မြန်မာမှုအနုလက်ရာများ

ပန်းဆယ်မျိုး

ပန်းပဲပညာ
စေတီတော်ကြီး၏ ထီးတော်၊ သံပန်းများမှာ မြန်မာမှုပန်းပဲပညာဖြင့် ပူဇော်ဆောင်ရွက် ထားပါသည်။ မြန်မာ့သမိုင်းတွင် တကောင်းခေတ်မှစ၍ ပန်းပဲပညာထွန်းကားခဲ့ကြောင်း မှတ်သားသိရှိရပါသည်။
ပန်းထိမ်ပညာ
စေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်များကို မြန်မာမှုပန်းထိမ်ပညာရပ်ဖြင့် ပူဇော်ထားပါသည်။
ပန်းပုပညာ
စေတီတော်ကြီး အရှေ့ဘက်အာရုံခံတန်ဆောင်းကြီးတွင် မြန်မာမှုပန်းပုလက်ရာဖြစ်သည့် ခြူးပန်း၊ ခြူးနွယ်၊ ကနုတ်လက်ရာများနှင့် ထုဆစ်ပုံဖော်ထားသည်ကို တွေ့မြင်ရပါသည်။ ကနုတ်ပန်းများပေါ်တွင် ဇာတ်တော်လာ ပန်းပုရုပ်ထုများ တပ်ဆင်ထားသည်ကိုလည်း ရင်သပ်ရှုမောဖွယ် တွေ့မြင်နိုင်ပါသည်။
ပန်းချီပညာ
စေတီတော်တောင်ဘက် အာရုံခံမုခ်ဦးတန်ဆောင်းကြီးတွင် ဗုဒ္ဓဘုရားရှင်၏ အောင်ခြင်းရှစ်ပါးသရုပ်ဖော် ပန်းချီကား(၈)ချပ်ကို ချိတ်ဆွဲထားပါသည်။ ဗုဒ္ဓဝင်ပြခန်းတွင်လည်း ၂၄ ပစ္စည်း သရုပ်ဖော် ပန်းချီကားများကို ချိတ်ဆွဲပြသထားပါသည်။
ပန်းယွန်းပညာ
မြန်မာ့လက်မှုပညာရပ်တစ်ခုဖြစ်သော ပန်းယွန်းပညာသည် အင်းဝခေတ်အလွန် ကုန်းဘောင်ခေတ်အတွင်း၌ ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် ပညာရပ်တစ်ခု ဖြစ်လေသည်။ စေတီတော်ကြီး၏ အနောက်ဘက်မုခ်ဦး အာရုံခံတန်ဆောင်းအတွင်းရှိ ယွန်းပန်းအိုးကြီးမှာ မြန်မာမှုယွန်းပညာလက်ရာတစ်ရပ်ဖြစ်ပေသည်။
ပန်းတော့ပညာ
စေတီတော်ကြီး မုခ်ဦးဝများတွင် အင်္ဂတေပန်းခက်၊ ပန်းလက်၊ ပန်းဆွဲများနှင့် ရုပ်ကြွရုပ်လုံးများသည် မြန်မာမှုပန်းတော့ပညာရပ်ဖြင့် အလှဆင်ပူဇော်ထားခြင်းဖြစ်သည်။
ပန်းတမော့ပညာ
ပန်းတမော့ကျောက်ဆစ်ပညာဖြင့် ထုဆစ်ထားသည့် စကျင်ကျောက်သား ရုပ်ပွားဆင်းတုတော်များမှာ အာရုံခံတန်ဆောင်းတိုင်းတွင် သီတင်းသုံးလျက်ရှိသည်ကို ကြည်ညိုဖွယ် တွေ့မြင်နိုင်ပါသည်။ ပန်းတမော့ပညာရပ်သည် ပျူခေတ်ကပင်ထွန်းကားခဲ့ကြောင်း အထောက်အထားများအရ သိရှိရပါသည်။ စေတီတော်ကြီး ရင်ပြင်တော်ပေါ်ရှိ စကျင်ကျောက်ဖြင့် ထုဆစ်ထားသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ၊ ရုပ်ထုတော်များ၊ ကျောက်စာတိုင်များသည် မြန်မာမှုပန်းတမော့ လက်ရာမွန်များဖြင့်ပေသည်။
ပန်းရံပညာ
စေတီတော်ကြီး ငှက်ပျောဖူးမှသည် ပလ္လင်ခုံအထိ မြန်မာမှုလက်ရာဖြစ်သည့် ပန်းရံပညာဖြင့် ပြုလုပ်ရလေသည်။ ပျူခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သော ပညာရပ်လည်းဖြစ်လေသည်။