သစ္စကပရိဗိုဇ်ကိုအောင်မြင်ခြင်း

အသေးစိတ် အချက်အလက်များ

ဝေသာလီပြည်၌ သစ္စကမည်သော ပရိဗိုဇ်သည် အမိဘက်မှ အယူဝါဒ (၅၀၀) အဖဘက်မှ အယူဝါဒ (၅၀၀) အားဖြင့် အယူဝါဒ (၁၀၀၀) တတ်ကျွမ်းပြီး ဝေသာလီ မင်းသားတို့အား အတတ်ပညာသင်ပေးနေသော ဆရာကြီးတစ်ပါးဖြစ်သည်။
သူသည် တိတ္ထိဆရာအမျိုးမျိုးကို နှိမ်ချိုးခဲ့ပေါင်းများလှပြီဖြစ်၍ ဗုဒ္ဓကိုလည်း နှိမ်ချိုးရန် ကြံစည်နေသူ ဖြစ်သည်။
တစ်နေ့တွင် ရှင်အဿဇိမထေရ်နှင့်တွေ့ရာမှ ဗုဒ္ဓ၏ အယူဝါဒကိုသိရှိပြီး ဗုဒ္ဓနှင့် ဝါဒပြိုင်ရန် နောက်ပါတပည့် လိစ္ဆဝီမင်းသားတို့ကို ခေါ်ယူကာ ဗုဒ္ဓထံ လာခဲ့သည်။
ဝါဒပြိုင်ရာ၌ ရုပ်ခန္ဓာသည် အနတ္တ (စီမံနိုင်သောအတ္တမရှိ) ဟူသော ဗုဒ္ဓ၏စကားကို အတ္တဟုစွပ်စွဲသည်။ အတ္တရှိလျှင် ရုပ်ခန္ဓာကို သူ့အလိုကျ စီမံနိုင်ပါသလားဟု ဗုဒ္ဓက မိန့်ကြားမေးသောအခါ သစ္စကပရိဗိုဇ် အဖြေမပေးနိုင်ဘဲ ငေးမှိုင်နေရတော့သည်။ နှစ်ကြိမ်မေးလည်းမဖြေ၊ သုံးကြိမ်မေးခါနီးအချိန်ရောက်၍ သိကြားမင်းက ဘီလူးယောင်ဆောင်ပြီး ဝရဇိန်လက်နက်ဖြင့် ခြိမ်းခြောက်မှ တတိယအကြိမ်မေး၍ ရုပ်ခန္ဓာသည် အစိုးမရ အနတ္တမှန်ပါသည်ဟု အဖြေပေးဝန်ခံသည်။