အင်္ဂုလိမာလကိုအောင်မြင်ခြင်း

အသေးစိတ် အချက်အလက်များ

အင်္ဂုလိမာလသည် သာဝတ္ထိပြည် ကောသလမင်း၏ဆရာ ပုရောဟိတ်ပုဏ္ဏား၏ သားတစ်ဦးဖြစ်သည်။ နာမည်မှာ အဟိံသကဖြစ်သည်။ တက္ကသိုလ်၌ ပညာသင်နေစဉ် ဉာဏ်ထက်မြက်၍ ဝတ်ကျေသူဖြစ်သောကြောင့် ဆရာကြီးနှင့် ဆရာကတော်ကပါ လွန်စွာအရာပေးအချစ်ခံရသူ ကျောင်းသားလုလင်ဖြစ်သည်။
သို့သော် အခြားသော ကျောင်းသားများက ဆရာကြီးအား အဟိံသကနှင့် ဆရာကြီးကတော်တို့ ဖောက်ပြန်ကြောင်း ကုန်းချောကြသည်ကို ယုံမှားသဖြင့် အဟိံသကအား သူများသတ်၍ သေစေလိုသောကြောင့် ပညာဆက်လက်သင်ယူလိုပါက လူသားလက်ညှိုးတစ်ထောင်နှင့် ပူဇော်မှသာ ဆက်လက်သင်ယူခွင့်ရမည်ဟု ပရိယာယ်နှင့် စေခိုင်းသည်။
အဟိံသကသည် ပညာလိုလားသူဖြစ်၍ ဆရာစကားကို နာခံပြီး သာဝတ္တိပြည်တောထဲ၌နေ၍ လာသမျှလူတို့ကို သတ်ကာ လက်ညှိုးဖြတ်ယူပြီး လည်ပင်း၌ ဆွဲထားသဖြင့် သူ့ကို အင်္ဂုလိမာလဟု အမည်တွင်ခဲ့သည်။
လက်ညှိုးတစ်ထောင်ပြည့်ရန် တစ်ချောင်းလိုသောနေ့၌ မင်းကဖမ်းတော့မည်ကိုသိသော မိခင်သည် သားကိုခေါ်ရန် သားထံသွားစဉ် အင်္ဂုလိမာလကလည်း ယနေ့တွေ့သူ မည်သူကိုမဆို သတ်မည်ဟု အဓိဋ္ဌာန်ထား၍ မိခင်ကိုတွေ့သောအခါ မိခင်ကိုလိုက်၍ လက်ညှိုးဖြတ်ရန် ကြိုးစားသည်။ မိခင်နှင့် သားကြား ဘုရားရှင်ကဝင်ရပ်ရာ အင်္ဂုလိမာလက ဘုရားရှင်ကိုလိုက်ရာ ဘုရားရှင်၏တန်ခိုးတော်ကြောင့် မလိုက်နိုင် နောက်ဆုံး ဗုဒ္ဓ၏ အဆုံးအမအောက်ဝယ် တရားရပြီး ရဟန္တာဖြစ်သွားခဲ့သည်။