ပြတိုက်ပြခန်း (၂)

မဟာဗုဒ္ဓဝင်ပန်းချီကားများ

ဆုတောင်းပြည့်စေတီတော်ကြီး တောင်ဘက်မုခ်ဦး ဘေး၊ ရင်ပြင်တော် အပြင်ဘက်တွင် မဟာဗုဒ္ဓဝင်ပြခန်းကို ပြသထားပါသည်။ ပြခန်းကို ၂၀၀၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပြခန်းကြီးအလယ်တွင် မြတ်စွာဘုရားရှင် မိဂဒါဝုန်တော၌ ပဥ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားဟောကြားတော်မူနေပုံကို နောက်ခံပန်းချီကားပုံဖြင့် ကျနစွာပြသထားပါသည်။ ဘုရားဖူးလာသူအပေါင်း ကြည်ညိုသဒ္ဓါပွားများကြစေရန် ခန်းမကြီးပတ်လည်တွင် မဟာဗုဒ္ဓဝင် ရုပ်လုံးပြကွက်များဖြစ်သည့် ဗျာဒိတ်ပေးခန်း၊ ဖွားတော်မူခန်း၊ လေးတော်တင်ခန်း၊ နိမိတ်ကြီးလေးပါးမြင်ခန်း၊ ကြာခြည်လှပ်ခန်း၊ တောထွက်ခန်း၊ ဆံတော်ပယ်ခန်း၊ ဒုက္ကရစရိယကျင့်ခန်း၊ ဃနာနို့ဆွမ်းကပ်လှူခန်း၊ ရွှေခွက်မျှောခန်း၊ မြက်ရှစ်ဆုပ်ကြဲခန်း၊ နတ်မင်းကြီးငါးပါးပူဇော်ခန်း၊ ပလ္လင်လုခန်း၊ အောင်တော်မူခန်း၊ ပရိနိဗ္ဗာန်စံတော်မူခန်း၊ ဓါတ်တော်ပေးဝေခန်းများကို ဝေဝေဆာဆာ စုံလင်စွာပြသထားသည်။ ယခုအခါ ဗုဒ္ဓဝင်ပြခန်းကြီးမှာ ယိုယွင်းမှုများရှိလာသဖြင့် ပြန်လည်မွမ်းမံပြင်ဆင်ရန်အတွက် ညှိနှိုင်းတိုင်ပင်လျှက်ရှိလေသည်။