ဩဝါဒပါတိမောက် ဓမ္မစေတီတော်ကျောက်စာ

အသေးစိတ် အချက်အလက်များ

ဩဝါဒပါတိမောက် ဓမ္မစေတီတော်ကျောက်စာသည် အရှေ့ဘက်မုခ်ဦး အာရုံခံ တန်ဆောင်းအနီးတွင် တည်ရှိပါသည်။ လွန်စွာချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။ နိဗ္ဗာန်ကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။ သူတစ်ပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။ သူတစ်ပါးကို ညှင်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။ မကောင်းမှုဟူသမျှကိုမပြုလုပ်ရာ။ ကောင်းမှုဟူသမျှကိုပြည့်စုံစေရာ၏။ မိမိစိတ်ကို သန့်ရှင်းဖြူစင်စေရာ၏။ သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။ သူတပါးကို မညှင်းဆဲ မနှိပ်စက်ရာ။ မြတ်သောသီလ၌ စောင့်စည်းလုံခြုံရာ၏။ စားသုံးဖွယ်၌ ပမာဏကို သိရာ၏။ အစွန်အဖျားကျောင်းအိပ်ယာ၌နေရာ၏။ ထူးမြတ်သောစိတ်၌ လွန်စွာအားထုတ်ရာ၏။

ဩဝါဒပါတိမောက်အနှစ်ချုပ်

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်

စင်အောင်စိတ်ကိုထား၊

ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား။

ခန္တီမူလ၊ မာန်ကိုချ၊ ဒေါသကိုပယ်၊ မေတ္တာလွယ်။

စသော ဗုဒ္ဓဘုရားရှင်တို့ ၏ ဩဝါဒ အဆုံးအမများကို ဖော်ပြထားသော ကျောက်စာတော်

ဖြစ်ပါသည်။ ဒေါ်သိန်းခင်နှင့် ညီအစ်မများကို ရည်စူး၍ (သား) ဦးဆန်နီ (မင်္ဂလာဗျူဟာ အသင်းချုပ်) ၏ ကောင်းမှုဖြစ်ပါသည်။