ဈာနသမာပတ်ရုပ်ပွားတော်

အသေးစိတ် အချက်အလက်များ

ဗုဒ္ဓသည် အာဠဝီပြည် နွားတို့သွားရာ ယင်းတိုက်တော၌ နံနက်စောစော သစ်ရွက်အခင်း၌ သီတင်းသုံးနေသည်။ ဟတ္တက အာဠဝကမင်းသားသည် အညောင်းပြေ လမ်းလျှောက်ရင်း ရောက်လာပြီး ဗုဒ္ဓအား ဆီးနှင်းကျပြီး ချမ်းအေးလှသော ရာသီ၌ ချမ်းသာစွာကျိန်းစက်မှုရှိ မရှိ မေးလျှောက်သည်။
ထိုအခါ ဗုဒ္ဓက တံခါးအလုံပိတ်ထားသော တိုက်ခန်း၌ မွေ့ရာကော်ဇောဖြင့် အိပ်သူသည် ချမ်းသာစွာအိပ်ရ မအိပ်ရ ပြန်မေးသည်။ မင်းသားက ချမ်းသာစွာ အိပ်ရပါသည်ဟု ဖြေသည်။ ထိူသူအား ရာဂ၊ ဒေါသ၊ မောဟ တို့ကြောင့်ဖြစ်သော ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ပူလောင်မှုများရှိနေပါက ဆင်းရဲစွာအိပ်ရသည် ဟုတ်၊ မဟုတ် ဆက်မေးသည်။ မင်းသားက ထိုသူသည် ဆင်းရဲစွာ အိပ်ရပါသည်ဟု ဖြေပါသည်။
ထိုအခါ ဗုဒ္ဓက ရာဂ၊ ဒေါသ၊ မောဟ ကိလေသာကင်းပြီးသော ပုဂ္ဂိုလ်အဖို့ ကာမဂုဏ်လိမ်းကျံမှုမရှိ၍ ပူပူအေးအေး မည်သည့်နေရာ၌မဆို ချမ်းသာစွာ အိပ်ရပါသည်ဟု အဖြေပေးခဲ့သည်။
ဤသည်ကို ရည်စူးပြီး လဟာပြင်ထဲ၌ ဈာနသမာပတ်ရုပ်တုကို တည်ထားထုလုပ်ပူဇော်ထားခြင်း ဖြစ်ပါသည်။