆၀ ခုနှစ်၊ စက်တင်ဘာလထဲတွင် ပြန်ကြားခဲ့သောစာအရ သာသနာနှစ်-၂၃၅ (၂၄၇-ဘီစီ)၌ ရဟန်းအတုအယောင်များ အန္တရာယ်အညစ်အကြေးမှ သန့်စင်စိမ့်သောငှာ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် အမှူးပြုသော ရဟန္တာတစ်ထောင်တို့သည် အာသောကာရုံ ကျောင်းကြီး၌ ကိုးလတိုင်တိုင် စုပေါင်းရွတ်ဆို၍ တတိယအကြိမ် သင်္ဂါယနာတင်တော်မူခဲ့ ကြလေသည်။  ကိုးတိုင်း၊ ကိုးဌာနသို့လည်း  ဓမ္မဒူတသာသနာ့စေတမန်များ စေလွှတ်တော်မူခဲ့ လေသည်။ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်၏ တပည့်ရင်း သျှင်ယသ၊ သျှင်သောဏနှင့် သျှင်သုစိ အမှူးပြုသော ရဟန္တာရှစ်ပါးတို့သည် ရာမညတိုင်း၊ သုဝဏ္ဏဘူမိ သထုံပြည်သို့ ဆံတော်ဓာတ်တော်များနှင့် ကြွရောက်တော်မူလာကြပြီး သထုံပြည့်ရှင်ဘုရင် သီဟဒီပမင်းနှင့် တိုင်ပင်၍ စေတီတော်များစွာကို ဤဒေသတွင် တည်ထားခဲ့လေသည်။

ထိုသို့ တည်ထားခဲ့ရာတွင် ကျိုက္ကဆံဘုရား၊ ဘုရားဖြူ၊ ဆူးလေစေတီတော် ၊ ဗိုလ်တထောင် စေတီတော်၊ ကျိုက္ကလော့နှင့် ကျိုက္ကလဲ့ အစရှိသော စေတီများနည်းတူ မိုးကောင်းစေတီတော်မြတ်ကြီးလည်း အပါအဝင် ဖြစ်နိုင်ပါကြောင်း၊ မန္တလေးမြို့ ရှေးဟောင်းသုတေသနဌာနခွဲမှ စာပြန်ကြားခဲ့ပါသည်။ ရာဇဓိရာဇ်မင်းကြီး၏  သမီးတော် ရှင်စောပုဘုရင်မကြီး လက်ထက်တော်တွင်   စီတြိဘုဝနာဒိတျပဝရဓမ္မဇေတြလောကျနာထဓမ္မရာဇာဓိရာဇဒေဝီ ဘွဲ့ကိုခံယူပြီး ရွှေတိဂုံစေတီတော်ကြီးကို သပ္ပာယ်သည်ထက် သပ္ပာယ်ရန်၊ ကုန်းတော်ခိုင်ခန့်ကျယ်ဝန်းရန် ကုသိုလ်တော်များ အဓွန့်ရှည်ခိုင်ခန့်တည်မြဲရန် ထက်သန်လှသော သဒ္ဓါဝီရိယဖြင့် ကြိုးပမ်းဆောင်ရွက်တော်မူခဲ့လေသည်။ ပဲခူးဟံသာဝတီမှ ရွှေတိဂုံစေတီတော်ကြီးသို့ အဖူးအမြော်ရောက်သည့်အခါတိုင်းလည်း လမ်းခရီးတွင်ရှိ‌နေသည့် မိုးကောင်းစေတီတော်ကို စစ်သည်ဗိုလ်ပါရံရွှေတော်များခြံရံလျှက် ဖူး‌မြော်လေ့ရှိလေသည်။ ဖူးမြော်သည့်အခါတိုင်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းတတ်သည်ကို အစွဲပြု၍ အရပ်သူ အရပ်သားများက မိုးကောင်းမိဖုရားကြီးဟု ခေါ်ဝေါ်သမုတ်ခဲ့ကြလေသည်။

