စိဉ္စမာဏဝိကာကိုအောင်မြင်ခြင်း

အသေးစိတ် အချက်အလက်များ

သာဝတ္ထိပြည်၌ စိဉ္စမာဏဝိကာမည်သော ပရိဗိုဇ်မသည် နတ်သမီးတမျှလှပသူဖြစ်သည်။ ဂေါတမဘုရား ပွင့်သောအခါ ဘုရား၌ ကြည်ညိုသူ လှူဒါန်းသူများလာ၍ တိတ္ထိတို့အဖို့ လာဘ်လာဘနည်းပါးလာသည်။

ထိုအခါ လာဘ်ပေါများသော ဗုဒ္ဓဂေါတမကို လူအများ ကြည်ညိုမဲ့စေရန် စိဉ္စမာဏဝိကာအနေဖြင့် စွပ်စွဲဖျက်ဆီးရန် တာဝန်ပေးကြသည်။ စိဉ္စမာဏဝိကာသည် ကြက်သွေးရောင်ခြုံထည်ကို ခြုံကာ နေဝင်ကာနီးမှ ဇေတဝန်ကျောင်းသွားဟန်ဆောင်ပြီး တိတ္ထိတို့ကျောင်း၌ ညဉ့်အိပ်ပြီးလျှင် နံနက်စောစော မြို့ထဲသို့ဝင်လာကာ ဇေတဝန်ကျောင်းမှ ပြန်လာဟန်ဆောင်သည်။ လမ်းတွင် မေးသူရှိကလည်း ဇေတဝန်ကျောင်းမှ လာသည်ဟု ပြောဆိုသည်။

ဤနည်းအားဖြင့် ညနေတရားနာပြီး ပြန်လာသူတို့နှင့် နံနက်စောစော ဘုရားဖူးသွားသူတို့အား အထင်မှားစေပြီးလျှင် ကိုးလကြာသောအခါ သစ်သားတုကို ဗိုက်မှာ ကပ်၍ အဝတ်ဖြင့်ပတ်ကာ ကိုယ်ဝန်ရှိဟန်ဆောင်လျက် ပရိသတ်အလယ်၌ တရားဟောနေသော ဗုဒ္ဓအား မီးနေဆောင် မပြင်ကောင်းလားဟု ဆဲဆိုစွပ်စွဲလေသည်။ နတ်သားတို့က ကြွက်ဟန်ဆောင်၍ ကိုယ်ဝန်ကိုကိုက်ဖြတ်ချရာမှ အဖြစ်မှန်ပေါ်သွားပြီး ပရိသတ်တို့၏ တိုက်ခိုက်ခြင်းခံရကာ ကျောင်းမှအထွက်တွင် မြေမြိုခံရသည်။