ကိသာဂေါတမီအကျွတ်တရားရခန်း

အသေးစိတ် အချက်အလက်များ

သာဝတ္ထိမြို့၌ ကုဋေ (၄၀) ကြွယ်ဝသော သူဌေး၏ဇနီး ကိသာဂေါတမီအမျိုးသမီးသည် သားဦးရတနာဖွားမြင်ပြီး ထိုကလေးမှာ မတ်တတ်သွားနိုင်သော အရွယ်တွင် သေဆုံးသွားသည်။ ကိသာဂေါတမီသည် လူသေကို မတွေ့ဖူးသောကြောင့် သားသေကို မကျန်းမမာ ဖြစ်နေသည်ဟုထင်ကာ မီးသဂြိုဟ်ခွင့်မပေးဘဲ သားသေကို ပိုက်ထွေးပြီး ဆေးကုသနိုင်မည့်သူကို လိုက်ရှာနေစဉ် ပညာရှိသောလူတစ်ယောက်က မသေဆေးကို ဗုဒ္ဓက ပေးနိုင်သည်ဟု လမ်းညွှန်လိုက်သဖြင့် ဗုဒ္ဓထံသို့ ရောက်ရှိခဲ့သည်။
ဗုဒ္ဓကို သားအား ဆေးကုပေးပါဟု တောင်းပန်လေရာ ဗုဒ္ဓက ဆေးကုပေးမည်။ လူမသေဖူးသောအိမ်မှ မုန်ညင်းစေ့ကို ရှာချေဟုခိုင်းသဖြင့် သားသေကိုပိုက်ကာ တစ်အိမ်တက်ဆင်း လိုက်ရှာခဲ့သည်။ ထိုသို့ရှာရာတွင် လူမသေဖူးသော အိမ်ကို မတွေ့သောကြောင့် သေခြင်းတရားဆိုသည်မှာ ဘယ်အိမ်မှမကင်းပါလားဟု သူ့ဘာသာသူနားလည်သဘောပေါက်ပြီး သားသေကို စွန့်လွှတ်ထားခဲ့သည်။ ထို့နောက် ဘုရားရှင်ထံသို့ပြန်လာကာ တရားနာသည်။ ဘုရားရှင်၏ တရားအဆုံးအမ၌ သောတာပန်တည်၍ ဘိက္ခုနီမပြုသည်။ မကြာခင် ရဟန္တာမဖြစ်လေသည်။