ဘုရင်မကြီးသည် သားကဲ့သို့ သတ်မှတ်ထားသော ရှင်ဓမ္မဓရကို လူဝတ်လဲစေပြီး သမီးတော် နဲတကာသင်နှင့် လက်ဆက်စေကာ ဓမ္မစေတီမင်းအဖြစ် ဟံသာဝတီထီးနန်းကို အပ်နှင်းခဲ့လေသည်။ ဓမ္မစေတီမင်းကြီးသည် ဝါရီရူမင်းဆက်၏ (၁၆)ဆက်မြောက် မင်းဖြစ်လာခဲ့ပြီး ဟံသာဝတီသမိုင်းတွင် ဘုန်းတန်ခိုးအကြီးဆုံးမင်းကောင်းမင်းမြတ် တစ်ပါးဖြစ်ခဲ့လေသည်။ မင်းကြီးသည် သာသနာပြုလုပ်ငန်းများကို နိုင်ငံရပ်ခြားမင်းများကပင် လေးစားကြည်ညို လာသည်အထိ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့လေသည်။  သာသနာတော်ကြီးကိုလည်း စင်ကြယ်သည်ထက်စင်ကြယ်စေရန် ရည်သန်၍ ဟံသာဝတီသားမထေရ်ကြီး (၂၂)ပါးကို ရွေးချယ်ကာ သီဟိုဠ်ကျွန်းကလျာဏီမြစ်အတွင်းရှိ ရေသိမ်တွင် မဟာဝိဟာရဝါသီဂိုဏ်းသား ရဟန်းတော်များထံ၌ ရဟန်းအဖြစ်ထပ်မံခံယူစေခဲ့သည်။

မထေရ်ကြီးများသည် ဓါတ်တော်မွေတော်များကို ပင့်ဆောင်၍ ဟံသာ၀တီသို့ပြန်ကြွခဲ့ရာ ဓမ္မစေတီမင်းကြီးမှ မိုးကောင်းစေတီတော်တွင်လည်း ဓါတ်တော်များကိုဌာပနာ၍ ပူဇော်ကိုးကွယ်ခဲ့လေသည်။ စေတီတော်ကြီး၏ မွမ်းမံဒါယကာဖြစ်သော ဓမ္မစေတီမင်းကြီး၏ ဂုဏ်ကျေးဇူးကို မှတ်တမ်းပြုပူဇော်ကာ မင်းကြီး၏ ရုပ်ထုတော်ကို ထုလုပ်၍ စေတီတော်ကြီး၏ ရင်ပြင်တော် အရှေ့တောင်ထောင့်တွင် ဓမ္မစေတီဗိမာန်တော်အဖြစ် တည်ထားဂုဏ်ပြုခဲ့လေသည်။ စေတီတော်ကြီး၏ အနောက်ဘက်မုခ်ဦးကြီးအပေါ်တွင်လည်း ဓမ္မစေတီမင်းကြီး၏ ရုပ်ထုတော်ကိုထုလုပ်၍ စေတီတော်ကြီး၏ မွမ်းမံဒါယကာမင်းကြီးကို ထပ်ဆင့်ဂုဏ်ပြု မှတ်တမ်းတင် ထားရှိခဲ့လေသည်။

