
ဆုတောင်းပြည့် မယ်လမုစေတီတော်၏ ဩဝါဒါစရိယ ဖြစ်တော်မူသော
ဘဒ္ဒန္တနန္ဒဓဇ အောင်ဝတီစာသင်တိုက်၏ ဩဝါဒကထာ

ဘုရားသမိုင်းတော်ကို ဖတ်ရှုရသဖြင့် ဤဘုရားဝင်းအတွင်းရှိ စေတီတော်၊ ဆင်းတုတော်နှင့် ရုပ်ပုံတို့သည် နောက်ခံ သမိုင်းကြောင်းအရ တည်ရှိနေခြင်းသာဖြစ်သည်ဟု သိရှိရပေမည်။
ဘုရားဖူရာ၌ ဘုရား၏ သမိုင်းကြောင်းကို သိရှိပြီး ဖူးမျှော်ရခြင်းသည်သာ ဖူးမျှော်ရသူတိုင်းရဲ့ နှလုံးသားမှာ ကြည်ညိုသဒ္ဓါများစွာ ပွားများကုန်ရာ၏။ ထိုမှတဖြာ မြတ်စွာဘုရား၏ ဂုဏ်တော်တွေကိုလည်း အာရုံပြုကာ ကြည်ညိုသဒ္ဓါ ပွားများကြကုန်ရာ၏။
မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူသော်လည်း မြတ်စွာဘုရား၏ ပုံတော်စေတီတော်တို့ကို မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်တုန်းကကဲ့သို့ ကြည်ညိုသဒ္ဓါအားကောင်းစွာဖြင့် ဖူးမျှော်ခြင်းသည်၊ သက်တော်ထင်ရှား မြတ်စွာဘုရားကို မျက်မှောက်ဖူးမျှော်ရသကဲ့သို့ အကျိုးကျေးဇူးများ ရနိုင်၏ – ဟူသည်နှင့် အညီ ယခုအခါ၌ ဘုရားသမိုင်းရေးသူများ၏ ကျေးဇူးကြောင့် ဘုရားသမိုင်းကို ဖတ်ရှုရသူတိုင်းသည် ဤဆုတောင်းပြည့် မယ်လမုစေတီတော် အပေါ်၌ ကြည်ညိုသဒ္ဓါများ ဆထက်ပွားကာ ဖူးမျှော်နိုင်ခြင်း မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အာရုံပြုကာ သက်တော်ထင်ရှား မြတ်စွာဘုရားအား ဖူးမျှော်ရသကဲ့သို ကြည်ညိုသဒ္ဓါများစွာဖြင့် ဖူးမျှော်နိုင်ခြင်း စသည်များကြောင့် ဖူးမျှော်ကြသူများအား မြတ်စွာဘုရား သက်ရှိထင်ရှား ရှိစဉ်သကဲ့သို့ အကျိုးကျေးဇူးများ လက်ဝယ်ပိုင်ဆိုင်ရရှိကြမည်မှာ ဧကန်မုချဖြစ်ပေတော့သည်။
သမိုင်းရာဇဝင်သိပါလျှင်
ဖူးမျှော်သူအား သဒ္ဓါပွား၍
ကုသိုလ်ပုညများများရ၏