တန်ဆောင်မုန်းလ

အသေးစိတ် အချက်အလက်များ

တန်ဆောင်တိုင်ပွဲတော်ညများတွင်လည်း သီတင်းကျွတ်ပွဲတော်နည်းတူ ဝတ်အသင်းများမှ စေတီတော်ရင်ပြင်ရှိ မုခ်ဦးတန်ဆောင်းများတွင် ဝတ်ရွတ်ပူဇော်ကြပါသည်။  ဆီမီးပူဇော်သော အသင်းအဖွဲ့များဖြင့် ရင်ပြင်တော် တပြင်လုံး တရားဓမ္မသံများ၊ ဆီမီးရောင်ရှိန် တို့ဖြင့် စိတ်ရွှင်လန်းဖွယ်၊ သပ္ပါယ်ကြည်ညိုစွာ စေတီတော်ကြီးကို ဖူးမျှော်နိုင်ပေသည်။ တန်ဆောင်မုန်းလပြည့်နေ့ နံနက်တွင် စေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ အာရုံခံတန်ဆောင်းများအတွင်းရှိ ဗုဒ္ဓဆင်းတုတော်များကို မသိုးသင်္ကန်း ဆက်ကပ်လေ့ရှိပါသည်။  အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စေတီတော်ကြီး‌၏ ဝေယျာဝစ္စအသင်းအဖွဲ့များ၊  စေတီတော်ကြီး ဝန်ထမ်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။