ဓမ္မစေတီမင်းကြီး၏ နှောင်းပိုင်းကာလများတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးများဒဏ်ကြောင့် စေတီတော်မှာ ပြိုကျပျက်စီးခဲ့ရပြီး နှစ်ပေါင်းရာချီကာ တောခြုံများဖုံးအုပ်ပြီး ကွယ်ပျောက်ခဲ့ရလေသည်။ ကိုလိုနီခေတ်တွင် ကံဘဲ့ရွာသူရွာသားများသည် ကံအားလျော်စွာ ဘုရားပျက်ကို တောင်ပို့ပုံကြားမှ ဘုရားငုတ်တို သဏ္ဍာန်တွေ့ရှိခဲ့ကြပါသည်။ ထိုစဥ်က မိုဃ်းကောင်းကျောင်း ဆရာတော် ဦးစိမ့်ထံ သွားရောက်လျှောက်ထားခဲ့ကြသည်။  ဆရာတော်မှလည်း ရပ်သူရွာသားများ၏ အကူအညီဖြင့် တောခြုံများကိုရှင်းလင်းကာ ဘုရားပျက်ကို မွမ်းမံတည်ထားရန် ပြင်ဆင်ခဲ့လေသည်။ တစ်နေ့တွင် ရန်ကုန်မြို့ စစ်ကဲမောင်ခိုင်လမ်းနေ ဒေါ်လှိုင်သည် ကျိုက္ကဆံစေတီတော်သို့ လှည်းဖြင့်ဘုရားဖူးသွားရာမှ မိုးကောင်းစေတီ ဘုရားပျက်အနီးတွင် စိန်နားကပ်တစ်ဖက်ကျပျောက်ခဲ့လေသည်။  အဓိဌာန်၍ ပြန်လည် ရှာဖွေရာ  တွေ့ရှိခဲ့သောကြောင့် ဗဟန်းသံယုတ်ဆရာတော်ကြီးထံဝင်၍ စေတီပျက်ကို ပြန်လည်တည်ထားလိုကြောင်းလျှောက်ထားခဲ့သည်။ ဆရာတော်မှ ဘုရားတည်ရန်ကိစ္စအား ဦးဥတ္တမကိုယ်တော်ကို တာဝန်လွှဲအပ်ပေးပြီး စေတီတော်ကြီးကို (၁၉၀၄)ခုနှစ်တွင် စတင်တည်ထားခဲ့ပါသည်။ 

ဘုရားပွဲကျင်းပ၍ စေတီတော်ကြီးကို ရေသွန်းလောင်းသည့်အခါတိုင်း မိုးများသည်းထန်စွာရွာသွန်းလေ့ရှိသောကြောင့် မိုးကောင်းဘုရားတန်ခိုးကြီး၊ မိုးသီးမိုးပေါက်ရွာလို့လားဟေ့”ဟု ရပ်သူရွာသားများ ပျော်ရွှင်မြူးတူးစွာ သံချပ်ထိုးကခုန်ကြကြောင်းကိုလည်း  လေ့လာမှတ်သားခဲ့ရပါသည်။ ရှေးအခါက မိုးခေါင်သည့်အခါများတွင် စေတီတော်ကြီး၏ စနေထောင့်မှဖြစ်စေ၊ ရာဟုထောင့်မှဖြစ်စေ၊ ထီးဖြူတစ်လက်ကို  ရေသွန်းလောင်းလိုက်လျင် ဘုရားဝင်းထဲမှ လူပင်ပြေးမလွတ်အောင် မိုးချက်ခြင်းရွာသွန်းလေ့ ရှိကြောင်းနှင့် ထိုအချိန်တွင် စေတီတော်ကြီးမှ ရောင်ခြည်တော်များ ကွန့်မြူးလေ့ရှိကြောင်းကိုလည်း သိရှိခဲ့ရပါသည်။ စေတီတော်ကြီးရင်ပြင် သောကြောထောင့်အနီးရှိ အရံစေတီတော်လှိုဏ်ဂူအတွင်း စံမြန်းနေတော်မူသည့် ဆင်းတုတော်ကြီး၏ ကမ္ပည်းတွင် သက္ကရာဇ်  ၁၂၆၇ ခု၊ ကဆုန်လဆန်း ၃ ရက်နေ့တွင်  ဟံသာ၀တီစီရင်စု၊ ကုန်းတန်းတိုက်အပိုင်၊ ကံဘဲ့ရွာနေ မခင် ကောင်းမှုဟု တွေ့ရှိရသောကြောင့် စေတီတော်ကြီး ပြန်လည်တည်ပြီးစတွင် လှူဒါန်းထားသော ဆင်းတုတော် တစ်ဆူဖြစ်ကြောင်း တွေ့ရှိရပါသည်။

