ဆုတောင်းပြည့်မယ်လမုစေတီ သာသနာ့ဗိမာန်တော်

အသေးစိတ် အချက်အလက်များ

ဆုတောင်းပြည့်မယ်လမုစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ ဥက္ကဋ္ဌ ဦးအုန်းမြင့် ဦးဆောင်သော ဂေါပကအဖွဲ့မှ ၂၀၁၈ ခုနှစ် ဩဂုတ်လ (၂၂) ရက်နေ့တွင် မြေသန့်မင်္ဂလာအခမ်းအနားကို ကျင်းပ၍ ၂၀၁၈ ခုနှစ် ဩဂုတ်လ (၂၃) ရက်နေ့တွင် ပန္နက်တော်တင် မင်္ဂလာပွဲကို အောင်မြင်စွာ ကျင်းပပြီး တည်ဆောက်ခဲ့ပါသည်။

သာသနာတော်နှစ် ၂၅၆၃ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် နတ်တော်လပြည်ကျော် (၄) ရက်၊ ခရစ်နှစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက် တနင်္ဂနွေနေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆုတောင်းပြည့် မယ်လမုစေတီ သာသနာ့ဗိမာန်တော်ကြီးဖွင့်ပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားတွင် အောင်မြေဝတီ ကျောင်း ဆရာတော် ဘဒ္ဒန္တဥတ္တမ၊ သာသနဓဇဓမ္မာစရိယ၊ B.A (Philosophy) အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ရေးသားစပ်ဆိုအပ်သော မယ်လမုစေတီ သာသနာ့ဗိမာန်တော် မော်ကွန်းတင် အချညီ ပဒညီ စကြာလည် အောက်ပါ ပိုဒ်စုံရတု –

“ဒေဝ ဒေဝါ ဆင်းသက်ရာသား တေဇာထင်လင်း သိကြားမင်း၏ ဖန်ဆင်းပေးဝေ မြတ်သန္ဓေဖြင့် ကဝေမျက်ရှု မယ်လမုမှ မီးရှူးသန့်စင် ဖွားမြောက်မြင်သည့် သခင်ရာဇာ နန်းစိုက်ရာကြောင့် ဥက္ကလာပ အမည်ရသည့် ဌာနအောင်မြေ ကနက်ဗွေ၌ သုံးထွေလူနတ် ဖူးမြင်အပ်သည့် ခြောက်ရပ်ရောင်ခြည် ကွန့်မြူး-လည်၍ ပြည့်ရည် တောင်းဆု မယ်လမု ခေါ်ပြုထင်ပေါ် စေတီတော်ကို ဖူးမျှော်မဝ ပူဇော်ကြသည်။            ။   တေဇ, တေဇာ လင်းပေသော် – – – – –

တေဇ, တေဇာ ထွန်းလင်းဖြာသား ပြည့်ရာတောင်းဆု မယ်လမုဟု မည်ပြုထင်ပေါ် စေတီတော်၏ ဟောဖော်ညွှန်ပြ ဆိုဆုံးမသည့် ဩဝါဒခေါ် ဆရာတော်တို့ မိန့်ဖော်မြွက်ကြား မြတ်စကားကို မှတ်သားနာယူ ပန်ဆင်မူလျှက် တစ်လူထွန်းပ နာယကနှင့် ဂေါပကဆို မြတ်ပုဂ္ဂိုလ်တို့ ကုသိုလ်ကိစ္စ ဆောင်ရွက်ကြ၍ သာသနာ့ဟန် မြတ်ဗိမာန်ကို ထက်သန်ညွတ်ပြောင်း ရှေ့ဆောင်ကောင်းဖြင့် စုပေါင်းလှူကြ မြတ်ဒါနသည်။           ။  ခေမ, ခေမာ ချင်းစေသော် – – – – –

ခေမ,ခေမာ ချင်းရောက်ရာသား ဥက္ကလာပ ရပ်ဒေသ၌ အလှဝေစီ ဆက်တိုင်းမီ၍ မှိုင်းရီအုံ့ဆိုင်း ရှုလေတိုင်းလျှင် ညို့မှိုင်းဖြာဝေ ချိန်ခါနွေလည်း ရစ်ခွေအေးမြ တရရနှင့် စီးကျသွင်သွင် ပဏ္ဏာတင်သို့ ရေလျဉ် ညွတ်ပြောင်း ငမိုးရိပ်ချောင်းဟု ဟိတ်ကောင်းနဒီ ကမ်းမဟီ၌ ပရိဝုဏ်တွင်း စေတီရင်းဝယ် ပျံ့သင်းရောင်ရှိန် ဘုံဝတိံမှ ဂုဏ်သိရ်လျှမ်းဟပ် နန်းသုဒသ်သို့ ရှုအပ်လေစွ ပဏာရသည်။          ။  ဒေဝ, ဒေဝါ ဆင်းလေသော် – – – – –

“ကဗ္ပည်းမော်ကွန်း ကျောက်စာ” တင်ထားခဲ့ပါသည်။
ဆုတောင်းပြည့်မယ်လမုစေတီ သာသနာ့ဗိမာန်တော်ကြီးတွင် မြို့နယ်သံဃာ့ဝန်ဆောင်(ဂိုဏ်းပေါင်းစုံ)၊ သံဃာတော် အစည်းအဝေးများ ကျင်းပခြင်း၊ နိုင်ငံတော်အစိုးရမှ ကျင်းပသော အစိုးရ ဓမ္မာစရိယစာမေးပွဲများ ၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲများနှင့် အစိုးရ နိကာယ် (၅) ရပ် စာမေးပွဲများ ကျင်းပခြင်း တို့ကို ဆောင်ရွက်ကြပါသည်။ အဘိဓမ္မာရိုးရိုး၊ အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကိုလည်း ကျင်းပပါသည်။ ထို့ပြင် မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများအဖြစ် (Covid 19) ကာကွယ်ရေး လုပ်ငန်းတို့ကိုလည်း ဆောင်ရွက်လုပ်ကိုင်ကြပါသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်လုံးဆိုင်ရာ သက်ကြီးပူဇော်ပွဲများနှင့် ဝါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲများကို ကျင်းပကြပါသည်။