ကိုးမြို့ရှင်နတ်နန်း

အသေးစိတ် အချက်အလက်များ

ကိုးမြို့ရှင်နတ်သည် ပုဂံခေတ်က ပေါ်ထွန်းခဲ့သောနတ်ဖြစ်သည်။ ရှေးအခါ ပန်းတောင်းပြည်ကို အစိုးရသော မင်းလှစည်သူနှင့် မိဖုရားကြီး ကူနိဒေဝီတို့တွင် သားတော်တစ်ပါးနှင့် သမီးတော်တစ်ပါး ရှိခဲ့သည်။ မင်းကြီး၏ သားတော်ကို အိမ်ရှေ့စံအရာပေးပြီး ကိုးမြို့၊ ကိုးတံခါး၊ ကိုးဖလားနှင့် ကိုးစားအပိုင်ပေးသနား၍ ကိုးမြို့ရှင်ဟု အမည် တွင်ခဲ့သည်။ နှမငယ်မှာ ပုလဲယဉ်ဟုအမည်တွင်ခဲ့သည်။
မင်းကြီး မင်းလှစည်သူက သူ အထူးချစ်ခင်ယုံကြည်အားထားရသော အထိန်းတော်ကြီး ဗလကျော်ထင်၏ သား မြင်းစီးသူရဲကောင်း ဗိုလ်မှူးကျော်စွာကိုလည်း သားတော်အဖြစ် သူရဲကောင်းပြုထားသည်။ ဗိုလ်မှူးကျော်စွာ၏ အပါးတော်မြဲ အိမ်တော်ဝန်မှာ ဦးခုန်ဆိုသူဖြစ်သည်။
မင်းလှစည်သူ၏ မဟာမိတ်ဖြစ်သော မိုင်းပြင်စော်ဘွား စောခွန်ကြည်ကို ကျိုင်းတောင်စော်ဘွား စောသီဟက တိုက်ခိုက်လာ၍ စောခွန်ကြည်က မင်းလှစည်သူထံ အကူအညီတောင်းသဖြင့် မင်းလှစည်သူက အိမ်ရှေ့မင်း ကိုးမြို့ရှင်နှင့် ဗိုလ်မှူးကျော်စွာတို့ကို စေလွှတ်ပေးခဲ့သည်။
စစ်ကူမရောက်ခင်ပင် စောခွန်ကြည် ကျဆုံးသွားသဖြင့် မိုင်းပြင်ကို မှူးမတ်တို့အား ယာယီအပ်နှံပြီး စောခွန်ကြည် ၏ သားနှစ်ပါးဖြစ်သော ခွန်ချိုခွန်သာ တို့ကို နေပြည်တော်သို့ ခေါ်ဆောင်ခဲ့သည်။ ခွန်ချို၊ ခွန်သာတို့ကို မွေးစားခွင့် ပေးရာတွင် မင်းကြီးက ဗိုလ်မှူးကျော်စွာ၌ အသောက်အစားရှိနေ၍ ကိုးမြို့ရှင်ကိုသာ မွေးစားခွင့် ပြုခဲ့သည်။
ထိုသည်ကို မကျေနပ်ကြရာမှ နောင် ခွန်ချို ခွန်သာတို့ အရွယ်ရောက်သော် ဗိုလ်မှူးကျော်စွာသည် ခွန်ချို ခွန်သာ တို့ကို သိန္ဓီဘက်သို့ ပရိယာယ်ဖြင့် စေလွှတ်ပြီး ညဉ့်အချိန် မိမိတပ်နှင့် စုပြီး တိုက်ခိုက်ရာ မင်းကြီး နတ်ရွာစံသည်။ ကိုးမြို့ရှင်သည် နှမတော် ပုလဲယဉ်နှင့်အတူ အသက်လုထွက်ပြေးခဲ့ရပြီး ခွန်ချို ခွန်သာရှိရာ သိန္ဓီဘက်သို့ ဆက်လက် ထွက်ခဲ့ကြသည်။
ဗိုလ်မှူးကျော်စွာက ခွန်ချို ခွန်သာတို့ကို အရင်တွေ့ဆုံမိပြီး ပရိယာယ်ဖြင့် ကိုးမြို့ရှင်ကို ရှာဖွေသတ်စေရာမှ ကိုးမြို့ရှင်သည် ခွန်ချို ခွန်သာတို့၏ လက်ချက်ဖြင့် အသတ်ခံရပြီး နတ်ဖြစ်သွားသည်။ လူ့ဘဝက ကိုးမြို့၊ ကိုးတံခါး၊ ကိုးဖလားစားခဲ့ရ၍ ယခုလည်း လူတို့ကို စောင့်ရှောက်သော မြို့ရွာစောင့်နတ် ကိုးမြို့ရှင်အဖြစ် လေးစားယုံကြည် ထားကြသည်။