စေတီတော်ကြီး၏ ဘုန်းတန်ခိုးတော်ကြောင့် ရောင်ခြည်တော်များ အကြိမ်ကြိမ်ကွန့်မြူးခဲ့ရာ ၂၀၀၆ ခုနှစ်တွင် သုံးကြိမ်တိုင်တိုင်ရောင်ခြည်တော် ကွန့်မြူးခဲ့သည်ကို ရဟန်းရှင်လူအပေါင်း မျက်ဝါးထင်ထင် ဖူးမြင်ခဲ့ကြရသည်ကို  ထိုစဉ်က ဂေါပကအဖွဲ့မှ မှတ်တမ်းတင်ထားရှိခဲ့သည်ကိုလည်း တွေ့ရှိမှတ်သားခဲ့ရလေသည်။ စေတီတော်ကြီးသမိုင်းကို ဖော်ပြရာတွင် မိုးကောင်းဘိုးဘိုးကြီး၏ ထူးခြားဆန်းကြယ်မှု များကိုလည်း ဖော်ပြချင်မိပါသည်။ အလှူ့ရှင်ပွဲစားကြီး ဦးသောင်းစိန်၊ ဇနီး ဒေါ်မြမြတို့၏ ကုသိုလ်တော်ဖြစ်သည့် မိုးကောင်းဘိုးဘိုးကြီး  နန်းဆောင်မှာ စေတီတော်ကြီး၏ အနောက်ဘက်စောင်းတန်း အနီးတွင်တည်ရှိပြီး မန္တလေးမြို့ကျောက်ဆစ်ဆရာကြီး ဆရာမြိုင်၏ လက်ရာမွန် ဖြစ်လေသည်။ ရုပ်ထုတော်ကိုထုဆစ်ရန် စကျင်တောင်မှ မန္တလေးသို့ ကျောက်တုံးကြီးကို သယ်ဆောင်မည်ပြုရာတွင် ရာသီဥတုမှာ လေရောမိုးပါ ပြင်းထန်စွာတိုက်ခတ်ရွာသွန်းနေရာမှ ရုတ်တရက် ကြည်လင်သာယာလာခဲ့ပါသည်။  ကျောက်တုံးကြီးကိုလည်း မန္တလေးသို့ နေ့ချင်းအရောက် သယ်ယူနိုင်ခဲ့ပါသည်။

၎င်းကျောက်တုံးကြီး ရောက်ရှိသည့်နေ့မှစ၍ ဆရာမြိုင်တို့၏ စီးပွားရေးမှာ ထူးခြားစွာ အောင်မြင်တိုးတက်ခဲ့လေသည်။ စေတီတော်ဝင်းအတွင်းရှိ ဘိုးဘိုးကြီးနန်းဆောင်သို့ ရောက်ရှိသည့်အချိန်မှစ၍ ပူဇော် ပသသူများ၊ အဓိဋ္ဌာန်သူများနှင့် စည်ကားလျက်ရှိသည်မှာ ယနေ့တိုင် ဖြစ်လေသည်။ လူမျိုးဘာသာမရွေး ပူဇော်ပသရာတွင် လက်ငင်းအကျိုးခံစား ကြရသည်ကိုလည်း ကြားသိနေရပေသည်။

တည်နေရာပြ အညွှန်း

မိုးကောင်းဆုတောင်းပြည့် စေတီတော်မြတ်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် မိုးကောင်းလမ်း၊ အနောက်ဘက်တွင် မိုးကောင်းဘုရားလမ်း၊ တောင်ဘက်တွင် မဟာဗောဓိလမ်း နှင့် မြောက်ဘက်တွင် သစ္စာလမ်းမကြီးတို့ရှိပါသည်။